Breaking News

အန်ကယ် တူမီး - ပြည်သူ့ပြောက်ကျားနဲ့ လူသားသမိုင်း



အန်ကယ် တူမီး - ပြည်သူ့ပြောက်ကျားနဲ့ လူသားသမိုင်း

(မိုးမခ) ဇူလိုင် ၁၃၊ ၂၀၂၁

ခုတလော ပြည်သူ့ပြောက်ကျားတွေအကြောင်း ရှာဖွေဖတ်ရှုမိပါတယ်။

ပြည်သူ့ပြောက်ကျားဆိုတာ ဘယ်သူတွေလဲ။ သူတို့ဘယ်လိုအခြေအနေမှာ ဘယ်လိုနည်းနဲ့ပေါ်ပေါက်လာသလဲ။ သူတို့ ဘယ်သူ့အတွက် ဘာတွေလုပ်ကြသလဲ။ သူတို့ ဘယ်လိုအချိန်မှာ ဘယ်လိုနည်းတွေနဲ့ အောင်ပွဲခံလေ့ရှိသလဲ။ စသဖြင့် စသဖြင့် ဟိုတစ ဒီတစ လက်လှမ်းမီသလောက် ရှာဖွေမိပါတယ်။ အလျှင်းသင့်ရင် သင့်သလို ကျွန်တော်ဖတ်မိတာတွေ၊ စုဆောင်းမိတာတွေ၊ နဲ့ ကျွန်တော့်အတွေး တချို့ ကိုပေါင်းစပ်ပြီး ဆောင်းပါးရေးခဲ့တာ ခုဆို လေး ငါး ပုဒ်လောက်ရှိပါပြီ။

ပြည်သူ့ပြောက်ကျားတွေ အကြောင်းကလည်း စိတ်ဝင်စားစရာပါ။ ဖတ်လို့မကုန်၊ မှတ်လို့မကုန်၊ ပြောပြလို့မကုန်တဲ့ အကြောင်းတွေပါ။ လူ့သမိုင်းဟာစစ်သမိုင်းဖြစ်ခဲ့သလို စစ်သမိုင်းမှာလည်း ပြောက်ကျားစစ် သမိုင်း က အရေးပါတဲ့ အခန်းကဏ္ဍက ပါနေပါတယ်။

အမှန်နဲ့အမှား၊ ဓမ္မနဲ့ အဓမ္မ၊ အနိုင်ကျင့်သူနဲ့ အနိုင်ကျင့်ခံရသူ စတဲ့ ဘက်နှစ်ဖက်တိုက်ပွဲတိုင်းမှာ မတရားခံရသူတွေဘက်က ၊ အင်အားနည်းပါးသူတွေဘက်က၊ ရှိသမျှအင်အားကလေးနဲ့ အာခံခဲ့သူတွေပေါ်လာစမြဲဖြစ်ပါတယ်။ အဲဒီ မတရားခံရတဲ့သူတွေဘက်က ရရာလက်နက်စွဲကိုင်ပြီး တိုက်တဲ့ သူတွေဟာ ပြောက်ကျား စစ်ဗျူဟာကို သုံးလာတာတွေ့ရပါတယ်။ အဲဒီလို အနိုင်ကျင့်ခံရတဲ့ သူတွေဘက်က ပြောက်ကျားစစ်ဗျူဟာ သုံးပြီးပြန်လည်ခုခံသူတွေကို ပြည်သူ့ပြောက်ကျားတွေလို့ ခေါ်ဝေါ်သုံးစွဲကြပါတယ်။

ကဲ ဝါရင့်ပြည်သူ့ပြောက်ကျားတွေအကြောင်း ပြောကြရအောင်ပါ။

ဝါရင့် ပြည်သူ့ပြောက်ကျားတွေဟာ လက်ဦးမှုရအောင်တိုက်ခိုက်တတ်သူတွေသာမဟုတ်ပါဘူး ၊ သူတို့ရဲ့ ပြိုင်ဘက်ကို စတင် လှုပ်ရှားခွင့်ပေးပြီးလည်း တိုက်တတ်ပါတယ်။ သူတို့ဟာ ရန်သူကိုတိုက်ရမယ့် အချိန်ကိုစောင့်ရင်း ရန်သူ့ရဲ့ နည်းဗျူဟာများကို ခွဲခြားစိပ်ဖြာ လေ့လာနေတတ်ပါတယ်။ ပြိုင်ဘက်အားနည်းချက်ကို စောင့်ကြည့်ရှာဖွေနေတတ်ပါတယ်။ သတင်းအချက်အလက်တွေ စုဆောင်းနေလေ့ ရှိပါတယ်။ မခံချင်စိတ်နဲ့ အနိုင်ရဖို့ မသေချာတဲ့ တိုက်ပွဲတွေကိုရှောင်ပါတယ်။ သေသေချာချာပြင်ဆင်ပြီးမှ တိုက်လေ့ရှိပါတယ်။ အထူးသဖြင့် အခြားနယ်မြေရှိပြောက်ကျားတွေ၊ နိုင်ငံရေးသမားတွေ၊ သံတမန်တွေ၊ မီဒီယာသမားတွေ၊ ပြည်သူအရေးကိုလိုလားတဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေနဲ့ ချိတ်ဆက်ပြီး တိုက်ပွဲကိုပုံဖေါ်လေ့ရှိပါတယ်။

ပြည်သူ့ပြောက်ကျားတွေဟာ ကျူးကျော်တာကို မကြိုက်ဘူး၊ အနိုင်ကျင့်တာကိုမကြိုက်ဘူး၊ ရက်စက် ယုတ်မာမှုတွေကိုမြင်ရတဲ့ အခါ ထိခိုက်နာကျင်သူတို့ဘက်က ကိုယ်ချင်းစာစိတ်ဖြစ်လာလေ့ရှိတယ်။ အဲဒီကတဆင့် ထိခိုက်နစ်နာသူတွေဘက်က ရပ်တည်ကာ တိုက်ခိုက်တတ်တယ်။ အဲဒါကြောင့် ပြည်သူတွေနဲ့သူတို့ဟာ တသားတည်းဖြစ်နေတတ်ပါတယ်။ အဲဒါဟာ ပြည်သူ့ပြောက်ကျားတွေရဲ့ အသက်ဖြစ်ပါတယ်။ အဲဒါကြောင့် ပြည်သူ့ပြောက်ကျားတွေရဲ့ စိတ်အင်အားဟာ ထက်မြက်နေလေ့ရှိပါတယ်။ တဖက် ရန်သူ အကြမ်းဖက် အာဏာရှင်တပ်မှာလည်း ကျဉ်မြောင်းတဲ့ ဘာသာရေး၊ လူမျိုးရေး ဝါဒရေး၊ ပုဂ္ဂိုလ်ရေး မှိုင်းတွေ ကြောင့် တက်ကြွနေတတ်ပါတယ်။ ဒါပေမယ့် အဲဒီမှိုင်းတွေ လွင့်ပြယ်သွားတဲ့ အခါမှာတော့ အာဏာရှင်တပ်ဟာ သွေးရှုးတန်းရှုးဖြစ်သွားလေ့ရှိပါတယ်။ ဒါကိုသိတဲ့ ပြည်သူ့ပျောက်ကျားတွေဟာ အာဏာရှင်တပ်နဲ့ ထိပ်တိုက်မတွေ့ခင်ကတည်းက မှိုင်းတွေကို ဖယ်ရှားဖို့ မီဒီယာစစ်မျက်နှာတွေ၊ အနုပညာစစ်မျက်နှာတွေကို အရင်ဖွင့်လေ့ရှိပါတယ်။

ပြည်သူ့ပြောက်ကျားတွေဟာ သစ်တပင်ချင်းစီကိုကြည့်တတ်သလို တောအုပ်တခုလုံးကိုလည်း မြင်တတ်ကြပါတယ်။ တခါတရံ မိမိထက်အင်အားကြီးသူကို တိုက်ပွဲငယ်တွေမှာ နိုင်ခွင့်ပေးပြီး အဆုံးအဖြတ်ပေးမယ့် တိုက်ပွဲကြီးဆီကို ထောင်ခြောက်ဆင်ခေါ်ဆောင်ကာ အနိုင်ယူတတ်ပါတယ်။ ရန်သူက တိုက်ပွဲငယ်တွေအပေါ်အနိုင်ရတာကို သာယာပြီး နောက်ထပ်တိုက်ပွဲငယ်တွေကို အလောတကြီး တိုက်လေ့ရှိပါတယ်။ အာဏာရှင်တပ်ဟာ အဲဒီလိုတိုက်ရင်း သူ့ရဲ့ ရှေ့တန်းတပ်ဟာ နောက်တန်းထောက်ပံ့ရေးတပ်တွေနဲ့ အဆက်ပြတ်ပြီး ခြေမှုန်းခံရလေ့ရှိပါတယ်။ ဒါမှမဟုတ် လျှင်လည်း အောင်ပွဲခံနယ်မြေတွေကို စိုးမိုးဖို့ အဖက်ဖက်က အားနည်းနေတော့ နယ်မြေတွေ ပြန်လည်လက်လွတ်ကာ အင်အားပြုန်းတည်းသွားလေ့ရှိပါတယ်။ ဒီထက်ဆိုးတာက အချိန်ပြုန်းတည်းသွားတာပါပဲ။ ဒီအချက်ကို ပြည်သူ့ပြောက်ကျား ဗျူဟာရေးဆွဲသူတွေက အသုံးချတတ်ပါတယ်။ အဲဒီက တဆင့် စစ်ပွဲကြီးတခုလုံး အနိုင်တိုက်ရေးအထိ ဗျူဟာကိုချိတ်ဆက်ရေးဆွဲထားလေ့ရှိသည်။ အဲဒီနည်းဗျူဟာ ဟာ ပြည်သူ့ပြောက်ကျားတွေအနေနဲ့ စွန့်လွှတ်ခဲ့ရတဲ့ နယ်တွေကို ပြန်လည် ရယူ နိုင်ပေမယ့် အကြမ်းဖက် အာဏာရှင်အတွက်တော့ ကုန်ဆုံးခဲ့တဲ့ အချိန်တွေကို ပြန်လည်မရနိုင်တော့ တာသေချာပါတယ်။ ဒီနည်းဗျူဟာ က ရှေ့တိုးမယ့်ဆင် နောက်တလှမ်းဆုတ် တဲ့ နည်းဗျူဟာပါ။ ဒီလိုနည်းဗျူဟာကို သုံးမယ်ဆိုရင် အလွန်သတိထားရပါတယ်။ မိမိက အားယူဖို့ နောက်တလှမ်းဆုတ်နေတာကို ရန်သူက အခွင့်ကောင်းယူပြီး ကြီးမားတဲ့ အင်အား၊ လျှင်မြန်တဲ့ ထိုးစစ်၊ ခေတ်မီဆန်းသစ်တဲ့ လက်နက်အသစ်တွေနဲ့ သေသပ်တဲ့ နည်းဗျူဟာတွေကို သုံးပြီး အနားမပေးပဲ တိုက်ခိုက်တတ်တတ်ပါတယ်။

အဲဒါကြောင့်ပြောက်ကျားခေါင်းဆောင်တွေဟာ မိမိအင်အားအခိုင်အမာ နဲ့ အသင့်ရှိနေတဲ့နေရာကို အင်အားမရှိသယောင်နဲ့ ရန်သူကို စစ်မြူရင်း ထောင်ခြောက်ဆင်တတ်ပါတယ်။ အင်အားကြီးပြီးလောဘကြီးတဲ့ အာဏာရှင် ဗျူဟာမှူးတွေဟာ အဲဒီလိုထောင်ခြောက်မှာ မကြာခဏ မိတတ်တာကိုတွေ့ရပါတယ်။ သူတို့ဟာ အင်အားနည်းတဲ့ပြောက်ကျားတွေကို အထင်သေးတယ်၊ အဆုံးအဖြတ်ပေးနိုင်မယ့် တိုက်ပွဲကြီးတွေကိုပဲ မီးကုန်ယမ်းကုန်တိုက်ချင်ကြတယ်။ အဲဒီအတွက်လည်း ဂုဏ်ယူကြတယ်။ ဒါပေမယ့် သူတို့ သတိလက်လွတ်ဖြစ်သွားတာက အနိုင်ရဖို့ အဆုံးအဖြတ်ပေးမယ့်တိုက်ပွဲကြီးတွေကို အထူး အထောက်အပံ့ပေးနေတာ နယ်မြေခံ ပြည်သူ့ပြောက်ကျားတွေ ဆိုတာပါပဲ။

ဂျပန်တော်လှန်ရေးမှာ အင်္ဂလိပ်တွေ အောင်ပွဲခံနိုင်ခဲ့တာ မြန်မာပြည်က ပြည်သူ့ပြောက်ကျားတွေရဲ့ အထောက်အပံ့ဟာ အလွန်ကြီးမားခဲ့တယ်ဆိုတာ သက်သေပါပဲ။

ကျွန်တော်ဒီနေ့ဖတ်မိတဲ့ပြည်သူ့ပြောက်ကျားတွေအကြောင်း အနှစ်ချုပ်ပြောရရင် ပြည်သူ့ပြောက်ကျားတွေဟာ သူ့ထက်အင်အားအဆမတန်ကြီးတဲ့ တပ်မကြီးတွေကို နောက်တလှမ်းဆုတ် ပြီး ထောင်ခြောက်ဆင်ကာ ခြေမှုန်းတတ်တယ်။ အခိုင်အမာအင်အားရှိတဲ့ နေရာကို အင်အားမရှိသယောင်ပြပြီး ရန်သူကို စစ်မြူတတ်တယ်။ အထူးသဖြင့် အင်အားနည်းတဲ့ ပြောက်ကျားတွေကို အင်အား အလွန်အကျွံသုံးပြီး အဆုံးအဖြတ်ပေးမယ့်စစ်ပွဲကြီးတွေကိုသာ တိုက်ချင်တဲ့၊ လောဘကြီးတဲ့ အာဏာရှင်တပ်မှူးဟာ ပြည်သူ့ပြောက်ကျားတွေအတွက် သားကောင်ကလေး တစ်ကောင်သာဖြစ်တယ်။

ဒီနေ့ ဒီဆောင်းပါးကိုရေးနေရင်း

သွေးဆာနေတဲ့ အာဏာရှင်တပ်တွေဟာ လောဘ ဒေါသတွေနဲ့ စစ်ပွဲတွေမှာ မရှုမလှ ရှုံးလေ့ရှိပေမယ့် ၊ လူသားသမိုင်းကို ကောင်းအောင်စောင့်ရှောက်နေတဲ့ ပြည်သူ့ပြောက်ကျား ခေါင်းဆောင်တွေကတော့ စစ်ပွဲတိုင်းမှာ အောင်လံ တလူလူလွင့် နေမှာပါ လို့ တွေးမိပါတယ်။

အန်ကယ် - တူမီး၁၁/၇/၂၀၂၁
Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar