Breaking News

မြန်မာပြည်မှာ စစ်တပ်အာဏာသိမ်းပြီး ၅ လ ၂၈ ရက် မြောက်နေ့ မြင်ကွင်း



မြန်မာပြည်မှာ စစ်တပ်အာဏာသိမ်းပြီး ၅ လ ၂၈ ရက် မြောက်နေ့ မြင်ကွင်း

(မိုးမခ) ဇူလိုင် ၂၈၊ ၂၀၂၁

ကိုဗစ် နိုင်ငံရေး

ကိုဗစ်ကူးစက်မှုက ကလေးမြို့မှာ မေလကနေ ဇွန်၊ ဇူလိုင်လတွေအထိ ၊ ရန်ကုန်၊ မော်လမြိုင် ၊ ပုသိမ်၊ အချို့သောမြုိ့တွေမှာ ဇူလိုင်လဆန်းကနေ ယခုအချိန်အထိ ပေါက်ကွဲသလို မြန်ဆန်စွာ အရေအတွက်များပြားစွာ ၊အသက်ဆုံးရှုံးမှု များပြားစွာနဲ့ ဖြစ်ပွားနေပါတယ်။ နေ့စဥ်ဆိုသလိုပဲ သေဆုံးသူတွေ သုဿန်မီးသဂြိုဟ်စက်တွေက အလျင်မမှီလောက်အောင် သေဆုံးနေပြီး သေဆုံးသူ ရုပ်အလောင်း သယ်ယူပေးတဲ့ ပရဟိတကားတွေ လည်း အလျင်မမှီလောက်အောင် ဖြစ်နေတာ သုဿန်မှာ သဂြိုဟ်ဖို့ အလှည့်ကျဖို့ စောင့်ဆိုင်းနေတဲ့ နာရေးကူညီမှု ပရဟိတကားတွေ ၊ ရိုးရိုးတက်စီကားတွေ၊ အချို့သော ဆိုင်ကယ်တွေအထိ တန်းစီနေတဲ့ မြင်ကွင်းတွေက နေ့စဥ် သတင်းတွေ၊ လူမှုကွန်ရက်စာမျက်နှာတွေပေါ်မှာ ပြည့်နှက်နေပြီး တသက်မှာ တခါမှျမကြုံဖူးတဲ့ မြင်ကွင်းတွေ ဖြစ်လို့ မြင်တွေ့ရသူတိုင်း စိတ်မကောင်းခြင်းကြီးစွာ ဖြစ်ရ ကြေကွဲကြရပါတယ်။

အသက် ၆၀ ကျော်ရှိသူတွေ ၇၀ ကျော်ရှိသူတွေတောင် အခုလို မြင်ကွင်းမျိုး အခုလို ကပ်ဘေးမျိုး သေဆုံးမှုမျိုး သူတို့တသက်မှာ တခါမျှ မကြုံဖူးတဲ့အကြောင်း ပြောဆိုကြရတာပါ။

ကိုဗစ်ကူးစက်မှုကြောင့် ဆွေမျိုးသားချင်းတွေ၊ မိမိတို့ရဲ့ မိဘတွေ၊ အဖုိးအဖွားတွေ၊ မောင်နှမတွေ အသက်ဆုံးရှုံးကြရလို့ လူမှုကွန်ရက်စာမျက်နှာဖြစ်တဲ့ ဖေ့စ်ဘွတ်ပေါ်မှာ နေ့စဥ် ကြေကွဲဖွယ် အသိပေးတဲ့ ပို့စ်၊ စာသား၊ ကွယ်လွန်သူရဲ့ ဓါတ်ပုံတွေ မနက်လင်းတဲ့ဆီကနေ ည သန်းခေါင်တိုင်သည့်တိုင် တက်လာနေပါတယ်။

တွေ့လိုက်ရတဲ့ ပို့စ်တွေက မယုံကြည်နိုင်လောက်အောင် များပြားလွန်းလို့ မိမိနဲ့ သိတဲ့ မိတ်ဆွေဖြစ်တဲ့ သူတွေရဲ့ ချစ်ခင်တဲ့သူတွေအတွက် ဝမ်းနည်းတဲ့ အမှတ်အသား လုပ်ရတာ၊ ကွယ်လွန်သွားသူအတွက် စိတ်မကောင်းကြောင်းရေးသားရတာ၊ အားပေးနှစ်သိမ့်ရတာတွေက ဆိုရှယ်မီဒီယာ သုံးသူတွေအဖို့ နေ့တဓူဝကိစ္စသဖွယ် ဖြစ်လာနေတာပါ။

အချို့လည်း ဖေ့စ်ဘွတ်စာမျက်နှာကို လောလောဆယ် ဝင်မကြည့်တော့ဖို့ ဆုံးဖြတ်လိုက်ကြပါတယ်။ ကြည့်ခြင်းအားဖြင့် စိတ်ဓါတ်ကျဆင်းလာပြီး မိမိရဲ့ မိသားစုဝင်တွေထဲ လောလောဆယ် ရောဂါဒဏ်ခံစားနေရရင် ပိုစိတ်ဓါတ်ကျမှာကို စိုးရိမ်တာကြောင့်လည်း ဖြစ်ပါတယ်။

အခုလို ကိုဗစ်ကူးစက်မှု ပေါက်ကွဲသလို ဖြစ်လာတာရဲ့ အကြောင်းရင်းက ဘာလဲလို့ စူးစမ်းကြည့်မယ်ဆိုရင် အိမ်နီးချင်းနိုင်ငံဖြစ်တဲ့ အိန္ဒိယနိုင်ငံမှာ ဧပြီလဝန်းကျင်မှာ ကူးစက်မှု ကျယ်ကျယ်ပြန့်ပြန့်ဖြစ်ပွားနေခဲ့ပြီး သေဆုံးသူလည်း အမြောက်အမြားရှိခဲ့တာတွေ့ရပါလိမ့်မယ်။ အဲဒီအချိန်မှာ မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့ ဆန္ဒပြမှု၊ မြို့တွေမှာ လမ်းပိတ်ပြီး ခုခံမှု တွေဖြစ်ပွားနေချိန် စီဒီအမ်လှုပ်ရှားမှု လုပ်နေချိန်ဖြစ်ပါတယ်။

အိန္ဒိယနိုင်ငံက ပြင်းထန်တဲ့ကိုဗစ်ဗုိင်းရပ်စ်မျိုးကွဲသစ်က မြန်မာနိုင်ငံကို ကူးစက်ရောက်ရှိလာနိုင်တယ်ဆိုတဲ့ ခန့်မှန်းမှု၊ ပြင်ဆင်မှုမျိုး အာဏာသိမ်း စစ်ကောင်စီဘက်က လုံးဝလုပ်ဆောင်ခဲ့ခြင်းမရှိပါဘူး။ တဖက်မှာလည်း အုပ်ချုပ်ရေး ကို မတည်ဆောက်နိုင်အောင် အုပ်ချုပ်လို့မရနိုင်အောင် လူထုက ဆန့်ကျင်အံတုနေခဲ့ကြတာဖြစ်ပါတယ်။ မကြာခင်မှာပဲ အိန္ဒိယနိုင်ငံက ဗိုင်းရပ်စ်မျိုးကွဲသစ်က ကုန်သွယ်ရေး လမ်းကြောင်း၊ ကူးသန်းရောင်းဝယ်မှု လမ်းကြောင်းဖြစ်တဲ့ တမူးကတဆင့် ကလေးမြို့ကို ရောက်ရှိလာခဲ့ပါတော့တယ်။

ဒီအချိန်မှာ ကူးစက်မှုလမ်းကြောင်း ခြေရာခံတာ၊ ဖြတ်တောက်တာ၊ အခြားေသာ မြို့နယ်တွေကို မပျံ့နှံ့အောင် တားဆီးထိန်းချုပ်တဲ့ လုပ်ဆောင်မှုတွေကို တခုမှျ မလုပ်နိုင်ခဲ့ပါဘူး။ နိုင်ငံရေး ပြဿနာ ၊ တိုက်ပွဲက ကူးစက်ရောဂါ ပျံ့နှံ့မှုကို ဖုံးလွှမ်းနေခဲ့တဲ့ သဘောလည်းဖြစ်ပါတယ်။

ကလေးမြို့ဟာ မြို့ပြပျောက်ကျား ခုခံစစ်ပုံစံနဲ့ စစ်ကောင်စီတပ်တွေကို ကလေးမြို့ထဲမှာ ခံတပ်တွေ ပြင်ဆင် ခုခံတိုက်ခိုက်ကြပြီးရှေ့ဆင့်နောက်ဆင့်မှာပဲ ကိုဗစ်ကူးစက်မှု ပေါက်ကွဲပျံ့နှံ့မှုကို ရင်ဆိုင်ခဲ့ကြရပြန်ပါတယ်။

ကလေးမြို့အပြီးမှာတော့ ပေါက်ကွဲမှုသဖွယ် ကိုဗစ်ကူးစက်မှုက ရန်ကုန်၊ မန္တလေး၊ မော်လမြိုင်၊ ပုသိမ်၊ ပဲခူးတိုင်းအနောက်ခြမ်း၊ အရှေ့ခြမ်း မြို့တွေဆီ သီတင်းပတ်အနည်းငယ်စီလောက်သာခြားပြီး ပျံ့နှံ့ခဲ့တာဖြစ်ပါတယ်။ အဲဒီအချိန်အထိကျန်းမာရေးဝန်ကြီးဌာနကို ချုပ်ကိုင်ထားတဲ့၊တိုင်းပြည်ရဲ့ ဘဏ္ဍာအရင်းမြစ်ကို ချုပ်ကိုင်ထားတဲ့ စစ်ကောင်စီအနေနဲ့ ကိုဗစ်ကူးစက်မှုအတွက် ဘာမှပြင်ဆင်မှုတွေ လုပ်ဆောင်တာ မရှိခဲ့ပါဘူး။

စစ်တပ်အတွက်သာ လော့ခ်ဒေါင်းစည်းမျဥ်းစည်းကမ်းတွေ ချမှတ်တာမျိုး ကြားသိရပြီး ကျန်လူထုအတွက် ဘာမှ ကြိုတင်ကာကွယ်မှု မလုပ်ခဲ့တာကနေ ဇွန်လနောက်ဆုံးပတ်မှာ အထက်က ပြောတဲ့နိုင်ငံရဲ့ အချို့သောမြို့တွေမှာ ရှေ့ဆင့်နောက်ဆင့် ကူးစက်ပြီး သေဆုံးမှုတွေ စတင်မြင့်တက်ခဲ့ရာက ဇူလိုင်လဆန်းရောက်တဲ့အချိ်န်မှာ ရန်ကုန်မြို့မှာ ၅ ဆကနေ ၁၀ ဆကျော်ထိ မြင့်တက်ခဲ့တာဖြစ်ပါတယ်။

ဒီအချိန်မှာ အောက်စီဂျင်ရရှိရေးဆိုတာ ကိုဗစ်ကူးစက်မှုထဲက အသက်သွေးကြောသဖွယ် ဖြစ်လာခဲ့ပြီး ယခင် ကိုဗစ်ဒုတိယလှိုင်းတုန်းကလို ကူးစက်ခံရသူဟာ ကိုဗစ်ကွာရင်တိုင်းစင်တာ ဆေးကုသမှု ခံဖို့လိုအပ်သူက ဆေးရုံတက်ရတယ်ဆိုတဲ့ အခြေအနေ လုံးဝပျက်ပြားခဲ့ပြီး ကူးစက်ခံရသူ ရဲ့ ၁၀ ယောက်မှာ တယောက်တောင် ကွာရင်တိုင်းစင်တာ သို့မဟုတ် ဆေးရုံကို သွားရောက်ခွင့်မရခဲ့ကြတော့ပဲ နေအိမ်တွေမှာ မိမိဘာသာ ကုသမှုရရှိဖို့ ေအာက်စီဂျင်ရရှိဖို့ ကြိုးစားရင်း ဖိတ်စင် သေဆုံးကြရသူ တရက်တရက် ထောင်ဂဏန်းရောက်ရှိခဲ့တာ ဖြစ်ပါတယ်။

အခုလို ကူးစက်မှု လျင်မြန်စွာကျယ်ပြန့်စွာ ပျံ့နှံ့နေချိန်မှာလည်း ကုသမှု အသက်ကယ်ဆယ်မှု နဲ့အတူ တဖက်မှာ ထပ်မံကူးစက်ပျံ့နှံမှုကို လျော့ချနိုင်ဖို့ ကာကွယ်ရေး လုပ်ဆောင်မှုတွေ လုပ်ဆောင်နိုင်ခြင်းမရှိတာ ဝမ်းနည်းဖွယ်တွေ့ရပါတယ်။ လူနာတွေနဲ့ ပတ်သက်လို့ ဘယ်လို မိသားစုက ဘယ်လို ပြုစုနေထိုင်သင့်သလဲ၊ ဘယ်လို ကျန်းမာရေး လမ်းညွှန်ချက်တွေ လုပ်ဆောင်သင့်သလဲ၊ ကွယ်လွန်ခဲ့ရင် ဘယ်လို လုပ်ဆောင်သင့်သလဲ စတဲ့ လမ်းညွှန်ချက်တွေ နှိုးဆော်မှုတွေ စစ်ကောင်စီက ဘာမှျ လုပ်ဆောင်တာမတွေ့ရသလို လူထုအများစုကလည်း စစ်ကောင်စီက ပြောတာတွေကို အယုံအကြည်မရှိ တာမို့ အခြေအနေက ကပ်ရောဂါဘက်က ကူးချင်ရာကူး ဖြစ်ချင်ရာ ဖြစ်ဆိုတဲ့ အနေအထားမျိုး ကျရောက်ခဲ့တာဖြစ်ပါတယ်။

စစ်ကောင်စီဘက်က အာဏာရှင် အစိုးရရဲ့ တွေးခေါ်ပုံတွေးခေါ်နည်း လုပ်ထုံးလုပ်နည်း အတိုင်း အောက်စီဂျင် မလုံလောက်ဘူးဆိုတဲ့ သတင်းတွေကို ဖုံးကွယ်ဖို့ တားဆီးဖို့ တုံ့ပြန် ပုံဖျက်ဖို့ တန်ပြန်ဝါဒဖြန့်တာမျိုး လုပ်ဆောင်ပါတယ်၊ တခြားတဖက်မှာ အောက်စီဂျင်ထုတ်တဲ့ နေရာတွေကို စည်းကမ်းသတ်မှတ်ချက်တွေ ထုတ်ပြီး ချုပ်ကိုင်ဖို့ ကြိုးစားပါတယ်။ စစ်တပ်အတွက် ကျန်းမာရေးဝန်ကြီးဌာန ဆေးရုံအတွက် လိုအပ်တဲ့အခါ အာဏာနဲ့ ဖြတ်ယူဖို့ကြိုးစားပါတယ်။ ဒီလိုလုပ်ကိုင်မှုတွေက လူအများကြား ပိုမိုစိုးရိမ်မှု ဖြစ်စေ အောက်စီဂျင် ရရှိဖို့ ပိုခက်ခဲစေတာတွေ ဖြစ်လာပါတယ်။ အခုလို အဖြစ်အပျက်တွေ ဖြစ်ပွားနေစဥ်မှာပဲ စေတနာ့ဝန်ထမ်းကုသမှု ပေးတဲ့အချို့သော ကျန်းမာရေးဝန်ထမ်း အစုအဖွဲ့တွေကို နိုင်ငံရေး တံဆိပ်ကပ်ပြီး စစ်ကောင်စီဆန့်ကျင်ရေး လုပ်ဆောင်နေတဲ့ သဖွယ် ဖမ်းဆီးစစ်ဆေးတာတွေ လုပ်ပါတယ်။

ဒီလို ကိုဗစ်ကူးစက်ပျံ့နှံ့မှုမှာ ကြိုတင်ကာကွယ်မှု ပြင်ဆင်မှု မလုပ်ပဲ ဆိုးရွားစွာ ဖြစ်နေတဲ့ အခြေအနေကို အာဏာနဲ့ ဝင်ရောက်စွက်ဖက်မှုက မီးလောင်ရာ လေပင့်ပိုပြီးဆိုးရွားစေခဲ့တော့တာ ဖြစ်ပါတယ်။

မြေပြင်အခြေအနေမှာကြည့်ရင် အိမ်မှာ မိဘဘိုးဘွားတွေကို သားသမီးမြေးတွေက ပြုစုနေကြ၊ တဖန်တလဲ သားသမီး မြေးမြစ်တွေကို လူကြီးတွေက ပြန်အားပေးနေကြရ၊ မိသားစုတွေ အချင်းချင်း မဖေးမနိုင်တော့ပြီဆိုရင် အလံဖြူ အလံဝါတွေ လွှင့်ထူကြ၊ ဘေးပတ်ဝန်းကျင်က ပြည်သူတွေက ကူညီကြ၊ တယ်လီမက်ဒီဆင်းဆိုတဲ့ ဖုန်းလိုင်း အင်တာနက်လိုင်းတွေကနေ ဆရာဝန်တွေ သူနာပြုတွေ ကျန်းမာရေးဝန်ထမ်းတွေက တတ်အားသမျှ ဆေးကုလမ်းညွှန်ကြနဲ့ ရုန်းကန်လှုပ်ရှားနေကြရပါတယ်။ ခွန်အားပြည့်ဖြိုး နေကောင်းကျန်းမာတဲ့ လူငယ်လူရွယ်တွေကလည်း မနက် အစောကြိးကတည်းက အစုလိုက်အဖွဲ့လိုက် စုဝေးပြီး အောက်စီဂျင်အကူ၊ ဆေးအကူ၊ အဟာရအကူ၊ လူနာအကူ လုပ်အားပေးဝန်ဆောင်မှုတွေ ထွက်ပြီး ဆောင်ရွက်ကြပါတယ်။ ရပ်နီးရပ်ဝေး ပြည်သူလူထုဟာ ငွေကြေး လုပ်အား အရင်းအမြစ် နည်းပညာ အသိအတတ်ပညာတွေ သုံးပြီး လူ့အသက်တွေကို ကယ်တင်ဖို့ ကြိုးပမ်းနေကြပါတယ်။ နွေဦးတော်လှန်ရေးကို စိတ်ဓာတ်တစင်းတည်းနဲ့ တိုက်နေကြတဲ့ပြည်သူတွေဟာ သည်ကိုဗစ်တော်လှန်ရေးကိုလည်း စိတ်ဓာတ်တစင်းတည်းနဲ့ ဆက်တိုက်ပွဲဝင်နေကြတုန်းပါပဲ။

အရေးတော်ပုံ မုချ အောင်ရမည်။

Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar