Breaking News

ကမ္ဘာ့ အလုပ်သမားနေ့ နဲ့ မြန်မာနိုင်ငံက အလုပ်သမားတွေရဲ့ အခြေအနေ

မြန်မာနွေဦး ခရိုနီကယ် - မေ ၁ မြင်ကွင်း

(မိုးမခ) မေ ၂၊ ၂၀၂၄

ကမ္ဘာ့ အလုပ်သမားနေ့ နဲ့ မြန်မာနိုင်ငံက အလုပ်သမားတွေရဲ့ အခြေအနေ

ကမ္ဘာ့အလုပ်သမားနေ့လို့ မြန်မာဘာသာနဲ့ ခေါ်ဆိုတဲ့ နိုင်ငံအများစုက လက်ခံအသိအမှတ်ပြုကြတဲ့ မေလ ၁ ရက်နေ့မှာ မြန်မာနိုင်ငံက အလုပ်သမားတွေရဲ့ အခွင့်အရေး အသိအမှတ်ပြုခံရမှု အလုပ် အကိုင်အခွင့်အလမ်း၊ မျှတတဲ့ လုပ်အားခ၊ ကောင်းမွန်တဲ့ လုပ်ငန်းခွင် အခြေအနေ စတာတွေက စစ်အာဏာသိမ်းမှု၊ လက်နက်ကိုင်ပဋိပက္ခတွေ၊ အလုပ်သမားအခွင့်အရေးတောင်းဆိုမှုကို အာဏာနိုင်ငံရေးကိစ္စတရပ်သဖွယ်ဖွင့်ဆိုပြီး နှိပ်ကွပ်မှု၊ စစ်မှုထမ်းဥပဒေ ကို ရှောင်တိမ်းဖို့ အခြားနိုင်ငံမှာ တရားမဝင်အလုပ်သမားအဖြစ် သွားရောက်ရခြင်း စတာတွေနဲ့ မြန်မာနိုင်ငံက အလုပ်သမားလူ တန်းစားအလွှာအဖို့ ထိုးနှက်မှုပေါင်းများစွာနဲ့ ရင်ဆိုင်နေရတဲ့ ကာလတခုလည်း ဖြစ်ပါတယ်။ 

၂၀၁၁ ခုနှစ် နှောင်းပိုင်းက စလို့ ပွင့်လင်းမှု၊ အလုပ်သမားအခွင့်အရေးကိစ္စတွေ စတင်ပြောဆိုခွင့်ရလာတဲ့ကာလဟာ အလုပ်သမားအခွင့်အရေးကိစ္စတွေနဲ့ပတ်သက်လျှင် ကနဦး လမ်းပွင့်လာတဲ့ ကာလလို့ဆိုနိုင်ပါတယ်။ အဲဒီမတိုင်ခင်ကာလတွေတုန်းက အလုပ်သမားအခွင့်အရေးတောင်းဆိုတဲ့ ဆန္ဒပြမှုဖြစ်ပွားတာနဲ့ အလုပ်သမားခေါင်းဆောင်တွေကိုဖမ်းဆီးတာ ထောင်ချတာတွေလုပ်ပြီး အလုပ်သမားအခွင့်အရေးလှုပ်ရှားမှုတွေဟာ အဲဒီအချိန်ကအုပ်ချုပ်နေတဲ့ နဝတစစ်အစိုးရကို ပြုတ်ကျအောင်လုပ်တဲ့လုပ်ရပ်တွေအဖြစ် အဓိပ္ပာယ်ဖွင့်ဆိုအရေးယူခဲ့ကြတာ ဖြစ်ပါတယ်။ 

၂၀၁၁ ခုနှစ်နောက်ပိုင်း ဦးသိန်းစိန် ဦးဆောင်တဲ့ကြံ့ခိုင်ရေးပါတီအစိုးရလက်ထက် ဒီမိုကရေစီ အသွင်ကူးပြောင်းဖို့ ကြိုးပမ်းတဲ့ကာလလို့ခေါ်ခေါ်  အဲဒီကာလကစလို့ အလုပ်သမားလုပ်ခလစာ တိုးမြှင့်ပေးဖို့၊ အလုပ်ခွင် အခြေအနေကောင်းမွန်ဖို့ တောင်းဆိုမှုတွေကို အလုပ်ရှင်နဲ့ အလုပ်သမားအကြားက ပြဿနာအဖြစ်ရှုမြင်ပြီး ခွင့်ပြုခဲ့တာဖြစ်ပါတယ်။ နောက်ပိုင်း အလုပ်သမားသမဂ္ဂဖွဲ့စည်းခွင့် စတဲ့ အခွင့်အရေးပါဝင်တဲ့ အလုပ်သမားဥပဒေတွေပြဋ္ဌာန်းလာခဲ့ကြရာက အလုပ်သမား သမဂ္ဂတွေ ပေါ်ထွက်လာခဲ့ပါတယ်။ အဲဒီနောက် အလုပ်သမား သမဂ္ဂဖွဲ့စည်းခွင့် လုပ်ခလစာ၊ လုပ်ခွင်အခြေအနေကောင်းမွန်ဖို့ ဆန္ဒပြမှုတွေလည်းရှိလာခဲ့ပြီး တဖက်မှာ ပွင့်လင်းလာခါစ မြန်မာနိုင်ငံအနေနဲ့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေ တိုးတက်လာတာနဲ့အညီ အလုပ်အကိုင်အခွင့်အလမ်းတွေ တိုးမြင့်လာခဲ့ပါတယ်။ ဒါပေမဲ့လည်း အလုပ်သမားအခွင့်အရေး၊ အလုပ်သမားအခွင့်အရေးဆိုင်ရာ အဖွဲ့အစည်းတွေ ရပ်တည်ခွင့်၊ လှုပ်ရှားမှုတွေလုပ်ပိုင်ခွင့် စတဲ့ ဥပဒေနဲ့လုပ်ထုံးလုပ်နည်း၊ လက် တွေ့ကျင့်သုံးမှု စတဲ့အပိုင်းတွေအတွက်ဖြည့်ဆည်းဖို့ တည်ဆောက်ဖို့ လိုအပ်နေဆဲလည်း ဖြစ်ပါတယ်။ 

၂၀၁၁ ခုနှစ် နောက်ပိုင်း တဖြည်းဖြည်းနဲ့ အလုပ်သမားအခွင့်အရေးဆိုင်ရာ အသိပညာပေးတဲ့အဖွဲ့တွေ၊ အလုပ်သမားသမဂ္ဂပေါ်ထွက်ရေးတွက် ကူညီအားပေးကြတဲ့အဖွဲ့အစည်းတွေ ပေါ်ထွက်လာခဲ့ပြီး အနိမ့်ဆုံးလုပ်ခလစာ သတ်မှတ်ချက်၊ ပြန်လည်သုံးသပ်ပြင်ဆင်မှု စတာတွေနဲ့ပတ်သက်ပြီး လုပ်ဆောင်နိုင်ခဲ့ကြတာ ဖြစ်ပါတယ်။ ငွေကြေးဖောင်းပွမှု မြန်ဆန်လွန်းတဲ့ မြန်မာနိုင်ငံလိုမျိုးမှာ အနိမ့်ဆုံးလုပ်ခသတ်မှတ်ချက်က ၂ နှစ်တကြိမ် ပြန်လည်သုံးသပ်ဖို့ ပြင်ဆင်ဖို့သတ်မှတ်ခဲ့ကြတာ ဖြစ်ပါတယ်။ သို့ပေမဲ့ အဲဒီကာလရဲ့အကန့်အသတ်ဟာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့မတိုင်မီအထိသာဖြစ်ခဲ့ပြီး ဖေဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းပြီးနောက်ပိုင်းတော့ ၂၀၁၁ ခုနှစ် မတိုင်မီအခြေအနေကို ပြန်လည်နောက်ပြန်လှည့်ပြီး ဆုတ်ယုတ်သွားတဲ့ကာလလို့ ဆိုနိုင်တဲ့အနေအထား ဖြစ်လာပါတယ်။ 

စစ်အာဏာသိမ်းပြီးနောက်မှာ အလုပ်သမားသမဂ္ဂအချို့ကို မတရားအသင်းအဖြစ် ကြေညာလိုက်သလို အလုပ်သမားအဖွဲ့အစည်းတွေလုပ်ဆောင်နေတဲ့ အချို့သောဦးဆောင်သူတွေနဲ့ အလုပ်သမား ခေါင်းဆောင်အချို့ တို့ကိုဖမ်းဆီးတာတွေ လုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။ အလုပ်သမားအရေး ဆောင်ရွက်သူအချို့ အကျဥ်းထောင်တွေထဲ လနဲ့ နှစ်နဲ့ချီ နေထိုင်ခဲ့ကြရတဲ့ ဖြစ်ရပ်တွေလည်း ရှိခဲ့ပါတယ်။ ရန်ကုန်မြို့ စက်ရုံအလုပ်ရုံတွေတည်ရှိတဲ့မြို့နယ်တွေမှာ  စစ်အုပ်ချုပ်ရေးကြေညာထားတာ ရှိပြီး အလုပ်သမားလှုပ်ရှားမှုတွေပေါ်ထွက်ခဲ့ရင် စစ်အုပ်ချုပ်ရေးအောက်မှာ ပြင်းထန်တဲ့ အပြစ် ဒဏ်တွေ ချမှတ်တာ ခံကြရမှာဖြစ်ပါတယ်။ 

အလုပ်သမား အခွင့်အရေး ၊ အခြေခံ လုပ်ခလစာတိုးမြှင့်ရေး ဖြစ်သင့်ဖြစ်ထိုက်တဲ့ လုပ်ခလစာရရှိရေးလှုပ်ရှားမှု တောင်းဆိုမှုတွေကို နိုင်ငံရေးအရ ပုံဖော်ကာ ဖမ်းဆီးအရေးယူလာတာတွေကြောင့် အလုပ်သမားအခွင့်အရေးလှုပ်ရှားမှုတွေက လွန်ခဲ့တဲ့ ၃ နှစ်တာအတွင်း သိသာစွာနိမ့်ကျခဲ့ပြီး အနိမ့်ဆုံးလုပ်ခလစာ ပြင်ဆင်သတ်မှတ်ချက်နဲ့ပတ်သက်လို့ စစ်ကောင်စီရဲ့အလုပ်သမားဝန်ကြီး ဌာနကတကြိမ်သာ တိုးမြှင့်ပေးခဲ့ရာမှာ ကျပ် ၄၈၀၀ မှ ၅၈၀၀ သို့ တိုးမြှင့်သတ်မှတ်ပေးခဲ့တာဖြစ်ပါတယ်။ 

လွန်ခဲ့တဲ့ ၃ နှစ်တာအတွင်း ကုန်ဈေးနှုန်းတွေ ၂ ဆနီးပါး အချို့သောကုန်ပစ္စည်းတွေက ၂ ဆကျော် ၃ ဆ အထိ တိုးမြင့်သွားချိန် အနိမ့်ဆုံးလုပ်အားခက ကျပ် ၁၀၀၀ သာ တိုးမြှင့်ခဲ့ပါတယ်။ စစ်အာဏာမသိမ်းမီက တပြည် ကျပ် ၂၀၀၀ သာရှိတဲ့ဆန်အမျိုးအစားက အခုအချိန်မှာ ကျပ် ၆၀၀၀ လောက် ရှိနေတာလည်း တွေ့ရမှာဖြစ်ပါတယ်။ အခုလို တနေ့တာလုပ်ခလစာရရှိတဲ့ငွေပမာဏဟာ ယခင်ရ ရှိခဲ့တဲ့တန်ဖိုးရဲ့ ထက်ဝက် သို့မဟုတ် ၃ ပုံ ၁ ပုံလောက်သာရှိတော့တဲ့အခြေအနေမျိုးမှာ အလုပ် သမားတွေအနေနဲ့ စားသောက်နေထိုင်တဲ့ကုန်ကျစရိတ်တွေကိုချွေတာရုံမှတပါး အခြားလုပ် ဆောင်နိုင်တာ မရှိတော့တဲ့ အနေအထားဖြစ်ပါတယ်။ 

တဖက်မှာလည်း လုပ်ခစား လက်ခစားလုပ်ငန်းတွေဖြစ်တဲ့ အထည်ချုပ်စက်ရုံ၊ ဖိနပ်ချုပ်စက်ရုံ လုပ်ငန်းတွေက လုပ်အားအခြေပြုထုတ်လုပ်တဲ့ကုန်ပစ္စည်းတွေကို ဥရောပနိုင်ငံအခြေစိုက်ကုမ္ပဏီတွေက မှာယူဖို့ သင့်၊ မသင့် ဆွေးနွေးစရာ ကိစ္စရပ်တွေလည်း ရှိနေသလို မြန်မာနိုင်ငံကို စီးပွားရေးအရ အလုံးစုံပိတ်ဆို့နိုင်ဖို့ စည်းရုံးလှုံ့ဆော်မှုတွေအပေါ်မှာလည်း သဘောထား ကွဲလွဲစရာ၊ ငြင်းခုံစရာတွေ ရှိနေတာ ဖြစ်ပါတယ်။

အလုပ်သမားအခွင့်အရေးဆိုင်ရာ ဥပဒေ၊ လှုပ်ရှားမှု၊ တောင်းဆိုပိုင်ခွင့်တွေ ကျဆင်းလာတဲ့ အနေ အထားမှာ မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံမှုတွေကို အားပေးခြင်း ပြု၊ မပြုနဲ့ပတ်သက်လို့ သော်လည်း ကောင်း လက်ရှိ ရှိနှင့်နေပြီး လုပ်ငန်းတွေ၊ အမှာစာတွေကို ဆက်လက် လုပ်ဆောင်သင့်မသင့်နဲ့ ပတ်သက်လို့ ပြည်ပက မြန်မာ့အရေးလှုပ်ရှားသူတွေအကြား၊ အချို့သော ဥရောပနိုင်ငံမူဝါဒချမှတ်သူတွေအကြား သဘောထားကွဲလွဲမှု အမြင်မတူမှုတွေ ရှိနိုင်တာလည်း ဖြစ်ပါတယ်။ 

အလုပ်သမားအခွင့်အရေး အာမခံချက်မရှိတဲ့နိုင်ငံလို့ဆိုနိုင်တဲ့ မြန်မာနိုင်ငံကို လုပ်ခစားလက်ခစား အလုပ်တွေပေးအပ်ခြင်းမပြုခဲ့ရင် လုပ်ငန်းရှင်တွေသာမက အလုပ်သမားတွေရဲ့ အလုပ်အကိုင် အခွင့်အလမ်းတွေပါ ဆုံးရှုံးကုန်မလားဆိုတဲ့စဥ်းစားမှုတချို့လည်း ရှိနေတာဖြစ်ပါတယ်။ 

မြန်မာနိုင်ငံမှာ အလုပ်သမားလူဦးရေ အချိုးအစားက အချို့သောနိုင်ငံတွေလို မြင့်မားခြင်းမရှိသော် လည်း ရန်ကုန်၊ ပဲခူး၊ ပုသိမ် တို့လိုဒေသတွေမှာ လုပ်ခစားလက်ခစားလုပ်ငန်းတွေ ပမာဏတခုထိ ရှိနေပြီး အဆိုပါလုပ်ငန်းတွေမှာလုပ်ကိုင်နေကြတဲ့ အလုပ်သမားတွေက ဧရာဝတီတိုင်း၊ မြေလတ်ဒေသနဲ့ ရခိုင်ပြည်နယ်တို့က လူငယ် လူလတ်ပိုင်းတွေ ဖြစ်ကြပါတယ်။ 

အမျိုးသားတွေထက် အမျိုးသမီးရာခိုင်နှုန်းများပြားပြီး ဒီအလုပ်သမားတွေရဲ့ဝင်ငွေ၊ အလုပ်အကိုင်အခွင့်အလမ်း ရရှိမှုက သက်ဆိုင်ရာဒေသက မိသားစုတွေ ရှင်သန်နေထိုင်နိုင်ဖို့ ပြန်လည်ထောက်ပံ့ပေးနေကြတာဖြစ်ပါတယ်။ ဒီလိုသိန်းနဲ့ချီတဲ့ပမာဏရှိတဲ့ အလုပ်သမားတွေရဲ့အလုပ်အကိုင် အခွင့် အလမ်းတွေ ပျက်စီးသွားအောင် ပိတ်ဆို့မှုတွေ သပိတ်မှောက်မှုတွေ လုပ်သင့်၊ မလုပ်သင့်ဆိုတာလည်း မူဝါဒချမှတ်သူတွေ၊ မူဝါဒရေးရာလှုံ့ဆော်သူတွေ အလေးအနက်ထည့်သွင်းစဥ်းစားရမယ့် အချက်တချက်ဖြစ်နေတာ အသေအချာပင် ဖြစ်ပါတယ်။

-

Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar