Breaking News

မြန်မာနွေဦးတော်လှန်ရေးကဗျာများ- လင်းနွေးအိမ်၊ ခိုင်မျိုး

KT#
မြန်မာနွေဦးတော်လှန်ရေးကဗျာများ
မိုးမခ
ဇူလိုင်၂၅၊ ၂၀၂၁
-

ကြိုးစင်ပေါ်ကအောက်စီဂျင်
လင်းနွေးအိမ်


ဒီနေ့
အထက်အောက်မြန်မာပြည်
ညံစီနေတာ အောက်စီဂျင်။
အောက်စီဂျင်ပေးကြပါ
အောက်စီဂျင်ပေးကြပါ
အောက်စီဂျင်ပေးကြပါ။
ဒီလူ့အဖွဲ့အစည်းဟာ
အောက်စီဂျင်မဝတာကြာပြီ။
အောက်စီဂျင်ဟာ
ပြန်ပေးဆွဲခံထားတယ်။
အောက်စီဂျင်ဟာ
ဓားစာခံဖြစ်နေတယ်။
အောက်စီဂျင်ဟာ
ကျွန်တွေလိုချုပ်နှောင်ခံထားရတယ်။
အောက်စီဂျင်ဟာ
စစ်ဖိနပ်အောက်ကနေ ငွေ့ငွေ့လေးအသက်ရှူနေရတယ်။
အောက်စီဂျင်ဟာ
စူဇကာပုဏ္ဏားဆီမှာ
နှိပ်စက်ခံနေရတဲ့ ဇာလီနဲ့ဂဏှာစိန်လိုငိုနေရတယ်။
အောက်စီဂျင်ဟာ
အကျဉ်းချခံထားရတဲ့
ဗိမ္မသာရမင်းကြီးဖြစ်နေတယ်။
အောက်စီဂျင်ဟာ
ဒဿဂီရိလက်ထဲကသီတာဒေဝီဖြစ်နေတယ်။
နောက်ဆုံးတော့
အောက်စီဂျင်ဟာ
နေဝင်းရဲ့ ၁၃ ယောက်မြောက်သာဝကအောက်မှာ
ကြိုးစင်တင်ခံရတော့မယ့်
တမာန်တော်သစ်ဖြစ်နေတယ်။


ဇူလိုင် ၁၆ ၂၀၂၁
(အောက်စီဂျင်ငတ်မွတ်ပြီးကွယ်လွန်သူများသို့)

...


ရွာထဲမှာ
ခိုင်မျိုး

သူတစ်ပါးအကြောင်းက
ရေးလို့မကုန်ဘူး
ဘုရားသခင်​တစ်​ပါးဟာ
နေရောင်ခြည်နဲ့ရေတံခွန်ကိုတွန်းရွေ့ပြီး
ပင်လယ်အောက်ကမီးတောင်ကို
မီးရဲရဲနဲ့ဆွဲထုတ်လိုက်တယ်
လူသားကိုမီးသင်းထားတဲ့အနံ့က
ပထွေးနဲ့နေရတဲ့ကောင်မလေးရဲ့သားအိမ်ထဲကနေ
သတင်းစာပေါ်ကိုစီးကျ
ဟစ်တလာနဲ့ပို့ပေါ့ဟာ ဦးစောနဲ့အတူ
လူတို့ရဲ့တံထွေးကမ်းခြေမှာရေကူးရင်း
တရားမျှတမှုအကြောင်းကိုစားမြုံပြန်နေကြ
အလီဘူတိုရဲ့မြေးဟာ
သူ့ကမ္ဘာကိုချဲ့ထွင်ဖို့အကြောင်းကိုစဉ်းစား
ဟော့ကင်းရဲ့ဝှီးချဲပေါ်မန်ဒဲလ်လားဟာထိုင်ရင်း
သူနှစ်ဆယ့်ရှစ်နှစ်အကျဉ်းကျခဲ့ရာ
အာဖရိကမြေကိုငေးကြည့်
မိုးသည်းသည်းရွာနေရာလမ်းပေါ်မှာ
အိုက်ဝေဝေကတော်လှန်ဆန့်ကျင်ရေးမုန်တိုင်းတခုကိုတပ်ဆင်
လီဟာသင်္ဘောတွေကိုမျှားရင်းသူ့မိသားစုကို
ဝဝလင်လင်ရှာကျွေးခဲ့
တမလန်းတုံးကိုပန်းတွေဖုံးပြီးသယ်လာတဲ့သူခိုးကားကိုတော့
မြန်မာနိုင်ငံမှာဖမ်းမိ
ကျွန်တော်တို့ကတော့
ပုလဲကြွယ်ဆိုတဲ့ကျွန်းကလေးတကျွန်းပေါ်မိုးခိုခဲ့ပါတယ်။

-

t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar