Breaking News

နေရိုင်း - မပျော်တဲ့ငါးက မပျော်တဲ့အကြောင်း

KT#
မပျော်တဲ့ငါးက မပျော်တဲ့အကြောင်း
နေရိုင်း
(မိုးမခ) ဇူလိုင် ၂၂၊ ၂၀၂၁

မပျော်တဲ့ငါးက မပျော်တဲ့အကြောင်း 
စိတ်ညစ်တဲ့နွားက စိတ်ညစ်တဲ့အကြောင်း 
ပူဆွေးနေတဲ့ မင်းတို့တေးသံဟာ ကမ္ဘာမြေကို ပြန့်ကျပါစေ
မင်းတို့ရဲ့ သတင်းစကားဟာ ငါတို့အတွက် မရှိမဖြစ်လိုအပ်တယ်
တနေ့တာ ကောင်းကင်ကိုလဲမြင်နေရတယ်
တနေ့တာ တောင်တန်းတွေကိုလဲ မြင်ရတယ်
ခပ်စိပ်စိပ်အတွေးက ဒဏ်ရာတွေနဲ့ ရွေ့လျားလို့ကောင်တုန်း
ကပ်ပါးပိုးတွေကမယဉ်ပါးသေးတဲ့ကြမ်းပြင်မှာပျော်လို့ကောင်းတုန်း
မြို့ပြကို ခွင်းမဲ့မြှားတွေက ဝိညာဉ်တွေကိုခေါ်နေတယ်
ဘာလို့ မပျော်ပိုက်တာလဲ
ဘာလို့ စိတ်ညစ်တာလဲ
နာနာဘာဝတွေက ဘယ်နတ်ဘုရားမှ မလိုချင်ကြဘူး
မဟာကာလိမယ်တော်ဟာ မိစ္ဆာတွေရဲ့သွေးကိုသောက်တယ်
စောင့်ကြည့်ရတဲ့ ပြဇာတ်တခုက လျှို့ဝှက်မဟုတ်ဘူး
နတ်ဘုရားက သိပ္ပံပညာရှင်တွေထက် တန်ခိုးကြီးတယ်ဆိုရင်ယုံမလား
ဆူးကလဲဆူး ဖက်ကလဲဖက် အနာကလဲအနာပဲ
ခန္ဓာကိုယ်ထဲက ကျည်ဆံတွေကြောင့် အသက်ရှုကြပ်ရတယ်
စွန့်ပစ်ခံ သမိုင်းက သက်သေခံဖြစ်ရမယ်
မင်းမျက်ရည်တွေ ဘာလို့ကျမှာလဲ
ငါတို့မျက်ရည်တွေ ဘာလို့ကျမှာလဲ
အဝေးကြီးကိုသွားရတဲ့ခရီးဟာ ငါတို့အလံကို ဆုပ်ကိုင်ထားရမယ်
သွေးရိုးသာရိုးနဲ့ပြောမယ်ဆိုရင်
ငါတို့မသေပဲ ဗုဒ္ဓဘုရားကိုဖူးမျှော်ကြရမယ်
ငါတို့မသေပဲ အိမ်ပြန်ကြရမယ်။
-
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar