Breaking News

ကိုအောင်မှိုင်း - အညတရ အာဇာနည်သူရဲကောင်း ရဲဘော်ကာမီလိုကို အတုယူကြ



ကိုအောင်မှိုင်း - အညတရ အာဇာနည်သူရဲကောင်း ရဲဘော်ကာမီလိုကို အတုယူကြ

(မိုးမခ) ဇူလိုင် ၁၁၊ ၂၀၂၁

ကျူးဘားတော်လှန်ရေးအကြောင်းပြောတဲ့အခါ ဖီဒယ်ကပ်စထရိုနဲ့ အာနက်စတိုချေဂွေဗားရား အကြောင်း ကို လူတိုင်းသိကြလေ့ရှိပါတယ်။ ဒါပေမဲ့ ကျူးဘားတော်လှန်ရေးကို စတင်ကထဲကပါဝင်ခဲ့ ရဲဘော်ကာမီ လိုစီယင်ဖျူဂို ( Camilo Cienfuegos)ကို သိသူကတော့ အတော်နည်းမှာ ဖြစ်ပါတယ်။ သူက အသစ်ပြန် လည် ဖွဲ့စည်းခဲ့တဲ့ ကျူးဘားပြည်သူ့ တပ်မတော်မှာတပ်ချူပ်ဖြစ်ပြီး လေယဉ်ပျက်ကျလို့ ကျဆုံးခဲ့ရတာ ဖြစ်ပါတယ်။

ချေဂွေဗားရားဟာ သူ့ရဲ့ပြောက်ကျားစစ်စာအုပ်ကို ရဲဘော်ကာမီလိုရဲ့ တိုက်တွန်းအားပေးမှုကြောင့် ရေးရတာလို့လဲ အသိအမှတ်ပြုခဲ့တာတွေ့ရပါတယ်။ ရဲရင့်ပြောင်မြောက်တဲ့ သူရဲကောင်းတပ်မှုး ပြောက်ကျား ခေါင်းဆောင်တဦးလဲဖြစ်ခဲ့ပါတယ်။ ပြောရမယ်ဆိုရင် ရဲဘော်ကာမီလိုဟာ တိုက်ပွဲပေါင်းများစွာကို တိုက်ခိုက်ခဲ့တဲ့ တော် လှန်ရေးသမားတဦး ဖြစ်ခဲ့ပါတယ်။ ကိုယ်ကျိူးစွန့်သူ အကျင့်စာရိတ္တကောင်းမွန်သူ ရဲ ဘော် ရဲဘက်စိတ်ဓါတ်ရှိသူတဥိးအဖြစ်နာမည်ရသူတဥိးဖြစ်ပါတယ်။

ရဲဘော်ကာမီလိုရဲ့ ထင်ရှားတဲ့လက္ခဏာတရပ်ကတော့ ကိန်းကြိးခန်းကြီးမရှိဘဲ ပုံတိုပါတ်စတွေနဲ့ ဟာသ ဉာဏ်မြောက်သူအဖြစ် ရဲဘော်အားလုံးရဲ့ ချစ်ခင်လေးစားမှုကို ရခဲ့သူဖြစ်ပါတယ်။ လူထုကလဲ သူ့ရဲ့ဒီလို ပြုမူနေထိုင်ဆောင်ရွက်မှုတွေကိုက သူ့ရဲ့ပုံရိပ်ဟာ လူထုအတွင်း အရိပ်ပမာထင်ကျန်ရစ်ခဲ့တာ ပါ။ ရဲဘော် ကာမီလိုကျဆုံးသွားပြီးတဲ့နောက် ရဲဘော်ချေဂွေဗားရားက “ဒန်တန်ရဲ့တော်လှန်ရေး အဆိုအမိန့် (Danton’s maxim) ကို ရဲဘော် ကာမီလို ဖတ်မိမှတ်သားမိ ကြားနာမိခဲ့ဖူးသလားဆိုတာတော့ ကျနော်မသိပါ”။ အဲဒါကတော့ “ ရဲရင့်တည်ကြည်ပါ။ ပိုပြီးရဲရင့်တည်ကြည်ကြပါ” ဆိုတဲ့အချက်ပါ။ သူ့လုပ်ဆောင်မှုတိုင်းဟာ ပြောက်ကျားရဲဘော်အတွက် လို အပ်တဲ့အရည်အသွေးဖြစ်တဲ့ လက်ရှိအခြေအနေကို မြန်မြန်ဆန်ဆန် တိတိကျကျ သုံးသပ်အဖြေထုတ်နိုင်ခြင်းနဲ့ အနာဂတ်မှာကြုံတွေ့ဖြေရှင်းရမဲ့ အခက်အခဲပြဿနာတွေကို ကြိုတင်ခန့်မှန်း တွက်ချက်နိုင်ခြင်းတို့ကိုပါ ပေါင်းစပ်ကျင့်သုံးသွားခဲ့တာဖြစ်ပါတယ်။

သူ့မှာ စာအုပ်စာတမ်းတွေကရတဲ့ စာပေအသိအားနည်းပေမဲ့ ပြည်သူလူထုဆီကရတဲ့ (လက်တွေ့ဘဝ တိုက်ပွဲတွေကရတဲ့အသိ)တွေများစွာရှိခဲ့တာ သေချာပါတယ်။ သူဟာရဲရင့်တယ်။ တည်ကြည်တယ်။ ယုံ ကြည်ချက်ပြင်း ထန်တယ်။ အမြော်အမြင်ကြီးမားတယ်။ မာနာလုံးဝမရှိဘူး။ လူထုလက္ခဏာဆောင် တယ်။ ပြည်သူအပေါ် ယုံကြည်တယ်။ အနိုင်မခံအရှုံးမပေးတဲ့ ပြောက်ကျားရဲဘော်တိုင်းရဲ့ သစ္စာတရားအပေါ် လေးနက်စွာခံယူတယ်။ သူဟာ ဘယ်အခါမှာ ရန်သူအပေါ်ကြောက်ဒူးတုန်မှုမရှိခဲ့သူဖြစ်တယ်။ လက်ရုန်းရည် နှလုံးရည်ပြည့်ဝတဲ့ ပြောက်ကျားရဲဘော်ဖြစ်တယ်။

ရဲဘော်ကာမီလိုဟာ နေရာတိုင်းမှာ ကာမီလိုရှိတယ်လို့ပြောရလောက်အောင်စွမ်းဆောင်နိုင်သူ ကျူးဘားတော် လှန်စစ်မှာဖျောက်ဖျက်လို့မရတဲ့ အခိုင်အမာတည်ရှိနေတဲ့မှတ်တိုင်အဖြစ်မှတ်ကျောက်တင်ခဲ့နိုင်သူ ဖြစ်ပါတယ်။ ပြည်သူလူထုအတွက် တော်လှန်ရေးအတွက် စံနမူနာကောင်းဖြစ်သလို တသစွဲလန်းနေရတဲ့ သူရဲ ကောင်းတဦးလဲဖြစ်ပါတယ်။ ပန်းတိုင်ကို မရောက်ခဲ့ကြသူတွေထဲက အညတရ အာဇာနည်သူရဲကောင်းတဦးဘဲဖြစ်တယ်လို့ ရဲဘော်ချေဂွေဗားရားက မှတ်တမ်းတင်ခဲ့ရသူ တဦး ဖြစ်ပါတယ်။

“ရဲဘော်ကာမီလိုကဲ့သို့ ရဲဘော်တွေအများကြီး ကျူးဘားတော်လှန်ရေးမှာပေါ်ထွန်းခဲ့ပါတယ်။ နောက်လဲ ဆက်ပြီး ပေါ်ထွန်နေဦးမှာဖြစ်ပါတယ်။တော်လှန်ရေးသမိုင်းစဉ်အတွင်း ပန်းတိုင်မရောက်မီ လမ်းခုလတ်မှာဘဲ ဂုဏ် ရောင်ပြောင်စွာ ကျဆုံးခဲ့ရသူ ရဲဘော်ကာမီလိုကဲ့သို့ အညတရရဲဘော်များစွာဟာ အမျိူး သားနိုင်ငံပေါ် ထွန်းဘို့ တရားသောတော်လှန်စစ်ပွဲကာလရဲ့ အမြင့်မြတ်ဆုံး သင်္ကေတပြယုဂ်တွေအဖြစ် ပြည်သူလူထုက တိုက်ပွဲတွေအတွင်းမှာ မွေးဖွါးဖော်ထုတ်ပေးလိုက်တာဘဲဖြစ်ပါတယ်” လို့ ရဲဘော် ကပ်စထရိုက ပြောခဲ့ပါတယ်။

ကနေ့နွေဥိးတော်လှန်ရေးမှာ အညတရရဲဘော်တွေ အများအပြားပေါ်ထွန်းလာခဲ့ပါတယ်။ ဗမာပြည် သမိုင်းမှာ ဘယ်တုန်းကမှ မရဘူးတဲ့ လူမျိူးပေါင်းစုံညီညွတ်ရေးကို ရခဲ့ကြသလို လူမျိူးပေါင်းစုံရဲ့ အညတရ အာဇာနည် သူရဲကောင်းတွေကို တိုက်ပွဲတွေမှာ တွေ့ရှိမှတ်တမ်းတင်ခဲ့နိုင်ကြပါတယ်။ လူမျိူး ကွဲပြားပေမဲ့ ဘာသာကွဲပြား ပေမဲ့ အသားအရောင်ကွဲပြားပေမဲ့ ပညာအရည်အချင်းကွဲပြားပေမဲ့ ဆင်းရဲ ချမ်းသာ ကွဲပြားပေမဲ့ အားလုံးဟာ အနာဂါတ်မြန်မာနိုင်ငံအတွက် သူရဲကောင်းအာဇာနည်တွေအဖြစ် စာရင်းသွင်း မှတ်ကျောက်တင်နေကြတဲ့ အချိန်ဖြစ်ပါတယ်။ အညတရသူရဲကောင်းတွေအတွက်ဆိုရိုးကတော့ “ အာဇာနည်မျိူး သေရိုးမရှိ ” ဆိုတာ ဟာ မြန်မာနိုင်ငံတော်သစ်ကို မွေးဖွါးပေးမဲ့ အနာဂါတ်စုတ်ချက် ကြမ်းကြမ်းတွေသာဖြစ်ကြောင်းပါဗျာ။

(ကိုးကား။ ။ ပြောက်ကျားစစ် ချေဂွေဗားရား ဘာသာပြန် ။ ရဲဘော်ဆလိုင်းပါကျင် ။ ရဲဘော်ဇော်ထွန်း ။ ပန်းတိုင်မရောက်ခင်ကျဆုံးခဲ့ရတဲ့ အညတရ သူရဲကောင်းရဲဘော်ဇော်ထွန်းကို သတိတရ ရေးသားအပ်ပါ သည်။)

ကိုအောင်မှိုင်း
ဇူလိုင်လ ၁၀ ရက် ၂၀၂၁ခုနှစ်


Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar