Breaking News

မြန်မာပြည်မှာ စစ်တပ်အာဏာသိမ်းပြီး ၅ လ ၂၁ ရက် မြောက်နေ့ မြင်ကွင်း

မြန်မာပြည်မှာ စစ်တပ်အာဏာသိမ်းပြီး ၅ လ ၂၁ ရက် မြောက်နေ့ မြင်ကွင်း

(မိုးမခ) ဇူလိုင် ၂၁၊ ၂၀၂၁

ဒီနေ့ညနေမှာ နာရေးသတင်းတွေ အများကြီးကို ဆိုရှယ်မီဒီယာပေါ်ကနေ ဖတ်ရှုရပါတယ်။ ဝိပသနာတရားပြဆရာ ဦးထွန်းထွန်းဦးကွယ်လွန်ဆိုတဲ့သတင်းနောက်မှာ မိတ်ဆွေတွေ တင်လာတာက အတွေးအမြင်မဂ္ဂဇင်းအယ်ဒီတာတဦးဖြစ်ခဲ့တဲ့ (ဦး) ကြည်သာဦး ကွယ်လွန်ဆိုတဲ့ သတင်းဖြစ်ပါတယ်။ ရန်ကုန်တမြို့တည်းက သုသာန်တွေမှာ ကိုဗစ်နဲ့သေဆုံးသူ အသုဘအလောင်းပေါင်း ၁၆၀၀ ကျော် တရက်အတွင်း ရှိတယ်လို့ ဆိုပါတယ်။ တချို့ကတော့ အသုဘသင်းဂြိုဟ်ရတာ ၂ထောင်ကျော်တယ်လို့ မှတ်ချက်ပေးပါတယ်။ မင်္ဂလာဒုံ စစ်ဆေးရုံတွင် COVID-19 ရောဂါနဲ့ (DKBA) စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး စောမိုရှေး ကွယ်လွန်ဆိုတဲ့သတင်းလည်း ထုတ်ပြန်ပါတယ်။
 
စစ်တပ်ပိုင် ကန်သာယာဆေးရုံမှ ဝန်ထမ်းများ အစုလိုက်အပြုံလိုက် ၃၅ ဦးထက်မနည်း ကိုဗစ်ကူးစက်ခံထားရတယ်လို့ ဆိုပါတယ်။ အစိုးရဆေးရုံ၊ ပုဂ္ဂလိကဆေးရုံနဲ့ စစ်ဆေးရုံတွေမှာ လူနာတွေ မနိုင်မနင်းဖြစ်နေတာ၊ အောက်စီဂျင်နဲ့ ဆေးအလုံအလောက်မရတာ၊ ဆေးရုံဝန်ထမ်းတွေသာမက စေတနာ့ဝန်ထမ်း လုပ်အားပေးတွေပါ နေထိုင်မကောင်းဖြစ်နေကြပါတယ်။ ဆေးအလှူရှင်တွေ အောက်စီဂျင်အလှူရှင်တွေကလည်း မြို့ကြီးတွေမှာ ဆေးလှူဒါန်းမှုတွေ လုပ်ကြသလို ဆေးရောင်းတဲ့ ဆိုင်တွေ ကုန်သည်တွေကိုပါ ဆက်သွယ်ပြီးတော့ ဆေးရောင်းပေးဖို့ ဆေးလှုတဲ့ဆီမှာ ကူဖြန့်ချိပေးကြဖို့ အကူအညီတောင်းကြတယ်လို့ ဆိုပါတယ်။ အခုအချိန်အခါက ကူးစက်ခံရသူတွေကို ဝေဒနာသက်သာဖို့ ခံနိုင်ရည်ရှိရှိ ကျော်ဖြတ်နိုင်ဖို့ ဆေးကူရတာအပြင် မကူးစက်သေးသူများကိုလည်း ခံနိုင်ရည်မြှင့်တင်ပြီး အကာအကွယ်ပေးဖို့ လုပ်နေရတဲ့အချိန်လည်း ဖြစ်နေပါတယ်။

အောက်စီဂျင်အိုးတွေဝယ်ဖို့ခက်ခဲတာ၊ အောက်စီဂျင် ကွန်စင်ထရေတာတွေ ဝယ်ဖို့ခက်ခဲတာ ပုံမှန်စျေးထက် ကို ရုတ်တရက် စျေးနှုန်းကြီးမြင့်ကုန်တာ တွေက လူအများကို စိုးရိမ်မှုဖြစ်စေပြီး ငွေတတ်နိုင်သူတွေက စျေးပိုပေးဝယ်ယူတာမျိုးတွေ၊ အမြတ်တင်ပြန်ရောင်းဖို့ ဝယ်ယူတာမျိုးတွေလည်း နေ့စဥ်ဘဝတွေမှာ အတိုင်းအတာတခုအထိ ဖြစ်ပျက်နေတာတွေ့ရမှာပါ။ တဖက်မှာ ကိုယ်ကျိုးစွန့်ပြီး သူတပါးအသက်ကို ကယ်ဆယ်လုပ်ဆောင်နေတဲ့ ပရဟိတ အသင်းက သူရဲကောင်းတွေ ကိုယ်ကျိုးစွန့်သူတွေ ၊ အဖွဲ့အစည်းမရှိသော်လည်း ဆန္ဒတူသူချင်းစုပြီး အောက်စီဂျင်ရရေး၊ ဆေးဝါးဝယ်ပေးတာ၊ အစားအသောက် လိုက်ပို့ပေးတာမျိုး လိုက်လံကူညီပေးသူတွေ အများအပြားရှိသလို အခြားတဖက် အမှောင်ဘက်မှာတော့ အခုလို လူတွေစိုးရိမ်ခြောက်ခြားမှုကို အခွင့်ကောင်းယူကာ ကိုယ်ကျိုးစီးပွားရှာသူတွေလည်းရှိနေပြန်တာ တွေ့ရမှာ ဖြစ်ပါတယ်။ ဒီလိုအခြေအနေ ကိုယ်ကျိုးရှာသူတွေ ရှင်သန်နေအောင် အခွင့်အရေးပေးတာက လက်ရှိအာဏာလုယူထားတဲ့ စစ်ကောင်စီရဲ့ စီမံခန့်ခွဲမှုက အဓိက အရင်းခံဖြစ်ပါတယ်။ စျေးကွက်မှာ ကစားချင်တာ ကစားလို့ရတဲ့အခြေအနေမျိုးကို စီမံခန့်ခွဲခွင့်ရှိသူတွေက လျစ်လျူရှု ထားပြီး ၄င်းတို့ ရဲ့ အသိုက်အဝိုင်းမှာ လုံလောက်ဖို့သာ ကြိုးစားနေကြတာကြောင့်လည်းဖြစ်ပါတယ်။

ကျန်းမာရေး အသက်ဘေးနဲ့အတူ အခြားအရေးကြီးတဲ့ အကြောင်းက အသက်မွေးဝမ်းကျောင်းကိစ္စပါ။ သတင်းများ စစ်တမ်းများအဆိုအရ စစ်အာဏာသိမ်းအပြီး အလုပ်အကိုင် ၁.၂သန်းခန့်ဆုံးရှုံးခဲ့ပြီလို့ သိရပါတယ်။ အခု ကိုဗစ်ကပ်ဘေးမှာ လူ့အသက်တွေ အများအပြားဆုံးရှုံးတာကို ရင်ဆိုင်နေရပြီး စီးပွားရေးလုပ်ငန်းပေါင်းများစွာလည်း ထပ်မံပိတ်သိမ်းကြရဦးမှာ ဖြစ်ပါတယ်။ စစ်တပ်က ဘဏ်ငွေလည်ပတ်မှုကို ကန့်သတ်ခြင်း၊ နယ်စပ်နဲ့ လေကြောင်းကုန်သွယ်ရေးစနစ်များကို နှောက်ယှက်ခြင်းတို့နဲ့ မြန်မာစီးပွားရေးကို ထိခိုက်မှု ပြင်းထန်စေခဲ့ရာကနေ ကိုဗစ်ကပ်ဆိိုးကြောင့် စီးပွားရေးလည်ပတ်မှုတွေ ရပ်ဆိုင်းလုနီးပါးဖြစ်သွားပြီ ဖြစ်ပါတယ်။

စီးပွားရေးကုန်သွယ်မှုတွေ ကိုဗစ်ကာလ တုန့်ဆိုင်းသွားတာအပြင် အချို့ပြည်နယ်တွေမှာလည်း ကိုဗစ်ရန်ကာကွယ်ဖို့ ခရီးသွားလာမှုကိုပါ ကန့်သတ်လိုက်ကြတာတွေ တိုးမြှင့်လာပါတယ်။ ရန်ကုန်မှာ ခရီးသွားကန့်သတ်ခြင်း၊ အပူချိန်တိုင်းခြင်း၊ ကိုဗစ်စစ်ဆေးခြင်းစတာတွေ လမ်းအလိုက် ဒေသအလိုက် မလုပ်ကြသေးပါဘူး။ မန္တလေးမှာတော့ အချို့မြို့နယ်တွေ လမ်းတွေမှာ ကန့်သတ်မှု စောင့်ကြည့်မှုတွေ လုပ်တယ် ဆိုပါတယ်။ စစ်ကောင်စီက stay home ရက်သတ္တပတ် (ဇူလိုင် ၁၇ -၂၅) လို့ သတင်းထုတ်ထားပါတယ်။ NUG က ဇူလိုင်လလယ်ပတ်ကတည်းက (ဇူလိုင် ၁၂-၁၈) ကို ကိုဗစ်ကာကွယ်ရေး သတိပေးနှိုးဆော်ကာလ သတ်မှတ်ခဲ့ပါတယ်။
 
အဲသည်မှာ သိသာထင်ရှားတဲ့ ပြည်နယ်အလိုက် လက်နက်ကိုင်အဖွဲ့အစည်းအချို့ရဲ့ ကိုဗစ်ကာကွယ်ရေး အရေးယူဆောင်ရွက်မှုတွေကို ကြည့်မယ် ဆိုရင် - ရခိုင်လက်နက်ကိုင် တပ်နဲ့ ပါတီဖြစ်တဲ့ ULA/AA၏ Stay at Homeကြေညာချက် ရခိုင်ပြည်နယ်တွင်း လိုက်နာသူများပြားတယ်လို့ သူတို့ပြန်ကြားရေးတွေက ထုတ်ပြန်ပါတယ်။ ဖေ့စ်ဘွတ်သတင်းတွေအရ စစ်တွေနဲ့ မြောက်ဦးမှာ နေ့ခင်းပိုင်း အပြင်မှာ လူစည်ကားသွားလာတာ မတွေ့မြင်ရပါဘူး။ ကချင်ပြည်နယ်က KIA တိုင်းရင်းသားလက်နက်ကိုင်စိုးမိုးထားတဲ့ လိုင်ဇာမှာ ကိုဗစ်ကင်းစင်နယ်မြေဖြစ်တယ်လို့ အချို့ဒေသခံတွေက ထုတ်ပြောကြပါတယ်။
 
အပြင်မှ ဝင်ရောက်လာသောဧည့်သည်များ ကို အကြိမ်ကြိမ်စစ်ဆေးကာထိန်းချုပ်နိုင်ခဲ့မှုကြောင့် Positive လူနာ ၂၅ ဦးကိုစစ်ဆေးရေးစခန်းတွေပင်အမိအရတွေ့ရှိကာ သတ်မှတ်ထားသော Covid ကုသဆောင်အတွင်းကျပ်မတ်စွာကုသပေးခဲ့ပြီး၂၁ ဦး မှာနေကောင်းကျန်းမာကာ Covid ကင်းစင်ပြီးဆေးရုံမှဆင်းနိုင်ခဲ့ပြီ။ ကျန်သည့် Covid လူနာလေးဦးသာ Covid ကုသဆောင်တွေဆက်လက်ကုသမှုခံယူကာ ၎င်းလူနာ၄ ဦးမှာလည်းကျန်းမာရေးအခြေမနေကောင်းမွန်ကြောင်းသိရှိရပါသည်။ Covid ရောဂါကြောင့်ယခုအချိန်ထိသေဆုံးသူတစ်ဦးတစ်ယောက်မျှမရှိသေးကြောင်းလည်းသိရှိရပါသည်။ လို့ ရေးသားထားတာကို တွေ့ရပါတယ်။

ကရင်ပြည်နယ်ဘက်က KNU တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များ ထိန်းချုပ်နယ်မြေတွေ ဧရိယာတွေနဲ့ အဲသည်က CRPH NUG အခြေစိုက်ထားတဲ့ လွတ်မြောက်နယ်မြေတွေက ကိုဗစ်အခြေအနေကိုတော့ အတိအကျ မသိရပါဘူး။ မော်လမြိုင်မှာ ကိုဗစ်ဖြစ်ပွားမှုနှုန်းတက်လာတယ်လို့ ပြောကြပြီး အသေအပျောက်တွေ ရှိပါတယ်။ ကရင်ပြည်နယ်တွင်းက မြို့နဲ့နီးတဲ့ ရွာကြီးတွေအချို့မှာ ရွာလုံးကျွတ် နာဖျားကြတယ်လို့ ဆိုပါတယ်။ အသေအပျောက်တော့ မကြားရသေးပါ။
 
မြန်မာပြည်တွင်း ကိုဗစ်ထိန်းချုပ်နိုင်ရေးအတွက် အိမ်နီးချင်းနိုင်ငံ ၂ခု ဖြစ်တဲ့ တရုတ်နဲ့ အိန္ဒိယက အကူအညီအထောက်အပံ့တွေ စတင်ပေးပို့နေတယ်လို့ ဆိုပါတယ်။ အိန္ဒိယက COVIDတွင်သုံးသော Remdesivir ဆေးအလုံး ၃သောင်း ရောက်ရှိလို့ သတင်းများမှာ ပါပြီး တရုတ်ပြည်က ကိုဗစ်ကာကွယ်ဆေး၊ အောက်စီဂျင်၊ ကျန်းမာရေးဆိုင်ရာပစ္စည်းများ ကုန်းကြောင်း လေကြောင်းတွေကနေ ပို့ပေးနေပြီ ဖြစ်တယ်လို့ ဆိုပါတယ်။ တိုင်းရင်းသားလက်နက်ကိုင်နယ်မြေတွေမှာလည်း ကိုဗစ်ကာကွယ်ရေး ထိန်းချုပ်ရေး ကုသရေးတွေ မိမိဘာသာ ပြင်ပအကူအညီတွေနဲ့ စတင်နေပြီလားဆိုတာကိုတော့ သတင်းများမှာ မတွေ့ရသေးပါဘူး။ ခရီးသွားလာရေး ကန့်သတ်လိုက်ရင် ကိုဗစ်ပြန့်နှံ့မှုကို ထိန်းချုပ်နိုင်မှာကြောင့် နယ်တွေ ကျေးလက်တွေမှာ ကူးစက်နှုန်းနဲ့ အသေအပျောက်ကို တားဆီးနိုင်မှာ ဖြစ်ပါတယ်။ စစ်ကောင်စီ၏ အတားအဆီးမဲ့ သွားလာပြီး စစ်ဆင်ရေးတွေ ဖမ်းဆီးမှုတွေ နှိပ်ကွပ်မှုတွေ လုပ်ကိုင်နေတာတွေကြောင့် စစ်တပ်တွင်း ကိုဗစ်ကူးစက်နှုန်းတင်သာမက ဒေသခံတွေဆီကိုပါ ကိုဗစ်ကူးစက်နှုန်း ဖြစ်ပွားမှာကို တားဆီးဖို့ ကန့်သတ်ဖို့ တောင်းဆိုဖို့ လိုအပ်နေပါတယ်။

သည်လို ကိုဗစ်ဘေးကျနေတဲ့အချိန်မှာ စစ်ကောင်စီကို နိုင်ငံရေးအကျဉ်းသားတွေ အမြန်ဆုံးလွှတ်ပေးဖို့၊ စစ်ကြောရေးစခန်းတွေ ပိတ်သိမ်းဖို့၊ ဖမ်းဆီးနှိပ်စက်ခံရသူတွေအားလုံး ကျန်းမာရေးစောင့်ရှောက်မှု ကုသခွင့် လွတ်လပ်စွာ ရရှိဖို့ အားလုံးက တောင်းဆိုနေကြပါတယ်။ အဲသည်အချိန်မှာ စစ်ကောင်စီက နိုင်ငံရေးအမှုမှအပ အာဏာမသိမ်းခင်က စစ်ဆေးဆဲအမှုတွေပိတ်သိမ်းမယ်လို့ ထုတ်ပြန်ပါတယ်။ စစ်ကောင်စီကိုယ်တိုင်က ကိုဗစ်ကူးစက်မှုကို ပစ်ပယ်ထားပြီး ပြည်သူတွေနဲ့ နိုင်ငံရေးအကျဉ်းသားတွေအပေါ်မှာလည်း အကာအကွယ်ပေးလိုတဲ့ သဘောထား လုံး၀မရှိတာ ထင်ရှားတဲ့ သက်သေဖြစ်ပါတယ်။ 

အဲသည်အချိန်ကာလအတွင်း ၊ ဇူလိုင် ၂၃ရက်နေ့(သောကြာနေ့) မှာတော့ မင်းအောင်လှိုင်ရဲ့ မြန်မာစစ်တပ်ဟာ လူမျိုးတုံးသတ်ဖြတ်မှု၊ စစ်ရာဇဝတ်မှုနဲ့ အမှုပေါင်းသောင်းခြောက် ထောင်အတွက် ICJ မှာသွားရောက်ရင်ဆိုင်ရမှာဖြစ်ပါတယ်။ တရားရင်ဆိုင်ဖို့အတွက်စစ်ကောင်စီဟာ ဦးဆောင်ကော်မတီကိုဖွဲ့စည်းထားပြီးဖြစ်ပါတယ်။ ပြည်တွင်းကော ပြည်ပက ဖိအားပေးနေမှု နိုင်ငံရေးအရ ဖြေရှင်းနိင်ရေး တောင်းဆိုမှုတွေကို စစ်ခေါင်းဆောင်က ဥပက္ခာပြုထားတာ သေချာပါတယ်။ ဒါကြောင့် သူတို့သတင်းတွေထဲမှာ အဓိကခေါင်းစဉ်က - တပ်မတော်ဟာ ကြက်မွေးမြူရေးကို လွန်ခဲ့တဲ့ ၆ နှစ် ၇ နှစ်ကတည်းက လုပ်လာတာဖြစ်လို့ ကြက်ဥအတွက် မစိုးရိမ်ရဘူးလို့ စစ်ခေါင်းဆောင်ပြောတာကိုပဲ မီးမောင်းထိုး တင်ဆက်နေတာ ဖြစ်ပါတယ်။

Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar