Breaking News

ဆု ဘိုး မိ - ညရေးညတာ များ

ညရေးညတာများ
ဆု ဘိုး မိ
(မိုးမခ) ဇူလိုင် ၁၃၊  ၂၀၂၁

¤
ညှို့ငင်မှုကိုခံစားလို့မရသေးဘူး •••၊
  ကိုယ်ကိုယ်တိုင်ပျောက်ဆုံးနေတဲ့
  အလုံပိတ်တံခါးတွေရဲ့နောက်မှာ
  လရောင်ကို 
  ဘယ်လိုအတွေးနဲ့ကောက်ယူနိုင်ပါမလဲ
  အသက်ဝဝရှုချင်တယ်  ။

¤
မိုးစက်မှုန်တွေလည်းနာဖျားလို့ •••၊
   ပန်းရောင်စုံတွေပွင့်နေသလား
   သစ်ရွက်လေးတွေစိမ်းစိုနေပြီလား
   အလှအပအားလုံးဝေဝါးစေတဲ့အထိ
   ကြေမွနေတဲ့ မြို့ရိုးထက်မှာ
   နွေဦးကိုသာပြတ်ပြတ်ထင်ထင်လွှင့်ထားရတုန်း 
   အဲဒီရက်တွေကိုမုန်းတယ် ။

¤
လိုလိုချင်ချင်တော့ဘယ်ဟုတ်ပါ့မလဲ •••၊
    ဘွဲ့နှင်းသဘင်နဲ့ ကြိုးစင်
    ဆေးထိုးအပ်နဲ့ သေနပ် 
    အလဲအထပ်တွေကမတန်တဆ
    အနာဂတ်ကိုဗလက္ကာယပြုခံရတဲ့အခါ
    ရုန်းကန်ခြင်းတွေရေတံခွန်လိုသွန်ချ
    စိတ်ဟာချွေးဒီးဒီးကျတယ် ။

¤
လေကောင်းလေသန့် သိပ်ငတ်တာပဲ •••၊
    တရားတော်တွေပွားရင်း
    မတရားလော်မာမှုချည်းထွန်းကားတဲ့မြေမှာ
    အညွှန်းကောင်းတဲ့ဆေးတွေဟာ
    ဘေးထွက်ဆိုးကျိုးတွေနဲ့ 
    နာနာကျည်းကျည်း ပြုံးတယ်
    ပြီးတော့ -
    နာနာကျင်ကျင် ရယ်တယ် ။

¤
နေ့ရက်တွေကထုံပေပေနိုင်လာပြီ •••
   တရေးနိုးတာတောင် အိပ်မပျော်သေးဘူး
   မတရားသဖြင့်တွေက
   လက်တွေ့ကျကျစိန်ခေါ်လာတဲ့အခါ
   ကျိန်စာက ပုန်ကန်မှု ဆိုရင်
   သစ္စာတိုင်ခြင်းသာ သန္နိဋ္ဌာန်ပဲ
   ဒါ့ထက်နက်စရာမရှိတဲ့ ညဉ့်မို့ထင်ပါရဲ့
   ညဟာ.. ပီပီသသ ရင့်မှောင်လာတယ် ။

¤
အ'ကာလနဲ့အုပ်မိုးခံထားရတာပါ
ငါတို့ဟာ..
ငွေထဲမှာ ငွေကိုပြန်ရှာနေရ
လေထဲမှာ လေကိုပြန်ရှာနေရ
လူထဲမှာ လူကိုပြန်ရှာနေရ
နတ်ဘုရားတွေထဲမှာတန်ခိုးရှင်ကိုပြန်ရှာနေရ ။

ခွင့်မတူ မညီမျှ ဝါဒမဖြူစင်တဲ့အရပ်မှာ
လောကပါလအိပ်မောကျနေတဲ့အခါ
နတ်ဆိုးဟာဒုက္ခကိုပွဲလယ်တင့်စေခဲ့တာမျိုး
ငါတို့ - ကိုယ်တိုင်စီးချင်းထိုးခဲ့ကြရပြီ ။

'ခွင့်ပြုပါ'
    
လူပီသစွာ ရှင်သန်နိုင်မှုကိုသာ
              ငါတို့ ရိုကျိုးပါရစေ ။
လူသားဆန်တဲ့ အုပ်ချုပ်ခြင်းကိုသာ
                 ငါတို့ ကိုးကွယ်ပါရစေ ။
လူဖြစ်ခွင့်ရခြင်းရဲ့ လွတ်မြောက်မှုကိုသာ
                       ငါတို့ ယုံကြည်ပါရစေ ။
လူကို လူကစောင့်ရှောက်နိုင်တဲ့ တိုင်းပြည်ကိုသာ
                                     ငါတို့ ချစ်မှုပြုပါရစေ ။

ဤမှန်သောဆန္ဒစကားကြောင့်

•••

ငါတို့၏ပညတ်တော်များအတွင်းမှ
သင်သည်လည်းလွတ်လပ်ပါစေသား
သင်သည်လည်းလွတ်မြောက်ပါစေသား

အပယ်လေးပါး၊ ကပ်သုံးပါး၊ ရပ်ပြစ်ရှစ်ပါး၊
ရန်သူမျိုးငါးပါး၊ ....၊.....၊    
ထူးခြားပြည့်စုံစွာဖြင့်
အခါခပ်သိမ်း၌
တလုံးတဝတည်း
ကောင်းချီးပေးတော်မူခြင်းခံနေရသော 
          ..
    ..
          ပြည်ထောင်စု 
          မြန်မာနိုင်ငံတော် ...။

ဆု ဘိုး မိ
-
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar