Breaking News

မြန်မာပြည်မှာ စစ်တပ်အာဏာသိမ်းပြီး ၅ လ ၂၉ ရက် မြောက်နေ့ မြင်ကွင်း

Photo - DVB

မြန်မာပြည်မှာ စစ်တပ်အာဏာသိမ်းပြီး ၅ လ ၂၉ ရက် မြောက်နေ့ မြင်ကွင်း

(မိုးမခ) ဇူလိုင် ၂၉၊ ၂၀၂၁
အကြပ်အတည်းက ဘယ်သူကယ်ထုတ်မလဲ


ဖေဖေါ်ဝါရီလ ၁ ရက်နေ့ကစလိုက်တဲ့ ဆိုးရွားတဲ့ နိုင်ငံရေး အပြောင်းအလဲက တဖြည်းဖြည်း နဲ့ အခက်အခဲထဲ ပိုနက်ရှိုင်းတဲ့ ပြဿနာထဲကို ကျဆင်းနေခဲ့တာ ဖြစ်ပါတယ်။ခေတ်သစ် မြန်မာ့သမိုင်းမှာ အဆိုးဆုံး ကျဆင်းမှု ပြဿနာပေါင်းစုံ ပေါင်းဆုံမှု တခုလည်း ဖြစ်လာခဲ့ပါတယ်။

နိုင်ငံရေး အကြပ်အတည်း ထွက်ပေါက်မရှိ ပြဿနာကို တည့်တည့်ရင်ဆိုင်ကြမယ့် စိတ်အခြေအနေ ၊ ရုပ်ဝတ္တုအခြေအနေတွေဆီ ရောက်ရှိလာခဲ့တဲ့ အနေအထားလည်း ဖြစ်လာပါတယ်။ လွတ်လပ်ရေးရပြီးခေတ်မှာ ၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးနောက် အခြေအနေဆိုးရွားမှုကို နှိုင်းယှဥ်မယ်ဆိုရင် ၁၉၄၉/၅၀ ခုနှစ် ပြည်တွင်းစစ် အရှိန်အမြင့်ဆုံးကာလ၊ ၁၉၈၈ ခုနှစ် အရေးအခင်း အာဏာသိမ်းမှုကာလနဲ့ သာနှိုင်းယှဥ်လို့ ရမယ်လို့ထင်ပါတယ်။

အခြားသော အဖြစ်အပျက်တွေက ခုလောက်မဆိုးရွားခဲ့ဘူးလို့ ဆိုရမယ် ဖြစ်ပါတယ်။

ခုတကြိမ် ကံဆိုးမ သွားရာ မိုးလိုက်လို့ရွာဆိုတဲ့ စကားပုံသဖွယ် ဒုက္ခကို ဒုက္ခထပ်ဆင့်တာကတော့ ကိုဗစ် ကူးစက်ကပ်ဘေးပဲ ဖြစ်ပါတယ်။ ပုံမှန်ပဋိပက္ခ မဖြစ်ပွားတဲ့ကာလမျိုးမှာတောင် ကူးစက်ရောဂါ ဘေးကို ခုခံတိုက်ဖျက်ဖို့ မြန်မာနိုင်ငံလို ဘဏ္ဍာရေး၊ ကျွမ်းကျင်သူ အရင်းအမြစ်နည်းပါး တဲ့နိုင်ငံအနေနဲ့ ခက်ခက်ခဲခဲ ကြိုးပမ်းရမယ့် အခြေအနေရှိတာကေြာင့် အခုလို နိုင်ငံရေး ပြဿနာ အရှိန်အမြင့်ဆုံးရောက်နေချိန်မှာ ပြင်းထန်တဲ့ ကိုဗစ် မျိုးဗီဇကွဲ ရဲ့ ကူးစက်မှုကို ခံရတဲ့အခါ လူထုအနေနဲ့ ချစ်ခင်တန်ဖိုးထားသူတွေ ၊ လူကြီးမိဘတွေ၊ လူမှုအသိုင်းအဝိုင်းအတွက် ရတနာသဖွယ် စာပေ အနုပညာရှင်တွေ၊ နိုင်ငံရေးခေါင်းဆောင်ဟောင်းတွေ၊ လူအများလေးစားတဲ့ အတတ်ပညာရှင်တွေ၊ အသိပညာရှင်တွေ တယောက်ပြီးတယောက် ဆုံးရှုံးသွားတာကို ထိုင်ကြည့်နေကြရသလို ဖြစ်နေပါတယ်။

နေ့စဥ်လိုလို လူ့လောကကို နှုတ်ဆက်ကာ ထွက်ခွာသွားကြရသူတွေ ရဲ့ အမည်နာမတွေ၊ သူတို့ရဲ့ လုပ်ဆောင်ခဲ့တဲ့ လုပ်ဆောင်မှု မှတ်တိုင်တွေ၊ သေဆုံးသူစာရင်းတွေကို နံနက်မျက်စေ့နှစ်လုံး ပွင့်တဲ့ဆီက စလို့ မြင်ရ ကြားရ တာ ညအိပ်ချိန်တိုင်အောင်ပဲ ဖြစ်ပါတယ်။

ဒီနိုင်ငံရေးအကြပ်အတည်း တနည်းအားဖြင့် ချောက်ထဲက အပေါ်ပြန်တက်ဖို့ ဘယ်သူတွေက လုပ်ဆောင်နိုင်မှာပါလဲ။ နိုင်ငံတကာ အစိုးရတွေလား၊ ကုလသမဂ္ဂလို၊ အာဆီယံလို နိုင်ငံတကာ အဖွဲ့အစည်းတွေလား လူထုက မဲပေးရွေးချယ်ထားတဲ့ NLD ပါတီကလား၊ ခုပွဲက လက်နက်ကိုင် တိုက်ပွဲနဲ့မှ အနိုင်ရမယ်လို့ အများက ယူဆကြတာမို့ လက်ရှိ လက်နက်ကိုင်တိုက်ခိုက်နေကြတဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေလား စတဲ့ မျှော်လင့်ချက်၊ အားကိုးရာ၊ ဖြစ်နိုင်ခြေ ရှိတယ်လို့ ယူဆတဲ့ ကယ်တင်ရှင် အဖွဲ့အစည်းတွေကို လူထုက မျှော်လင့်ကြတာ သဘာဝပဲ လို့ဆိုရမှာပါ။

စစ်အာဏာသိမ်းပြီးခါစ ကတည်းက ယူအန် ရဲ့ Responsibility to Protect လိုမျိုးကို မျှော်လင့်ခဲ့ကြတာတွေ ရှိခဲ့သလို တချို့နိုင်ငံတကာ အစိုးရတွေက စစ်ရေး နဲ့ ဟန်ပြဖိအားပေးမလား ဆိုတာမျိုးလည်း ဆိုရှယ်မီဒီယာတွေမှာ ရေးသားကြ ပြောကြတာ ကြားရ မြင်ကြရပါတယ်။

ဒီလို စစ်အာဏာရှင် ဆန့်ကျင်တိုက်ဖျက်ရေး အရေးတော်ပုံ အောင်မြင်ဖို့ရာ လူထုအနေနဲ့ စိတ်ဓါတ်တွက်ကြွအောင် အားတက်လာအောင် နိုင်ငံတကာ ရဲ့ စစ်ရေး ကူညီထောက်ပံ့မှုမျိုး ကို စိတ်ဓါတ်စစ်ဆင်ရေးသဖွယ် ပြောက ဖြန့်ကြတာကို နားလည် နုိင်ပေမယ့် အခြားတဖက်မှာလည်း အဲဒီလို အကြောင်းအချက်တွေအပေါ် အားကိုး မျှော်လင့်နေခြင်းက တကယ် လုပ်သင့်လုပ်ထိုက်တာ ၊ လက်တွေ့ကျတဲ့နိုင်ငံရေး လမ်းကြောင်းပေါ် မရောက်နိုင်ပဲ အရေးတော်ပုံက နှစ်ရှည်လများ ရှည်ကြာမယ့် အရေးလည်း စိုးရိမ်ရပါတယ်။
နိုင်ငံရေး ခေါင်းဆောင်သူတွေ အနေနဲ့ တကယ်လက်တွေ့ကျတဲ့ လမ်းကြောင်းကို လူထုကို ရှင်းပြရမှာ ဖြစ်ပြီး လူထုကို ဦးဆောင်ဖို့က အရေးကြီးလှပါတယ်။ နိုင်ငံတကာ သံတမန်အရေး ကိစ္စတွေကလည်း အရေးကြီးတာမှန်ပေမယ့် အနိုင်အရှုံးအဆုံးအဖြတ်က ပြည်တွင်းမှာ စစ်အာဏာရှင်တွေကို ထိရောက်တဲ့ ဖိအားပေးနိုင်ဖို့ပဲ ဖြစ်ပါတယ်။

နိုင်ငံရေးနည်းနဲ့ ဖိအားပေးမှာလား စစ်ရေးနည်းနဲ့ ဖိအားပေးမှာလား၊ နုိင်ငံရေးရော စစ်ရေးနည်းရော ပေါင်းစပ်အသုံးပြုမှာလားဆိုတာတွေက နိုင်ငံရေး မဟာဗျူဟာ ချမှတ်သူတွေ ဆုံးဖြတ်ရမယ့် ကိစ္စဖြစ်ပါတယ်။

ရှင်းလင်းတဲ့ အချက်တချက်ကတော့ မြန်မာနိုင်ငံရဲ့ စစ်အာဏာရှင်စနစ် တိုက်ဖျက်ရေးဟာ ပြည်တွင်းမှာ ရှိတဲ့ လူထုနဲ့ နိုင်ငံရေးအင်အားစုတွေရဲ့ စုပေါင်းအားထုတ်မှုကသာ အဓိက အဆုံးအဖြတ်ဖြစ်တယ်ဆိုတဲ့ အချက်ပဲ ဖြစ်ပါလိမ့်မယ်။

Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar