Breaking News

ဆာသော်ဒိုး- အာဇာနည် နှင့် အာဏာရှင်

အာဇာနည် နှင့် အာဏာရှင်
ဆာသော်ဒိုး
(မိုးမခ) ဇူလိုင် ၁၉၊ ၂၀၂၁


     ၂၀၁၅ ခုနှစ်သို့ ပြန်လည်၍ သတိရမိ၏။

     " ဗိုလ်ချုပ်အောင်ဆန်း၏ရာပြည့်" ဖြစ်သည်။ နိုင်ငံအဝှမ်းမှာ ရာပြည့်စာပေဟောပြောပွဲတွေ အဆက်မပြတ်ကျင်းပခဲ့ပါ၏။ ဆာသော်ဒိုး
ကိုလည်း ဟောပြောပွဲမှာ လာရောက်ဟောပြောပေးဖို့ ဖိတ်ကြားလာသည့်အတွက် အညာဒေသသို့ ခရီးထွက်ရပါလေတော့၏။
     ဧရာဝတီမြစ်၏အနောက်ဘက်ကမ်းကမြို့ကြီး။ ငယ်နုစဉ်အခါ အလယ်တန်းကျောင်းသားဘဝက ပထဝီချိန်မှာ မြန်မာနိုင်ငံမြေပုံကိုဆွဲရပြီး
အဓိကမြစ်ကြီးတွေကိုဆွဲထည့်ပြီးနောက် ထင်ရှားသည့်မြို့ကြီးတွေကိုထည့်သည့်အခါ ဤမြို့ကြီးလည်း ပါဝင်ပါလေ၏။

     ဟုတ်ကဲ့။
     'ပခုက္ကူ' ပါခင်ဗျ။

     ရှေးရှေးကတည်းက နာမည်ကျော်မြို့။ ၂၀၀၇ ခုနှစ်မှာတော့ ကမ္ဘာသိ ထပ်မံ၍ နာမည်ကျော်ပြန်ပါလေ၏။
     ဟုတ်ပါတယ်။ လူကြီးမင်း ထင်တဲ့အတိုင်းပါပဲ။
ဗုဒ္ဓသားတော် ရဟန်းသံဃာတော်တွေကို မြို့တွင်းဓာတ်တိုင်မှာ ယူနီဖောင်းဝတ်တွေက ကြိုးနဲ့တုတ်နံပတ်တုတ်တွေနဲ့ ဝိုင်းပြီးဆွမ်းကြီးလောင်းခဲ့ကြ
တဲ့သတင်းဓာတ်ပုံတွေဟာ ကမ္ဘာကိုအံ့သြတုန်လှုပ်စေခဲ့ပါတယ်။ အဲသည် ပခုက္ကူမြို့ပါ။
     စာပေဟောပြောပွဲက တညတည်းမဟုတ်ပါဘူး။ တပတ်ဆယ်ရက်တိုင်တိုင် ညစဉ်ပါ။ တညကို စာရေးဆရာ သုံးဦးစီဟောပြောခဲ့ကြပါတယ်။ အကြေအညာ အထက်ဗမာပြည် အောက်ဗမာပြည်ကစာရေးဆရာတွေ အတော့်ကိုစုံလင်လှပါတယ်။ 
ပရိသတ်ကလည်း ဝက်ဝက်ကွဲခင်ဗျ။
     ဆာသော်ဒိုးနဲ့ တညတာအတူတူတွဲပြီး ဟောပြောကြမယ့်ပုဂ္ဂိုလ်နှစ်ဦးကတော့ ကဗျာဆရာအယ်ဒီတာဆရာညိုသစ်ငယ်နဲ့ တေးရေးအဆိုကျော် စာရေးဆရာပန်းချီဆရာအရိုးပါ။ ပခုက္ကူဗိုလ်ချုပ်ပန်းခြံမှာစင်မြင့်ကြီးက ဟီးလို့။
     ဆာသော်ဒိုးကတော့ သူဟောပြောနေကျခေတ်ကိုသရော်တဲ့ စာတွေကဗျာတွေ ကာတွန်းတွေအကြောင်းကို "ဗိုလ်ချုပ်ရာပြည့်" နဲ့လိုက်ဘက်အောင် စီကာစဉ်ကာဟောပြောခဲ့ပါတယ်။
     အဲသည်ဟောပြောပွဲမှာ သူ ဟောပြောခဲ့တဲ့အချက်တခုကို ပြန်ပြီး သတိရနေပါတယ်။ "အာဇာနည်" ပုဂ္ဂို လ်မြတ်တွေနဲ့ "အာဏာရှင် " ကကေဝတွေ ကွာခြားပုံကို ဟောပြောတာပါ။
     " ပြည်သူချစ်တဲ့တိုင်းပြည်ရဲ့အာဇာနည်တွေကို နောင်လာနောက်သားတွေက ထာဝစဉ်သတိရအောင်းမေ့စွာ ဂုဏ်ပြုကြပါတယ်။ ဥပမာအားဖြင့်ပြောရမယ်ဆိုရင် နိုင်ငံတော်ငွေစက္ကူတွေပေါ်မှာတိုင်းပြည့်အာဇာနည်တွေရဲ့ပုံတွေကိုဂုဏ်ပြုရိုက်နှိပ်ပြီး သုံးစွဲကြတာမျိုးပါ "
     မှန်ပါတယ်ခင်ဗျ။ ကမ္ဘာ့နိုင်ငံအသီးသီးမှာ သူတို့သူတို့ရဲ့ အာဇာနည်ခေါင်းဆောင်များရဲ့ပုံတွေကို သူတို့ရဲ့ နိုင်ငံတော်သုံးငွေစက္ကူတွေပေါ်မှာ မြတ်မြတ်နိုးနိုးရိုက်နှိပ်ပြီး ဂုဏ်ပြုကြပါတယ်။
     " ကျွန်ုပ်ဆာသော်ဒိုးကတော့ တိုင်းပြည်နဲ့လူထုအပေါ် ကောင်းကျိုးပြုခဲ့တဲ့ 'အာဇာနည်'တွေကိုသာမက တိုင်းပြည်နဲ့လူထုအပေါ် အစွမ်းကုန်ဖိနှိပ်ရက်စက် နင်းချေသတ်ဖြတ်ခဲ့ကြတဲ့ 'အာဏာရှင်"တွေရဲ့ရုပ်ပုံတွေကိုပါ တနေရာရာမှာရိုက်နှိပ်ဖော်ပြပြီး အသုံးပြုစေချင်တာပါ "
    " ဟုတ်ပါတယ်ခင်ဗျ။ ပထမဆုံးစဉ်းစားမိတာက ဒင်းတို့ရဲ့ အာဏာဆီတက်နေတဲ့မျက်နှာကျောတင်းတင်းနဲ့ရုပ်ပုံတွေကို 'ချီးကုန်းစက္ကူလိပ် ' တွေပေါ်မှာရိုက်နှိပ်ဖြန့်ချိပြီး တနိုင်ငံလုံး ပြည်သူလူထုချီးကုန်းဂုဏ်ပြုသုံးစွဲမှုပြုကြရပါမယ် "

" ဖြောင်း ဖြောင်း ဖြောင်း ဖြောင်း ဖြောင်း ဖြောင်း "

     ပရိသတ်က ပတ်တုတ်မရ။ တဝါးဝါး တဟားဟား။ ၂၀၁၅ ခုနှစ် ဟောပြောပွဲကို ပြန်ပြီးသတိရနေမိတာပါ။
     ၆ နှစ်ကြာခဲ့ပါပြီ။ အခုတော့ ၂၀၂၁ ခုနှစ်။ အဲသည်လိုအာဏာရူးတွေ အာဏာရှင်တွေရဲ့သောက်ရှက်မရှိတဲ့ သောက်ခွက်ရုပ်ပုံကြီးတွေကို ရိုက်နှိပ်သုံးစွဲဖို့ နောက်ထပ်နေရာတွေ များစွာ များစွာ များစွာမှများစွာ ထပ်မံပြီးရှာဖွေတွေ့ရှိပြန်ပါလေပြီခင်ဗျ။
     အာဏာရူး သုနက္ခဒွန်းစဏ္ဍားရုပ်ပုံတွေနဲ့ အမျိရူး ရုပ်ပုံတွေနဲ့ ထဘီဆင်တွေ။ အာဏာရှင်ရုပ်ပုံတွေနဲ့ညှပ်ဘိနပ်တွေ။ အဲသည်အာဏာရူးရုပ်ပုံတွေနဲ့ ခြေသုတ်ခုံတွေ။ အာဏာရှင်ရုပ်ပုံတွေနဲ့ အိမ်သာသုံး ဖင်ဆေးခွက်တွေ။ အဲသည်အာဏာရူးရုပ်ပုံတွေနဲ့ သေးပန်းခွက်တွေ။ အာဏာရှင်ရုပ်ပုံတွေနဲ့ ထွေးခံတွေ။ အာဏာရှင်ရုပ်ပုံတွေနဲ့ ကြမ်းခင်းကြွေပြားတွေ။ အဲသည် အာဏာရူးရုပ်ပုံတွေနဲ့ လမ်းခင်းကျောက်ပြားတွေ။ အာဏာရှင်ရုပ်ပုံတွေနဲ့ မိလ္လာပိုက်တွေ။ အာဏာရူးရုပ်ပုံတွေနဲ့ . . . . . . . . . . . . . .

     ထပ်ထည့်ချင်တဲ့ ပစ္စည်းအမျိုးအစားများရှိသေးရင် ပြောပါအုံးမိတ်ဆွေ။             ။

        ဆာသော်ဒိုး
       6-3-2021(Sat) 12:57 PM
-

Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar