Breaking News

ရဲဘော်တေး - အဘအောင် ညာတယ်

ရဲဘော်တေး - အဘအောင် ညာတယ်

(မိုးမခ) အောက်တိုဘာ ၂၉ ၊ ၂၀၂၃

တပ်ထဲမှာ မပြတ် ဆဲတာကတော့ စကစဟာ ကိုးကန့်တပ်တွေ လာတိုက်မှာ သတင်းကြိုရရက်နဲ့ တပ်တွေကို အသိမပေးတာ။ အုပ်ချုပ်ရေးဝန်ထမ်းတွေ၊ ဌာနဆိုင်ရာဝန်ထမ်းတွေကို ကြိုမရှောင်ခိုင်းတာဘဲ။

လာတိုက်မယ့်သတင်းကို မြိုနယ် လ.ဝ.က က ပြည်နယ် လ.ဝ က ဆီ ပို့ခဲ့တဲ့စာရွက်ထွက်လာတော့ လ.ဝ.က လိုဟာမျိုးကတောင် ရသေးတာ၊ စစ်ထောက်လှမ်းရေးသတင်းဆို ပြောမနေနဲ့တော့ပေါ့။ သေချာပေါက် သိတယ်လေ။ အဲလိုဆို သိရက်နဲ့ ဌာနဆိုင်ရာဝန်ထမ်းတွေကို ကြိုမရှောင်ခိုင်းတာ၊ စစ်စခန်းတွေကို ခုခံဖို့ ပြင်ဆင်ခိုင်းတာတွေ ဘာလို့ မလုပ်ခိုင်းတာလဲ။ အဲသလို တမင် ထိုးကျွေးသတ်တာကို ဆဲနေကြတာ။ 

ဘာလို့ဆို အကုန်ထွက်ပြေးကြမှာ စိုးလို့တဲ့။ ပြန်မလာမှာ စိုးလို့တဲ့။ ဌာနဆိုင်ရာဝန်ထမ်းတွေဆိုလဲ ရှောင်ခိုင်းရင် ပြန်လာမယ် မဟုတ်၊ တပ်ကလဲ ပြေးကြမယ့်ကောင်များလို့တဲ့။ တပ်ထဲမှာ ခု ဘာကြောင့် စစ်တိုက်နေရသလဲဆိုတာ ဘယ်သူမှ သေသေချာချာ မဖြေနိုင်ဘူးလေ။ မဲခိုးလို့ဆိုတာနဲ့ မရတော့ပေမယ့် အဘချုပ်ကိုယ်တိုင် မဲခိုးတာဘဲ ပြောနေတုန်းဆိုတော့ ဘယ်သူမှ တခြားပြောင်းပြောစရာမရှိဖြစ်နေတာ။ အဲဒီတော့ အူကြောင်ကြောင်နဲ့  အချင်းချင်း သတ်ပေးနေရ၊ ကိုယ့်ဒေသကို ဖျက်ဆီးနေရ၊ အသေခံပေးနေရတာ လူတိုင်း သိလာတယ်။ မြောက်ပိုင်းမှာတော့ လာတိုက်ရင် သေမှာလဲ သေချာပေါက် သိကြတယ်။ မြောက်ပိုင်းအဖွဲ့တွေက လက်လုပ်တလက်မှ မသုံးဘူးလေ။ အဲတော့ ကြိုသိရင် ခုခံဖို့မလုပ်ဘဲ ပြေးမှာ၊ ပြန်မတိုက်ဘဲ လက်နက်ချမှာ သေချာလို့တဲ့။ ခုတော့ သူတို့က စစ်ကူရင်း ထိန်းချုပ် မပြေးသာအောင် လုပ်နိုင်တယ်ပေါ့။ အဘချုပ် ရက်စက်တယ်တော့ မပြောနဲ့။ ရက်စက်မှ မင်းဖြစ်အဘပဲလေ။

တပ်တွင်းမှာ လစာမပေး၊ ဦးပိုင်အမြတ်ငွေ ထုတ်မရ၊ မှတ်ပုံတင်သိမ်း၊ ဖဘ မသုံးရ၊ အပြင်မထွက်ရ၊ ငိုသံတွေ ကျယ်လာ၊ ရက်လည်တွေ စိပ်လာဆိုတော့ စိုးရိမ်တာတွေနဲ့ မကျေနပ်တာတွေ ထွေးလုံးရစ်ပတ်လာတယ်။ သေနှုန်း မြင့်လာ၊ တပ်သား ရှားလာ၊ ဟော ခုတော့ ဗိုလ်လုပ်မယ့်သူတောင် ရှာမရတဲ့အခြေဆိုက်လာတဲ့အပြင် လာဘ်ပေးလာဘ်ယူမှုနဲ့ အချင်းချင်း ခွက်စောည င်းခုတ်ကြတော့ အဘတွေကြားထဲကို ရှုပ်လာလို့ တပ်လည်း လှုပ်လာတယ်ဆိုတာ အကုန်ပြောနေ သိနေကြပြီလေ။

အင်း.... လှုပ်ပြီးရင် ပြိုရုံပဲ ရှိတော့တာ မဟုတ်လား။




Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar