Breaking News

လင်းလက်နွေဦး - ယစ်မူး၍ ယုတ်မာလေသောအခါ

Photo- The Straits Time
ယစ်မူး၍ ယုတ်မာလေသောအခါ
လင်းလက်နွေဦး
(မိုးမခ) ဇူလိုင် ၃၀၊ ၂၀၂၁
 

တနေ့က ဖျားတယ်၊ ကိုယ်ကရောဂါအခံရှိလေတော့အတော်လန့်တယ်ပေါ့။ ရောက်နေတဲ့ရွာလေးက အောက်ဆီဂျင်ဆိုတာလည်း မရှိ၊ အောက်ဆီဂျင်စက်ဆိုတာလည်း မမြင်ဖူး၊ မှောက်ပဲအိပ်ရမယ့်ရွာ။ ကြားတာတော့၊ ရွာက မနေနိုင်တဲ့လူတစုက အောက်ဆီဂျင်စုပေးထားတာ၊ (၅)လုံးရှိသတဲ့။ အဲ (၅)လုံးကနေလာခွဲယူရင် ထည့်ပေး လိုက်တယ်။ ကုန်ရင်၊ မြို့တက်အလှူခံပေါ့။ တချို့ကြွယ်ဝချမ်းသာတဲ့သူတွေကတော့ အောက်ဆီဂျင်အိုးကြီးတွေ၊ ကွန်ဆန်ထရေတာတွေဝယ်ထားဆိုလား။ ကြွယ်ဝတယ်ဆိုတာ ပစ္စည်း၊ ငွေကြေး၊ အခြွေအရံပေါများကြွယ်ဝတယ်ပေါ့။ အဲဒီပေါများကြွယ်ဝမှုတွေကို ကိုယ်ချမ်းသာအောင်၊ စိတ်ချမ်းသာအောက်အသုံးပြုတတ်တာကိုချမ်းသာတယ်လို့ ခေါ်တယ်ထင်ပါရဲ့။ ဘာကြောင့် ဒီလိုပြောရသလဲဆိုရင်၊ တချို့က ကြွယ်ဝတယ်၊ ဒါပေမယ့် အသုံးမချတတ်ဘူး၊ ဒါကြောင့် ဆင်းရဲရတယ်ပေါ့။ အဆုတ်ရောဂါရှိလို့ ဆရာဝန်တွေက အောက်ဆီဂျင်ရှူရမယ်၊ ဆောင်ထားပါလို့ပြောတယ်၊ လူကလည်း ငွေကြေးတတ်နိုင်တယ်နော်၊ ဒါပေမယ့် နှမြောလို့အလကားရမယ့်နေရာတွေကနေ လိုက်ငှားတာမျိုးပေါ့။ အဲ တချို့ကတော့ ငွေရှိတယ်၊ ဗဟုသုတ မကြွယ်ဝဘူး၊ ဒီတော့ လို အပ်ပေမယ့်အောက်ဆီဂျင်အိုးတို့ဘာတို့ ဝယ်မထားမိဘူးပေါ့။

အရင်ကဆိုရင် ပြည်သူ့ဆေးရုံတွေရှိသားပဲလို့ဖြေလို့ရတယ်။ အောက်ဆီဂျင်အိုးကဝယ်ထားရင် အသုံးလိုချင်မှလိုမယ်၊ ဆေးရုံတက်မယ်၊ စေတနာရှင်တွေ ကျွေးတဲ့အာဟာရပြည့်ပြည့် အစားအစာတွေစားမယ်။ အောက်ဆီဂျင်လိုလား၊ ရတယ်။ ဆေးလိုလား၊ အေးဆေး။ လိုတရ၊ မရရင် ကွန်ပလိန်းတက်လို့ ရသေးတယ်။ စားရတာက အားမဖြစ်ဘူးတို့၊ နေရတာက သန့်ရှင်းမှုမရှိဘူးတို့၊ အိမ်သာက ဘိုထိုင်မဟုတ်ဘူးတို့ ဘာတို့ပေါ့။ ခုများတော့၊ ပြည်သူ့ဆေး ရုံတွေကလည်း ပြည်သူ့ဘက်ကမဟုတ်တော့ဘူး။ အဲလေ ပြည်သူ့ဆေးရုံအစစ်ပါလေ၊ အောက်ဆီဂျင် ကိုယ့်ဘာသာရှာ၊ ဆေးကိုယ့်ဘာသာဝယ်။ အရင်တစ်ပတ်လောက်က ဝမ်းကွဲအစ်ကိုတယောက် ဆီးချိုတွေတက်၊ အောက်ဆီဂျင်(၈၀)နဲ့ ဆေးရုံလွှတ်လိုက်ရတယ်။ အောက်ဆီဂျင်၊ ဆေး၊ ထမင်းကိုယ့်ဘာသာဝယ်ရတယ်။ ဝယ်ရလို့ပြောတာမဟုတ်ဘူး၊ လင်ကိုယ်မယားနှစ်ယောက်တည်းဆိုတော့ ဒီလူနာစောင့်ကပဲ၊ လူနာစောင့်လိုက်၊ ဆီးချိုဖောက်လိုက်၊ ဆေးတိုက်လိုက်၊ အောက်ဆီဂျင်ပေးလိုက်နဲ့ ဆေးတွေဘာတွေ အပြင်ထွက်ဝယ်ရမယ်ဆိုရင်၊ တွေးကြည့်ပေါ့။ နောက်တခုက ရောဂါပိုးတွေ ဖြန့်ပေးနေသလိုဖြစ်ကုန်မှာပဲ။

ဆေးရုံတက်တယ်ဆိုတာ၊ လူနာကို(အိုင်ဆိုလိတ်)လုပ်ဖို့၊ တခြားလူတွေကို ရောဂါမကူးစေဖို့၊ ရောဂါကို ကိုယ့်ရှေ့မှောက်မှာပဲ ဖိဖိစီးစီးကုသပေးနိုင်ဖို့ မဟုတ်လား။ ဆေးမှာတာများ ဆရာ/ ဆရာမတယောက်ယောက်နဲ့ မှာလိုက်ပါ့လားလို့ပြောမိတော့၊ သွေးဖောက်စစ်လို့ (ပီ)ဖြစ်သွားရင် ဆရာ၊ ဆရာမတွေက ကပ်တောင်မကပ်တော့ဘူးတဲ့။ တကယ်တော့ သွေးဖောက်စစ်မှ ပီမှန်းဘာမှန်း သိတာမဟုတ်ဘူးရယ်။ လက္ခဏာနဲ့ကိုရာနှုန်းပြည့်နီးပါး သိနိုင်ပါတယ်။ ဆီးချိုဆေး/အင်ဆူလင်ထိုးရမယ်ဆို ဘယ်သူထိုးမှာလဲဆိုတော့၊ လူနာရှင်ကပဲထိုးပေးရမှာတဲ့။ ဆရာက ဖုန်းနဲ့ပြောပြမှာတဲ့လေ။ တယ်လီကွန်ဆောတန့်ဖြစ်ကုန်တာပေါ့။ အဲဒီ နန်းကိုကိုနန်းမမတို့ကလည်း အစတုန်းကတော့ လူနာအတွက်၊ တိုင်းပြည်အတွက်နဲ့ ခုတော့ NUG MOH လိုလိုဘာလို လိုနဲ့ဖုန်းနဲ့ကုသပေးနေကြတယ်ပေါ့။ သူတို့မှာ ပီပီအီးတွေအစုံအလင်၊ ရန်ပုံငွေတွေအလျှံပယ်၊ အောက်မယ် လက်နက်ကိုင်အစောင့် အရှောက်တွေတောင် ရှိသေးတယ်မဟုတ်လား။

ဒါနဲ့များ ပီပီအီးလေးဝတ်ပြီး တနေ့တခါလောက်တောင် သွားမကြည့်နိုင်ဘူးနော်။ အော်၊ ဒါနဲ့ လူနာအရေးပေါ် ခလုတ်လေးထားသေးလား။ အရင်အစိုးရတုန်းကဆို(ကျူ)စင်တာတွေက ထိတွေ့မိသူတွေကို တနေ့နှစ်ခါ အဖျားတိုင်းပေးရတယ်။ ခု စကစလက်ထဲ ရေတိမ်နစ်တော့မှ ဝါးကတ်နဲ့အိပ်ရမလိုလို၊ အိမ်သာပဲလုတက်ရမလိုလို၊ မိုးကာတဲထဲ ခွေခွေလေးအိပ်ရမလိုလို။ (ကျူ)စင်တာ မရှိတဲ့အပြင်၊ ကျူဝင်ရမယ့် သူတွေကိုယ်တိုင် အောက်ဆီဂျင်တန်းစီနေရ၊ ဆေးဆိုင်မှာတန်းစီနေရကိုး။ နောက်ထပ်တန်းစီနေရတာ ရှိသေးတယ်၊ ကြက်ဥတစ်လုံး(၅)ကျပ်တို့၊ ဆန်တစ်ပြည်ဘယ်လောက်၊ ဆီတစ်ဗူး ဘယ်ရွေ့ ဆိုတာတွေပေါ့။ စစ်ဘေးနဲ့ ကျပ်တည်းနေလေတော့ ဗစ်ဘေးကိုမကြောက်၊ ‘ငါ့ဝမ်းပူဆာ မနေသာ’ လူအုပ်ကြီးထဲ တိုးဝှေ့ရပြန်တယ်။ ဒီလိုနဲ့ လူတိုင်းကိုကိုဗစ်ကူး၊ မသေလို့ကျန်ခဲ့တဲ့သူတွေက (ဟာဒ်အင်မျူနတီ)ရတော့မယ်ထင်ပါရဲ့။ ဒါပေမယ့် လူဦးရေရဲ့ (၅- ၁၀)% လောက် စတေးရမယ်လို့ ပြောပါတယ်။ ပြီးတော့၊ ဒါကြီးက တကယ်ဟန်ရဲ့လားတော့ မသိပါဘူး။

ဖေဖော်ဝါရီလက စစ်အာဏာရှင်တွေအရူးထပြီး နိုင်ငံအာဏာမသိမ်းဘူးဆိုရင်…အဲသလိုမျိုးတွေခဏခဏဖြစ်ရတဲ့တိုင်းပြည်ထင်ပါရဲ့။ ငယ်ငယ်ကစိတ်ကူးယဉ်ခဲ့ဖူးတယ်၊ ကနောင်မင်းသားကြီးလုပ်ကြံမခံရဘူးဆိုရင် တို့တိုင်းပြည်ခေတ်မီတိုးတက်နေလောက်ပြီ။ သူ့ကျွန်ဘဝမရောက်လောက်ဘူးပေါ့။ အဲတုန်းကလည်း 'ကီနဲ့ကုတ်' ရှုပ်ခဲ့လို့ ရေလမ်းကလာမယ့်နယ်ချဲ့တွေကို ရေမြှုပ်ဗုံးတွေနဲ့မတားဆီးနိုင်ခဲ့ဘူး။ နောက်၊ ဗိုလ်ချုပ်တို့လုပ်ကြံမခံရဘူးဆိုရင် တို့တိုင်းပြည်အတော်လေး တိုးတက်ဖွံ့ဖြိုးနေလောက်ပြီပေါ့။ ဟိုလူလာလည်း မျက်နှာချိုသွေးရ၊ ဒီလူလာလည်း မျက်နှာချိုသွေးရတဲ့ဘဝမရောက်တော့ဘူး။ ကမ္ဘာမှာ မြန်မာလို့ ပီပီပြင်ပြင်ပေါ်ထွက်လာမှာပေါ့။ ခုတော့၊ တရုတ်နိုင်ငံထဲက ကိုလိုနီနယ်လေးလိုလို၊ ရုရှနိုင်ငံအောက်က ဒိုမီနီယံနိုင်ငံလေးလိုလို ဖြစ်နေရတယ်။ မအလတွေကြောင့် တိုင်းပြည်ကချွတ်ခြုံကျနေပြီ၊ သယံဇာတကျိမ်စာဆိုလား။ ဒါပေမယ့် ရှေးကမှူးကြီးမတ်ရာတွေပြောသလို ‘ရွှေတွင်း ငွေတွင်း ပယင်း ဒုတ္ထာ’ဆိုသလို ဟိုက ဒီကထွက်နေလေတော့ လောဘတွေ အတော မသတ်နိုင်ဖြစ်နေကြတယ်။ ဆင်ပိန် ကျွဲလောက်ပေါ့ဗျာ။ အဲဒီမအလတွေကြောင့် အောက်ဆီဂျင်လည်း မလုံမလောက်၊ ဆေးဝါးလည်းမလုံမလောက်၊ ဝန်ထမ်းအင်အားလည်းမလုံမလောက် ကမောက်ကမတွေ ဖြစ်ကုန် တယ်။ ပြည်သူတွေကလည်း ဒီကောင်တွေအပေါ် စေတနာနည်းနည်းမှမရှိတာကြောင့် ငါးပိတစ်ကော်တောင် မလှူနိုင်ပါဘူး။

ဖေ့စ်ဘုတ်ထဲက အဖျားကကိုယ့်ဆီရောက်လာပါလေရော။ ဆေးရုံသွားပြမယ်ဆိုတော့၊ တိုက်နယ် ဆေးရုံကလည်း တရုံလုံးစီဒီအမ်လုပ်လို့ ဝရမ်းပြေးဖြစ်နေရ။ ဒီတော့ ပါရာစီတမောနဲ့ စီဗစ်တစ်တွဲသောက်ပြီး ခွေအိပ်နေရတယ်ပေါ့။ ခွေအိပ်ပေမယ့် အိပ်မပျော်ဘူးရယ်၊ နှလုံးခုန်နှုန်းတွေက ကပေါက်တိ ကပေါက်ချာ၊ လည်ချောင်းယား ချောင်းဆိုး၊ အဆစ်အမြစ်တွေက ကိုက်ခဲညောင်းညာဆိုတော့ မှောက်လိုက်၊ စောင်းလိုက် လုပ်နေရတယ်။ အဲတော့ အားကိုးရာ ရှာတာပေါ့လေ၊ ခလုတ်ထိမှ အမိတ ဆိုသလိုပေါ့။ ‘ရေနစ်သူ ဝါးကူ ထိုး’ မဟုတ်ရင် ပြီးတာပါပဲ။ ဟို မအလတို့ကတော့ ကိုဗစ်နဲ့ အတိဒုက္ခ ရောက်နေတာတောင် စစ်ဘေးနဲ့ ထိုးချနေသေးတာမဟုတ်လား။ ဒါတောင် မရှက်မကြောက် နိုင်ငံတော်ကြီး ချောက်ထဲကျဖို့ လက်တလုံး အလိုတို့ လက်နှစ်လုံး အလိုတို့ ပြောတတ်တယ်နော်။ တကယ်တော့၊ သူတို့ပဲ တွန်းချနေတာရယ်။ သိတော်မူကြတဲ့အတိုင်း၊ တိုင်းပြည့်ဘဏ္ဍာ ကိုယ့်ဟာမှတ်ပြီး သားစဉ်မြေးဆက်အတွက် ခိုးယူလုယူထားတာတွေ မနည်းမနှောကြီး။ သီချင်းထဲကလို ‘အာ ကာကို လွှာပုံပြုလို့ မေယုကိုတဲ့ စုတ်တံချီ’ရ မလိုပါပဲ။ မကောင်းတာတွေချည်းပဲထိုင်ပြောနေရတာ မကောင်းပါဘူးလေ။ ကောင်းတာများရှိမလား ထိုင်စဉ်းစား ကြည့်တယ်၊ ဖင်က အညှောင့်ပေါက်လာတယ်၊ တစ်ကွက်မှမရှိဘူး။

အဲလေ၊ ကိုယ်လည်း ဖျားရာကနေလမ်းချော်သွားပါလား။ ချော်ဆို၊ တည့်နေတဲ့လမ်းကြောင်းကြီးကိုတောင် ချော်ပစ်တဲ့ကောင်တွေရှိနေတာကို။ နတ်ပြည်လိုဖွံ့ဖြိုးမယ်၊ အေးချမ်းသာယာမယ်ဆိုတာကို ပြည်သူတွေ ဖွံ့ဖြိုးသာယာမှာ မနာလိုမရှုစိမ့်တဲ့ကောင်တွေကိုး။ တိုင်းပြည်အေးချမ်းမယ်၊ ပြည်သူတွေ အေးချမ်းမယ်၊ အေးအေးချမ်းချမ်း စီးပွားရှာနိုင်မယ်၊ အေးအေးချမ်းချမ်းပညာသင် နိုင်မယ်၊ အေးအေးချမ်းချမ်း နေထိုင်နိုင်မယ်။ ဒီလိုမဟုတ်လား။ ဒီလိုအေးချမ်းသာယာလေတော့၊ အသိပညာတွေ ဗဟုသုတတွေ အတွေးအခေါ်တွေ တိုးတက်ကောင်းမွန်လာမယ်။ တိုးတက်ကောင်းမွန်လာတော့ ကောင်းမှန်း ဆိုးမှန်းသိမယ်၊ ကောင်းတယ်ဆိုးတယ် ဝေဖန်နိုင်မယ်။ ဒီလို တော်နေထက်နေတဲ့သူတွေက ငတုံးငအ၊ လူဆိုးလူမိုက်တွေရဲ့အုပ်ချုပ်မှုကို ဘယ်...လက်ခံနိုင်မလဲ။ ဒါကို ရှေးအဆက်ဆက် အာဏာရှင်တွေ သိတယ်၊ သိတော့ ပညာရေးစနစ်ကစလို့ စနစ်တကျဖျက်ဆီးခဲ့တာ ဖြစ်ပါတယ်။

အရင်က မော်ကြွားခဲ့ရတဲ့ ရန်ကုန်တက္ကသိုလ်ကြီး၊ အရင်က မော်ကြွားခဲ့ရတဲ့ ရန်ကုန်လေဆိပ်၊ အရင်က မော် ကြွားခဲ့ရတဲ့ ရန်ကုန်မြို့ကြီး။ နောက်ဆုံးမင်းနေပြည်တော်ဆိုတဲ့၊ ယဉ်ကျေးမှုမြို့တော်ကြီးဆိုတဲ့၊ နန်းတော်ရှေ့၊ မြို့မငြိမ်း၊ ရွှေမန်းတင်မောင်စတဲ့ ဂီတသဘင်ပညာရှင်တွေရဲ့ မြို့၊ မန္တလေးမြို့ကရော။ မွဲပြာကျသွားအောင် လုပ်ပစ်ခဲ့ကြပါတယ်။ ကောင်းပေ့ညွန့်ပေ့ဆိုတဲ့ နေရာတွေကို သိမ်း၊ ရောင်းစား၊ ဒါမှ မဟုတ် မဆီမဆိုင်တဲ့ လုပ်ငန်းတွေ ထလုပ်။ နမူနာပြရမယ်ဆိုရင်၊ ဗိုလ်ချုပ်အောင်ဆန်းရဲ့သမိုင်းနဲ့ ခွဲမရတဲ့ အောင်မြေ၊ မြန်မာ့သမိုင်းကြောင်းမှာ အထင်ကရနေရာတစ်ခုဖြစ်တဲ့ 'ဂျူဗလီဟော'၊ သို့တည်းမဟုတ် စစ်သမိုင်းပြတိုက်နေရာဟောင်းကို ဟို တယ်ဆောက်တယ်ဆိုတာမျိုးပေါ့။ စစ်တပ်က (၁၉၉၀) ပြည့်နှစ် လောက်က ဦးပိုင်ကုမ္ပဏီနဲ့ စီးပွားရေးလောကထဲရောက်လာခဲ့ပြီး အခုဆို လုပ်ငန်းပေါင်း (၁၂၀)ကျော် ရှိတယ်လို့ သိရပါတယ်။ တပ်ပိုင် စီးပွားရေးလုပ်ငန်းတွေနဲ့ ပြည်တွင်းမှာ ဖက်စပ်လုပ်ကိုင်နေတဲ့ နိုင်ငံခြား ကုမ္ပဏီပေါင်း (၁၅)ခု၊ တခြားသော စီးပွားရေးဆက်ဆံမှုတွေ ပြုလုပ်တဲ့ နိုင်ငံခြားကုမ္ပဏီပေါင်း အနည်းဆုံး (၄၄)ခုလောက်ရှိတယ်လို့ ဆိုပါတယ်။ သူခိုးလက်ခံဆိုတော့ စီးပွားရေးကောင်းတာပေါ့၊ အလျှော်အစား မရှိဘူး၊ ဘာရရ အမြတ်ချည်းပဲကိုး။

ဒါနဲ့ပတ်သက်ပြီး အမေပြောခဲ့ဖူးတာလေး သတိရလာတယ်။ အမေတို့က ဝန်ထမ်းဆိုတော့ ဘာစီးပွား ရေးမှမလုပ်တတ်ပေါ့။ ဒါကြောင့် ယုံကြည်ရတဲ့သူနဲ့ ဆိတ်အဖက်မွေးသတဲ့။ အဖက်မွေးတယ်ဆိုတာ၊ ဆိတ်ကို အမေတို့က ဝယ်ပေးရမယ်၊ တဖက်က မွေးမြူထိန်းကျောင်းမယ်ပေါ့။ ခြောက်လ တစ်နှစ်နေလို့ ဆိတ်ခွဲတဲ့၊ ရောင်းတဲ့အခါ တစ်ယောက်တစ်ဝက်ပါတဲ့။ တစ်နှစ်နေလို့ ခွဲကြတဲ့အခါ၊ အမေက ဆိတ်သုံးကောင် အကြွေးတင်ပါလေရော။ 'ဟဲ့... ဘယ်လိုဖြစ်တာလဲ'ပေါ့။ 'ဆိတ်ကလေး ခွေးကိုက်သွားတာ၊ အဲဒါ မမတို့ ဆိတ် ကလေး'...'အင်း'။ 'မမွေးနိုင်လို့ သေသွားတာ၊ အဲဒါ မမတို့ ဆိတ်ကလေး'... 'အင်း'။ 'တလောက ရောဂါတွေကျတယ်လေ၊ လေးငါးခြောက်ကောင် ပါသွားတယ်...' 'အဲဒါလည်း ငါတို့ဆိတ်တွေပဲလား'... 'အင်း'။ အမေလည်း ဆိတ်ကျောင်းကို စိတ်တိုပြီး ဆိတ်သားတောင်မစားတော့ဘူး။ 'ဆိတ်သုံးကောင်လဲ ထပ်မပေးနိုင်ဘူး၊ နင်လည်း အိမ်မလာနဲ့တော့' လို့ နှင်ထုတ်လိုက်ရတယ်။ ဒါတောင် ရွာထဲမှာ အမေက ဆိတ်သုံးကောင်အကြွေးမပေးချင်လို့ သူ့ကို ရန်ဖြစ်တာတဲ့လေ။ တွေးမိတယ်၊ ဒါမျိုးက ဘယ်ထဲပါသွားသလဲပေါ့၊ ဘနဖူး သိုက်တူးလား၊ ခရိုနီလား။

ဖျားနေတာတောင်၊ စကစကိုမအလလို့ ဆဲနေသေးတယ်၊ စိတ်ကောင်းနှလုံးကောင်းလေး မွေးမှဆိုပြီး၊ တရားနာမိပါတယ်။ ကွေးလိုက်မှေးလိုက်နဲ့ ကြားတချက်မကြားတချက်ပေါ့ဗျာ။ တနာရီကျော် တရားထဲကနေ 'တစ်လုံး'  ရလိုက်တယ်။  'ယစ်မူး၍ ယုတ်မာလာသည်'တဲ့။ ဇာတ်တော်ထဲမှာတော့ သူဋ္ဌေးသားတယောက်ပေါ့။ အပြင်မှာတော့ ခွေးသူတောင်းသားပေါ့။ အဲကောင်က စည်းစိမ်တွေ ယစ်မူးပြီးမာန်တွေတက်၊ ငါတကော ကောနေတာပေါ့။ မြို့တွင်းတနေရာမှာ ရှင်ပစ္စေကဗုဒ္ဓါတစ်ပါးနဲ့ တွေ့ရော။ အဲဒီ အရှင်က လောဘ ဒေါသ ကင်းပြီးသားဆိုတော့ သူဋ္ဌေးသားကို အူယားဖားယားလုပ်တဲ့အထဲ မပါဘူးပေါ့။ ဒီတော့ သူဋ္ဌေးသားက 'ကြည့်စမ်း၊ အဖာတစ်ရာ အဖေးတစ်ထောင်နဲ့ စောင်မည်းမည်းကြီးပတ်ထားတဲ့သူက၊ ခွက်မည်းကြီးကိုင်ပြီး တောင်းစားနေရသူကများပေါ့လေ။ ဟိုက သူ့လမ်းသူ လျှောက်နေတာရယ်၊ ဒီကောင် ကသာ အာဏာပါဝါတွေ ပြချင်နေတာ။ အာဏာ၊ စည်းစိမ်ကို ယစ်မူးလေတော့ ယုတ်မာဖို့ ကြံလာတယ်တဲ့၊ သူတော်စင်ကြီးကို တံတွေးနဲ့ထွေး၊ သူတောင်းသားလို့ ဆဲ၊ ဆွဲထုတ်ခိုင်းလိုက်တယ်။

တရားနာရင်းပဲ မအလကို ပြေးမြင်မိတယ်၊ နိုင်ငံတော်က ဒီမိုကရေစီလမ်းကြောင်းပေါ်တင်တုန်း၊ လွတ်လပ်ခြင်း အငွေ့အသက်လေးတွေ ခံစားရတုန်း၊ ငြိမ်းချမ်းခြင်းအရသာ မျှော်လင့်နေတုန်း၊ လမ်းကြောင်းပေါ်ကို 'ချီးကားကြီး' ကန့်လန့်ဖြတ်လာတင်ထားတယ်။ မဟုတ်ရင်၊ ကျွန်တော်တို့တွေ ကိုဗီရှီး ကာကွယ် ဆေး လူတိုင်းစေ့ ထိုးပြီးလောက်ပြီ၊ ကိုဗစ်တတိယလှိုင်းလာလည်း မှုစရာမရှိ။ ကျူစင်တာတွေ၊ အိုင်ဆိုလေးရှင်းဝဒ်တွေ၊ အောက်ဆီဂျင်ဗူးတွေ၊ အောက်ဆီဂျင်စက်တွေကလည်း အဆင်သင့် ဖြစ်လောက်ပြီ။ ငွေမရှိလည်း ပြည်သူ့ဆေးရုံ ရှိတယ်၊ ဆေးအတွက် မပူရဘူး၊ လူနာက တက်ဖို့ပဲ လိုတယ်။ စားစရာ အဆင်သင့်၊ အကြိုအပို့ ကားအဆင်သင့်။ စစ်ခွေးကာလမှာတော့ ဘာမှ မရှိ၊ ရှိတဲ့ အောက်ဆီဂျင်စက်တွေ၊ အောက်ဆီဂျင်အိုးတွေတောင် သိမ်းသွားသေးတယ်။ ပြည်သူတွေအပေါ် ဘယ်လောက်များ စေတနာထား၊ မေတ္တာထားသလဲဆိုရင် တစ်နေ့လူသုံးထောင် သင်္ဂြိုလ်နိုင်တဲ့ မီးသင်္ဂြိုလ်စက်တွေပဲ ဆောက်ပေးသတဲ့။ အခု ကိုဗစ်တတိယလှိုင်းမှာလေ။

လင်းလက်နွေဦး
၂၉.၇.၂၀၂၁ 
ညနေ ၄နာရီ ၃၉မိနစ်။
-
Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar