Breaking News

မိုးမခကဗျာ - အိုက်နီ(ဖြူး)၊ နေသုခ(မြစ်ကြီးနား)

မိုးမခကဗျာ 
 ဇူလိုင် ၂၇၊ ၂၀၂၁

-
ကြွေလွင့်နေတဲ့ နွေဦးပန်းနီနီတွေ
အိုက်နီ(ဖြူး)


နွေဦးမှာ တဖြုတ်ဖြုတ်
ကြွေနေကြရတယ်
ကြွေနေတာကိုက ဝေနေတာပါလို့
ပြောဖို့ခွန်အားမရှိခဲ့။

ပန်းနီနီတွေ ကြွေတဲ့
ဒီနွေဦးကို 
ဘယ်လို ကင်မွန်းတပ်ရမလဲ
နွေဦးကို ဥသြသံနဲ့ ကြိုခွင့်မရခဲ့
ကြေးစည်သံနဲ့ ကြိုနေရတာ
နာကြည်းလိုက်ရတာ။

အာဏာရှင်ဘေး ကပ်ဘေးတွေက 
လူမမယ်အရွယ်ကစ သက်ကြားအိုထိ
မျက်မမြင်လူသတ်သမားပမာ
အမှည့်ခြွေနေကြ
ဒီကာလမှာ သေစေချင်တာကို
ရှင်အောင်နေနေရတာ ပင်ပန်းလှပါပြီ
စစ်အာဏာရှင်စနစ်ကျဆုံးပါစေဝ်သား အကြိမ်ကြိမ် ကြွေးကြော်
မြည်တမ်းနေမိ။

...

မျက်ရည်ဈာပန
နေသုခ(မြစ်ကြီးနား)

ကိုယ့်အကိုင်းကိုယ်ချိုးပြီး
မြေတိုးရတဲ့ ရေသောက်မြစ်တွေပါ ။

ဘယ်အသားမာကို
ဒဏ်ရာလို့ အမည်တပ်ရဦးမှာလဲ ။

ငိုကြွေးရုံနဲ့ မပြီးတဲ့ဘဝ
မျက်ရည်ကိုသာ မီးရှို့ပြာချပစ်လိုက်တယ် ။ ။

-
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar