Breaking News

မြန်မာပြည်မှာ စစ်တပ်အာဏာသိမ်းပြီး ၅ လ ၁၇ ရက် မြောက်နေ့ မြင်ကွင်း



မြန်မာပြည်မှာ စစ်တပ်အာဏာသိမ်းပြီး ၅ လ ၁၇ ရက် မြောက်နေ့ မြင်ကွင်း

(မိုးမခ) ဇူလိုင် ၁၇၊ ၂၀၂၁

ကိုဗစ်၏ အဆိုးဝါးဆုံး အသေပျောက် ရက်သတ္တပတ်ကို ရောက်ရှိနေပြီလို့ ကျန်းမာရေးဝန်ထမ်းတွေက ခန့်မှန်းပါတယ်။ ရန်ကုန်ကသုသာန်တွေမှာ အနည်းဆုံး တနေ့ကို လူ ၇၀၀ ကနေ ၁၀၀၀ အထိ သဂြိုဟ်ပေးနေရတယ်လို့ ဆိုပါတယ်။ ကျန်းမာရေးဌာနက သတင်းအချက်အလက်မရနိုင်တော့ သတင်းသမားတွေက ကိုဗစ်ကြောင့် သေဆုံးသူအရေအတွက်ကို သုသာန်ကနေ စောင့်ကြည့်ပြီး သတင်းလုပ်နေရပါတယ်။ လူထောင်ချီသေဆုံးနေတာကြောင့် သုသာန်တွေမှာ အလောင်းတွေကို တန်းစီပြီး ထပ်ပြီး မီးသဂြိုဟ်ဖို့ စောင့်ဆိုင်းရပါတယ်။ မနေ့က အိမ်မှာသေဆုံးသွားတဲ့ အရှေ့ဒဂုန်က သားအဖနှစ်ဦး ရုပ်အလောင်းကို သဂြိုဟ်လက်မှတ် နောက်မနက်မှ ရပါတယ်။ အိမ်မှာ သည်အတိုင်းထားပြီး စောင့်ဆိုင်းရတယ်လို့ ဖေ့စ်ဘွတ်သတင်းတခုက ဆိုပါတယ်။ မြန်မာပြည်မှာ လုံး၀မကြုံဘူးကြရတဲ့ ၂၁ ရာစု ကပ်ဘေးကြောင့် နေ့စဉ် လူ ထောင်ချီသေဆုံးနေတာကို ကျန်းမာရေးစနစ်၊ နာရေးစနစ်တွေက လုံး၀ကိုင်တွယ်ဖြေရှင်းနိုင်ခြင်း မရှိတာကို မျက်ဝါးထင်ထင် မြင်တွေ့နေရတာ ဖြစ်ပါတယ်။ လူသတ်ပြီး စစ်အာဏာသိမ်းတဲ့ စစ်ကောင်စီလက်ထက်မှာ တာဝန်ယူမှု တာဝန်ခံမှု မရှိတဲ့ သက်သေအဖြစ် ကိုဗစ်ကပ်ဘေးကြောင့် လူတွေ အတုံးအရုံးသေကျေပျက်စီးနေတာကို စစ်ကောင်စီက လက်ပိုက်ကြည့်နေတဲ့သဘောဖြစ်ပါတယ်။

၂၀၀၈ နာဂစ်မုန်တိုင်းကြောင့် ဧရာ၀တီတိုင်းတခုတည်းက အသေအပျောက်ဟာ ၁သိန်းခွဲ ရှိမယ်လို့ ခန့်မှန်းတွက်ချက်ခဲ့ကြပါတယ်။ မုန်တိုင်းဝင်တဲ့ တညတည်းမှာ အကာအကွယ်မဲ့ သေဆုံးကြတာကို အဓိက ဆိုလိုပြီး မုန်တိုင်းပြီးနောက် တပတ်အတွင်း ပျောက်ဆုံးပျက်စီးတဲ့ အသက်တွေကိုလည်း ထည့်တွက်ခဲ့ကြပါတယ်။ အခု ၂၀၂၁ ကိုဗစ်ကပ်ဘေးကြောင့် နေ့စဉ်လူတွေ အနည်းဆုံး ၅၀၀-၁၀၀၀ အတွင်းသေဆုံးနေတာ (ရန်ကုန်တမြို့တည်း) အနေနဲ့ဆိုရင် သည်ရက်သတ္တပတ်တခုတည်းကိုပဲ စုပေါင်းပြောမယ်ဆိုရင် လူ ၇၀၀၀ သေခဲ့ပြီလို့ ကိန်းသေတွက်နည်းနဲ့ ပြောနိုင်ပါတယ်။ ဒါဆိုရင် မြန်မာပြည်တပြည်လုံး အတိုင်းအတာ၊ ကျန်းမာရေးစောင့်ရှောက်မှု မရှိသလောက်ဖြစ်နေတဲ့ ကျေးလက်မြို့နယ်တွေကိုပါထည့်သွင်း မှန်းဆကြည့်ရင် လူ အနည်းဆုံး တသောင်းမက သေဆုံးပြီး ဖြစ်တယ်လို့ ဆိုနိုင်ပါတယ်။ ဒါကလည်း ကိန်းသေနည်းပါပဲ။ ကိန်းရှင်တွက်နည်းဆိုရင်တော့ ဆတိုးပွားနှုန်းနဲ့ ရောဂါကူးစက်ခြင်းနဲ့ ဆတိုးနှုန်းလူသေဆုံးခြင်းကို တွက်မည်ဆိုရင် မတွေးဝံ့စရာ ဖြစ်ပါတယ်။

သတင်းဌာနနဲ့ သတင်းဆောင်းပါးတွေက မြန်မာပြည်မှာ လူဦးရေ ၅၅ သန်းမှာ ၅၀% (၂၇သန်း) ကိုဗစ်ပိုးကူးစက်ခံထားရပြီး ဖြစ်တယ်လို့ ခန့်မှန်းကြပါတယ်။ အဲသည်ထဲက ၅၀% နီးပါး သေဆုံးကြလိမ့်မယ်လို့ ပြောတဲ့သူက ပြောတော့ - လူ ၁၀-၁၅ သန်း သေကြလိမ့်မယ်လို့ ဟောသလို ဖြစ်နေပါတယ်။ လူ ၄ ယောက် ကိုဗစ်ဖြစ်ရင် ၂ ယောက်တော့ သေရလိမ့်မယ်လို့ ပြောတာဖြစ်ပါတယ်။ စစ်ကောင်စီက ကိုဗစ်လက္ခဏာပြသူတွေကို စစ်တာ ၃၅%ပဲ ပိုးတွေ့တယ်လို့ ပြောပါတယ်။ အခုဟာက ကိုဗစ်ပိုးကူးစက်ထားသူတွေဟာ ဆေးရုံဆေးခန်းမှာ မပြသမကုသနိုင်တော့ပဲ နေအိမ်စျေးလမ်းရပ်ကွက်တွေထဲမှာ ဝေဒနာခံစားနေကြရပြီး ပြန်ကောင်းရင်ကောင်း မကောင်းရင်တော့ သေဆုံးကြရတာ ဖြစ်တာမို့ သေပျောက်နှုန်းဟာ လက်ရှိမှာ စောင့်ရှောက်ကာကွယ်မှု နတ္ထိနဲ့ အနည်းဆုံး သေနှုန်း ၂၅% ရှိနိုင်ပြိး ကိုဗစ်လှိုင်းအပြီးလောက်မှာ မိမိဖာသာကာကွယ်ကုသမှု ခံနိုင်ရည်တက်လာကြလို့ သေဆုံးမှု ၁၀% အထိ ကျဆင်းနိုင်မယ်လို့တော့ အကြမ်းအားဖြင့် ခန့်မှန်းနိုင်ပါတယ်။ (သက်ကြီးရွယ်အိုများ၊ ဝင်ငွေနည်း အခြေခံလူတန်းစားများ အများဆုံး ထိခိုက်သေဆုံး) ၊ ဒီလိုဘာလို့ တွက်သလဲဆိုတော့ ကမ္ဘာအဆိုးဆုံး သေပျောက်မှုဟာ ပီရူး မက္ကစီကို မှာ ၉%၊ အာဖဂန်မှာ ၄% စီ ရှိတဲ့စစ်တမ်းကို အခြေခံပြီး ပြောတာပါ။ အဲသည်နိုင်ငံတွေမှာ စစ်တပ်က အာဏာသိမ်းထားတာ မရှိပါဘူး။ စစ်တပ်က ကိုဗစ်ကို လူသတ်လက်နက်သဖွယ် အသုံးချနေခြင်းလည်း မရှိပါဘူး။

လက်ရှိ ဇွန်လလယ် ကနေ အခု ဇူလိုင် လလယ်အထိ တွက်ချက်မှုများအရကတော့ (ဇွန်လလယ်ကစပြီး) ပထမ ၂ ပတ် (ကိုဗစ်ဝေဒနာ ခံစားရချိန် ပြန်ကောင်းသို့မဟုတ် သေဆုံးချိန် ကာလ ၂ ပတ်ဟု အကြမ်းအားဖြင့် သတ်မှတ်) ရလဒ်အဖြစ် ဇူလိုင်လဆန်းမှာ အသေအပျောက်တွေ စတွေ့ကြတာ ဖြစ်ပါတယ်။ ဒုတိယ ၂ပတ် (ဇွန်လနောက်ဆုံးပတ်မှ လက္ခဏာပြ၊ ကူးစက်မှုပြသ) တဲ့အုပ်စု၏ သေဆုံးမှုတွေကို အခု ဇူလိုင် ဒုတိယပတ်မှာ တွေ့နေကြရပါပြီ။ ဇူလိုင်လဆန်းသေဆုံးမှုဟာ ရာဂဏန်း ပျမ်းမျှဖြစ်ပြီး ဇူလိုင်လ ဒုတိယပတ်(ယခုအပတ်) သေဆုံးမှုဟာ ထောင်ချီရှိတာမို့ အဲသည်ကိန်းရှင်ကို ခန့်မှန်းနိုင်ပါတယ်။ သို့သော် ဇူလိုင်လ ပထမပတ်နဲ့ ဒုတိယပတ်မှာ ကူးစက်ခံရသူတွေနဲ့ ဝေဒနာခံစားရသူတွေဟာ ရှေ့ ၂ပတ်အုပ်စု ၂စု၏ သင်ခန်းစာကို အစွမ်းကုန် သင်ယူပြိး ကိုဗစ်ကို ခုခံကာကွယ်တွန်းလှန်နေကြပြီလို့ အကောင်းဘက်ကမြင်ပြီး ယူဆနိုင်ပါတယ်။ ပြည်သူကနေ ပြည်သူကို စောင့်ရှောက်မှု အရှိန်အဟုန်ကလည်း ဇူလိုင်လပထမပတ်ကုန် (၁၀ရက်နေ့ခန့်က) စပြီး ဆတိုးနှုန်းနဲ့ တိုးတက်သွားပါတယ်။ ရှေ့အပတ်တွေမှာ လူထု၏ ပြင်ဆင်မှု ခုခံမှု ကာကွယ်မှု ကူညီစောင့်ရှောက်မှုတွေ အများကြီး တက်လာရင် သေနှုန်းကျဆင်းဖို့ ရှိပါတယ်။ ဒါက စစ်ကောင်စီ၏ ဖိနှိပ် ချုပ်ချယ်မှု ကန့်သတ်မှု ပြည်သူများအပေါ် ကိုဗစ်ကပ်ဘေး အကြောင်းပြုပြီး အကြမ်းဖက်မှုများ တိုးမြှင့်လာရင်တော့ တမျိုးတဖုံ ဖြစ်သွားနိုင်ပါတယ်။

အထက်က ခန့်မှန်းချက်မှာ စစ်ကောင်စီ၏ ကျန်းမာရေးစနစ်၏ ပါဝင်ဆောင်ရွက်မှုတွေ လုံး၀ မပါဝင်ပါ။ လက်ရှိမှာ စစ်ကောင်စီက သူတို့ဦးစားပေးလူဦးရေ (စစ်ကောင်စီနဲ့ ထောက်ခံသူများ) ကိုသာ ကာကွယ်ဆေးထိုးပေးရန် (ဆေးများ ၁သန်းမှ ၂ သန်း မှာထား) အောက်စီဂျင်စက်များ အရင်းအမြစ်များ မှာယူထားတယ်လို့ ထုတ်ပြန်ထားပါတယ်။ ကမ္ဘာလုံးဆိုင်ရာ Covax ကိုဗစ်ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းစဉ်တွေမှာ ဒေါ်စုအစိုးရလက်ထက်ဆောင်ရွက်ထားပြီးသားတွေကို စစ်ကောင်စီက ခြေနဲ့ ဖျက်ထားတာမို့ လက်ရှိသူတို့ဆောင်ရွက်ချက်ဟာ စစ်အုပ်စုအတွက်သီးသန့် ဆောင်ရွက်တာ ထင်ရှားတာကို အားလုံးက ရှုတ်ချဝေဖန်ပြစ်တင်ကြရမှာ ဖြစ်ပါတယ်။

NUG အစိုးရကတော့ ဇူလိုင်လ ၁၇ နေ့စွဲနဲ့ ထုတ်ပြန်ရာမှာ ကိုဗစ်ကာကွယ်ဆေးများ ထိုးနှံရန် (၁) နိုင်ငံတကာစောင့်ကြည့်သူများကြည့်ရှုစောင်ကြည့်မှုအောက် စစ်ကောင်စီနဲ့ အတူ CRPH NUG နဲ့ တိုင်းရင်းသားအင်အားစုတို့၏ ကျန်းမာရေးအဖွဲ့များက ပြည်သူတွေကို ဆေးထိုးပေးရန် (၂) သို့မဟုတ် UN ကဲ့သို့ကြားခံအဖွဲ့အစည်းများက တိုက်ရိုက်စီစဉ်ပြီး ဆေးထိုးပေးရန် (၃) သို့မဟုတ် နယ်စပ်ဒေသရောက် ကာကွယ်ဆေးများကို NUG နဲ့ တိုင်းရင်းသားအင်အားစုတို့၏ ကျန်းမာရေးအဖွဲ့များက ပြည်သူကို ဆေးထိုးပေးရန် လို့ အဆိုပြုထားတာ တွေ့ရပါတယ်။

ဒါ့အပြင် CRPH က အွန်လိုင်းနဲ့ သူတို့ကွန်ယက်များကနေ ပြည်တွင်းက ပြည်သူတွေကို ကျန်းမာရေးစောင့်ရှောက်မှု တတ်စွမ်းသလောက် ဇွန်လလယ်ကတည်း လုပ်ဆောင်နေကြောင်း၊ ဆက်လက် တိုးချဲ့လုပ်ဆောင်နေကြောင်း ဇူလိုင် ၁၇ ရက်စွဲနဲ့ သီးခြား ထုတ်ပြန်ချက် ပြုလုပ်ပါတယ်။ ဒါ့အပြင် စစ်ကောင်စီက ပြည်သူများကို ကိုဗစ်ကပ်ဘေးက ကာကွယ်ကုသစောင့်ရှောက်မှု ပေးရန် ပျက်ကွက်ခြင်း၊ ပြည်သူများ၏ အချင်းချင်းစောင့်ရှောက်ကူညီမှုများကို ကန့်သတ်နှီမ်နှင်းခြင်း၊ လူ့အခွင့်အရေးချိုးဖောက်ခြင်း၊ ကျန်းမာရေးအာမခံချက်လုံး၀မပေးအပ်ခြင်းတို့ကို မီးမောင်းထိုး ကန့်ကွက်ထားပါတယ်။ မိမိတို့နှင့်အတူ ပြည်တွင်း ပြည်ပအင်အားစုများက မြန်မာပြည်သူတို့ကို ကယ်တင်ရန် ပူးပေါင်းကြဖို့ ဖိတ်ခေါ်တိုက်တွန်းထားပါတယ်။

ဖေ့စ်ဘွတ် ဆိုရှယ်မီဒီယာပေါ်မှာကတော့ ဘယ်သူမှ အတည်ပြုလို့မရနိုင်တဲ့ စစ်ကောင်စီ၏ ကိုဗစ်ဝေဒနာသယ်များကို ဖိနှိပ်ကန့်သတ် မှုများ၊ ထိုအတွက်ကြောင့် ကိုဗစ်လူနာများ မသေဆုံးသင့်ပဲ အစုလိုက်အပြုံလိုက်သေဆုံးနေသည့်အကြောင်းများ၊ ပွဲတွေ့ လက်တွေ့ဆေးမြီးတို ပျောက်ဆေးများ၊ အောက်စီဂျင်စက်နဲ့ အိုးရရှိရေး လမ်းညွှန်ချက်များ အကူအညီအသနားခံစာများ၊ ပြည်သူအချင်းချင်း အားပေးစကားပြောဆိုသံများ၊ အားတင်းသံ မာန်တင်းသံများကို မြင်တွေ့နေရပါတယ်။

အဲသည်ထဲမှာ ထင်ရှားတာတခုကတော့ ဖေ့စ်ဘွတ်ဆယ်လီ ဆရာဝန်လည်းဖြစ်၊ စားဖိုမှူးအဖြစ်လဲဖျော်ဖြေသူ ဒေါက်တာအဲရစ် (အယ်လ်အေ, USA)ကိုယ်တိုင် ကိုဗစ်ကာကွယ်ဆေးထိုးထားတဲ့ကြားက ကိုဗစ်ထပ်အကူးခံရပြီး အသည်းအသန် ဆေးကုခံယူဖြတ်သန်းခဲ့ရပုံ ရက် ၃၀ ကိုယ်တွေ့ကို ဖေ့စ်ဘွတ်လိုက်ဗ် ၁နာရီစာ ထုတ်လွှင့်မှု ဖြစ်ပါတယ်။ သူက အနောက်ကုထုံးအပြင် မြန်မာကုထုံးတွေ ရေနွေးငွေ့ရှုတာတွေ ရင်လူးဆေးကိုယ်တိုင် လူးခဲ့တာတွေကို ပြောကြားသွားပါတယ်။ သည်တော့ အဲရစ်၏ အားမာန် ၊ မိဘတဦးအဖြစ် ကလေးတွေအပေါ် ကိုယ်တိုင်ပြုစုချင်စိတ်၊ ကိုဗစ်ကို ခုခံတွန်းလှန်တဲ့ ခွန်အားတွေကို ပရိသတ်က ကြည့်ရှုပြီး တစုံတရာ အားဖြစ်ကြတယ်လို့ ဆိုပါတယ်။ အခြားပြည်သူတွေထဲမှ ကိုဗစ်ကို မိမိဘာသာ ခုခံရင်ဆိုင်တွန်းလှန်ခဲ့သူတွေကလည်း ဖေ့စ်ဘွတ်တွေကနေ ထုတ်ပြန်နေကြတာတွေလည်း တွေ့နေရပြီ ဖြစ်ပါတယ်။ မိမိတို့မိသားစုဝင်တွေ ကွယ်လွန်လို့ ကျန်ရစ်သူတွေကို ဝိုင်းအားပေးရင်းကနေ မိမိတို့ကိုယ်တိုင်လည်း သည်တောင်ကို ကျော်ဖို့ ကြိုးစားနေကြပုံတွေ မြင်နေရတာမို့ နွေဦးတော်လှန်ရေး ကိုဗစ်တော်လှန်ရေးဟာ အောင်လံဆက်လွှင့်ကြလိမ့်မည်ဆိုတာ ယုံကြည်မိပါကြောင်း။

Photo - ယနေ့ ရန်ကုန်၊ ထိန်ပင် သုသာန် (Aung Myo Htun Facebook)

Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar