နန္ဒလင်းရှိန် - နွေဦးတော်လှန်ရေး နှေးကွေးအောင် ဟန့်တားနေတာ ဘယ်သူတွေလဲ
နန္ဒလင်းရှိန် - နွေဦးတော်လှန်ရေး နှေးကွေးအောင် ဟန့်တားနေတာ ဘယ်သူတွေလဲ
(မိုးမခ) ဇူလိုင် ၁၁၊ ၂၀၂၁လက်ရှိ မြန်မာနိုင်ငံအခြေအနေဟာ ကျပ်မပြည့်သူတဥိးရဲ့ အရူးထမှုကြောင့် ကပ်ကြီးသုံးပါးဘေးနဲ့ရင်ဆိုင်ကြုံ တွေ့နေရ တယ်။ နိုင်ငံအုပ်ချုပ်ရေးမဆိုထားနဲ့ ကိုယ့်မိသားစုကိုတောင် လူရိုသေအောင် မစီမံနိုင်သူက တိုင်းပြည့်ရဲ့ အုပ်ချုပ်ရေး အာဏာကို သိမ်းယူခဲ့တာကြောင့် နိုင်ငံနဲ့ပြည်သူတရပ်လုံး ဒုက္ခပင်လယ်ဝေနေကြရပြီ ဖြစ်တယ်။ အခု စစ်အာဏာသိမ်းမှု လေးလခွဲနီးပါးရှိလာချိန်မှာ အရင်ဆုံး လဲပြိုတာက စီးပွားရေးကဏ္ဍဖြစ်တယ်။ စစ်အာဏာသိမ်းလိုက်ရင် အာဏာကို လွယ်လွယ်ရလိမ့်မယ်လို့ ထင်ခဲ့တဲ့ အာဏာရူးတယောက်ရဲ့အိပ်မက်ဟာ ဒီကနေ့ဂျန်ဇီး လူငယ်မျိုးဆက်သစ်တွေရဲ့ ဆန့်ကျင်တော်လှန်မှုကို တွေ့ကြုံလိုက်ရတယ်အခါ သွေးပျက်သွားတာ တွေ့ရတယ်။ သွေးပျက်သွားတယ်လို့ ဆိုရတာက လုပ်သမျှအလုပ်တွေ ဆင်သမျှ ဗျူဟာတွေနဲ့တကွ ချလိုက်သမျှ ဆုံးဖြတ်ချက်တွေဟာ အလွဲလွဲအချော်ချော်တွေ ချည့် ဖြစ်နေတာ ပြည်တွင်းကသာမက နိုင်ငံတကာကပါ မြင်နေကြရလို့ပါပဲ။ တရုတ်ကို အားထားလိုက်တဲ့အချက်ကတော့ အဆိုးရွားဆုံး ဆုံးဖြတ်ချက် အမှားပေပဲ။
အာဏာရူးကို ကျပ်မပြည့်ဘူးလို့ ပြောရတာက မြန်မာနိုင်ငံ အနေနဲ့ Covid-19 ဒုတိယလှိုင်းနဲ့ အကျိတ်အနယ် ရင်ဆိုင် ရုန်းကန် တိုက်ပွဲဆင်နေရချိန်မှာ ဆင်ခြင်တုံတရားမဲ့စွာ အာဏာသိမ်းခဲ့လို့ဖြစ်တယ်။ အာဏာသိမ်းရခြင်း အကြောင်းရင်း ကလည်း အကျင့်ပျက်ခြစားပြီး ပိုင်ဆိုင်လာတဲ့ ကိုယ်ကျိုးစီးပွားကို ကာကွယ်ဖို့အတွက် ဖြစ်တယ်ဆိုတာ ကျေးရွာဇနပုဒ်က လယ်သမားယာသမားတွေကအစ ကျောင်းသားလူငယ်တွေအထိ သိကြတယ်။ ဒီဆင်သေကို ဆိတ်သားရေနဲ့ဖုံးကွယ်ဖို့ ရွေးကောက်ပွဲရလဒ်ကို အပြစ်မရှိအပြစ်ရှာခဲ့တယ်။ ဒါပေမယ့် ရွေးကောက်ပွဲရလဒ် တရားမျှတမှုရှိကြောင်း ပြည်တွင်း ရွေးကောက်ပွဲစောင့်ကြည့်အဖွဲ့တွေတင်မက၊ နိုင်ငံတကာ စောင့်ကြည့်အဖွဲ့တွေက ထောက်ခံ အသိအမှတ်ပြုခဲ့ပြီးဖြစ် တယ်။ ဒါကိုပဲ ကျပ်မပြည့်သူပီပီ တရုတ်နဲ့ရုရှား မီဒီယာတွေမှာ ရွေးကောက်ပွဲ တရားမျှတမှု မရှိလို့ အာဏာသိမ်းရတဲ့ အကြောင်း ထပ်တလဲလဲ လိမ်ပြောနေတာဟာလည်း အရှက်တရား ကင်းမဲ့ကြောင်း ပေါ်လွင်နေတယ်။
အာဏာသိမ်းပြီးပြန်တော့လည်း အုပ်ချုပ်နိုင်တဲ့ အရည်အချင်းနဲ့ဂုဏ်သိက္ခာရှိသလားဆိုတော့လည်း တရွေးသားတောင် မရှိ။ နိုင်ငံကို အုပ်ချုပ်ချင်ရင် ပြည်သူက ယုံကြည်လက်ခံအောင် စွမ်းဆောင်နိုင်ဖို့လိုတယ်။ ရှေးစကားနဲ့ပြောရရင် ဘုရင် လုပ်ချင်ရင် မင်းကျင့်တရားနဲ့ ညီညွတ်ရမယ်။ အကြမ်းဖျင်းအားဖြင့် ပြည်သူလူထုကို ရင်ဝယ်သားကဲ့သို့ သဘောထားရ မယ်။ ပြည်သူတွေရဲ့နေ့စဉ် စားဝတ်နေရေးဘဝကို ဖြည့်ဆည်းပေးနိုင်အောင် အမြဲကြိုးပမ်းနေရမယ်။ ပြည်သူတွေကို မိမိတို့နိုင်ငံအတွင်း လုံလုံခြုံခြုံ ငြိမ်းငြိမ်းချမ်းချမ်း နေထိုင်သွားလာနိုင်အောင် ကာကွယ်စောင့်ရှောက်ရမှာ ဖြစ်တယ်။ ဒါပေမယ့် ဒီကနေ့ အာဏာသိမ်းလိုက်တဲ့ ဘုရင်ရူးရဲ့ စစ်ကောင်စီဟာ ပြည်သူလူထုကို ရင်ဝယ်သားကဲ့သို့ သဘောမထား ရုံမက၊ ရန်သူသဖွယ် လက်နက်အားကိုးနဲ့လိုက်လံပစ်ခတ်သတ်ဖြတ်နေတာ ကမ္ဘာကတောင် သိနေတယ်။
ပြည်သူတွေ အေးအေးချမ်းချမ်း လုပ်ကိုင်နေထိုင်စားသောက်နိုင်အောင် ကူညီကာကွယ်ရမယ့်အစား ပြည်သူ့အိမ်ယာတွေ ထဲအထိ ဥပဒေမဲ့ သေနတ်တကားကားနဲ့ ကျူးကျော်စီးနင်းဝင်ရောက်တယ်။ ငွေကြေးနဲ့အဖိုးတန်ပစ္စည်းတွေကို လူယူ တယ်။ ရံဖန်ရံခါ ပစ္စည်းယူရုံမက လူကိုပါသေနတ်နဲ့ပစ်ခတ်တာတွေ လုပ်သေးတယ်။ တရားဥပဒေစိုးမိုရေးကို ဘုရင်လုပ် လိုသူ အာဏာရူးကိုယ်တိုင်က ချိုးဖျက်ခဲ့တယ်။ စစ်ကောင်စီ တပ်သားတွေဟာ စစ်ရာဇဝတ်မှုတွေ အမျိုးမျိုးကျူးလွန်တယ်။ လူ့အခွင့်အရေးချိုးဖေက်မှုတွေ အမျိုးမျိုး လွန်ကျူးတယ်။ ဒါကြောင့် ကျင့်ဝတ်နဲ့ညီတဲ့ စစ်တပ်မဟုတ်တော့ဘဲ ရာဇဝတ်မှု ကျူးလွန်လေ့ရှိတဲ့ အကြမ်းဖက်ဂိုဏ်းကြီးဖြစ်လာတယ်။
အနီးဆုံး ဥပမာတခုကတော့ မကွေးတိုင်း၊ ပေါက်မြို့နယ်၊ ကင်းမရွာကို ဇွန် ၁၅ ရက် ညနေပိုင်းက အကြမ်းဖက်စစ်တပ်က မီးရှို့ဖျက်ဆီးခဲ့ရာမှာ အသက် ၉၀ ဝန်းကျင် သက်ကြီးရွယ်အို အဘိုးအဘွား လင်မယားနှစ်ယောက်မီးလောင်ကျွမ်း သေဆုံး ခဲ့ရကြောင်း ဒီဗွီဘီသတင်းအရ သိရတယ်။ ဒါ့ပြင် ကင်းမရွာကို စစ်တပ်က ဝင်ရောက်မီးရှို့လို့ အိမ်ခြေ ၂၄၀ လောက် ရှိတဲ့ အနက် ၁၅ အိမ်လောက်သာကျန်ပြီး တစ်ရွာလုံးမီးလောင်ကျွမ်းပျက်စီးသွားခဲ့တယ်။ အဲဒီ ဖြစ်ရပ်နဲ့ ပတ်သက်ပြီး စစ်ကောင်စီတပ်ဟာ ကြောက်မက်ဖွယ်ရာဇဝတ်မှုတွေကို ဆက်ပြီး ကျူးလွန်နေတယ်လို့ မြန်မာ နိုင်ငံဆိုင်ရာ ဗြိတိန် သံအမတ်ကြီး က ပြောကြားလိုက်တယ်။ ဇွန်လ ၁၅ ရက်က မကွေးတိုင်း၊ ပေါက်မြို့နယ်၊ ကင်းမရွာ တစ်ရွာလုံးကို အကြမ်းဖက် စစ်တပ်က မီးရှို့လိုက်တယ်ဆိုတဲ့ သတင်းတွေအရ စစ်တပ်ဟာ ကြောက်မက် ဖွယ်ကောင်းတဲ့ ရာဇဝတ်မှု တွေကို ဆက်လက်ကျူးလွန်နေကြောင်းနဲ့ မြန်မာပြည်သူတွေ အပေါ် အလေးထားမှုမရှိကြောင်း ထပ်လောင်းဖော်ပြနေ တာပဲ ဖြစ်တယ်လို့ ဗြိတိန်သံရုံး ထုတ်ပြန်ချက်မှာ ဖော်ပြထားတယ်။
"မြန်မာနိုင်ငံမှာ အကြမ်းဖက်မှုတွေ ရပ်တန့်မယ်လို့ မြန်မာစစ်တပ်က အာဆီယံအဖွဲ့ကြီးကို ကတိပြုခဲ့ပေမယ့် အဓိက အရေးပါတဲ့ဒေသတွေမှာ စစ်တပ်က အင်အား ဖြည့်တင်းနေတဲ့အတွက် မြန်မာနိုင်ငံတွင်း တင်းမာမှုတွေ လျော့ပါးအောင် စစ်တပ်ဖက်က ကြိုးစားမှု မရှိတဲ့ပုံမျိး တွေ့နေရတယ်လို့ မဟာမင်းကြီးက ပြောပါတယ်။ ဒါ့အပြင် နိုင်ငံတလွှား အကြမ်း ဖက်မှုတွေ တိုးလာနိုင်ကြောင်း သတိပေးလိုက်သလို လူအများအပြား သေဆုံးပြီး လူသားချင်းစာနာမှု အခြေနေတွေ ပိုဆိုးမလာအောင် ကာကွယ်ဖို့လည်း ပြောခဲ့တယ်" လို့ ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး Michelle Bachelet က တောင်းဆိုလိုက်ကြောင်း ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ ဒုတိယပြောခွင့်ရ မစ္စတာ Farhan Haq က ပြောကြားခဲ့တယ်။ (ဗီအိုအေသတင်း)။
ကယားပြည်နယ်လို နေရာမျိုးမှာ မြန်မာစစ်တပ်က လက်နက်ကြီးတွေ သုံးပြီး စစ်အာဏာသိမ်းမှု ဆန့်ကျင်သူတွေကို ဆက်ပြီး အကြမ်းဖက် ဖြိုခွဲနေတယ်။ လူသားဒိုင်းသဖွယ် အသုံးပြုနေတယ် ဆိုတဲ့ ခိုင်လုံတဲ့ သတင်းတွေရကြောင်းလည်း ပြောတယ်။ အခုလို မြန်မာနိုင်ငံတွင်း လက်ရှိကြုံတွေ့နေရတဲ့ လူ့အခွင့်ရေးချိုးဖောက်မှုတွေနဲ့ အကြမ်းဖက်မှုတွေ ချက်ချင်း ရပ်တန့်ဖို့ တခြား သြဇာကြီးတဲ့ နိုင်ငံတွေနဲ့ အာဆီယံအပါအဝင် ဒေသဆိုင်ရာသံတမန်ရေး ကြိုးစားမှုတွေ တိုးလုပ်ဖို့လည်း ပန်ကြားခဲ့တာ တွေ့ရတယ်။
ဒါ့အပြင် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြု ကော်မတီ CRPH က ဖွဲ့စည်းထားတဲ့ အမျိုးသားညီညွတ်ရေး အစိုးရ NUG နဲ့ရော အရပ်ဖက်လူမှုလူ့အဖွဲ့အစည်းတွေနဲ့ပါ ဆွေးနွေးညှိနှိုင်းမှုလုပ်ဖို့ အရေးတကြီး လိုအပ်နေတယ်လိ်ု့လည်း ပြောကြား ခဲ့တယ်။ စစ်ကောင်စီအနေနဲ့ ညှိနှိုင်းဆွေးနွေးမှုတွေ လုပ်ရမယ့်အစား စစ်အာဏာသိမ်းမှု ဆန့်ကျင်သူတွေကို အကြမ်းဖက် သူတွေ အဖြစ်ကြေညာပြီး ကြီးလေးတဲ့ အပြစ်ဒဏ်တွေ ပေးနေကြောင်းနဲ့ အခု စစ်တပ်အာဏာသိမ်းထားတဲ့ ၄ လ အတွင်း မှာ မြန်မာနိုင်ငံဟာ ဒီမိုကရေစီလျော့ပါးလာပြီး လူ့အခွင့်ရေးဆိုင်ရာ ဆိုးဝါးတဲ့ အနေထား ရောက်သွားတာတွေ့ရတယ် လို့လည်း ပြောထားတယ်။
ဒီအတောအတွင်း ဗြိတိန်နိုင်ငံ အနောက်တောင်ပိုင်း ကွန်းဝေါလ်နယ်ဒေသ (Cornwall) က ကာဘစ်(စ်) (Carbis) ကမ်းခြေမှာ ဇွန်လ ၁၁ ရက်ကနေ ၁၃ ရက်နေ့အထိ G7 ထိပ်သီးအစည်းအဝေး (၃)ရက်ကြာ ကျင်းပခဲ့ကြောင်းနဲ့ အစည်း အဝေးနောက်ဆုံးနေ့မှာ G7 ခေါင်းဆောင်တွေက ကြေညာချက်တစောင် ထုတ်ပြန်ခဲ့ကြောင်း အိန္ဒိယ ANI သတင်းက ဖော်ပြခဲ့တယ်။ အစည်းအဝေးမှာ စစ်တပ်အာဏာသိမ်းခံထားရတဲ့ မြန်မာနိုင်ငံအရေးကို အလေးထား ဆွေးနွေးခဲ့တယ် လို့ဆိုတယ်။
မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းမှုနဲ့ အာဏာသိမ်းပြီးတဲ့နောက် စစ်ကောင်စီရဲ့ လုံခြံုရေးတပ်ဖွဲ့တွေက အရပ်သား ပြည်သူတွေကို အကြမ်းဖက်မှုတွေအပေါ် G7 ထိပ်သီး ရ နိုင်ငံ ခေါင်းဆောင်တွေက ပြင်းပြင်းထန်ထန် ရှုတ်ချခဲ့ကြကြောင်း Carbis Bay ကြေညာစာတမ်းမှာ ဖော်ပြထားတယ်။ ဒီ့အပြင် တရားလက်လွတ် ဖမ်းဆီးထားသူတွေကို အမြန်ဆုံး ပြန်လွှတ် ပေးဖို့လည်း တောင်းဆိုလိုက်ပြီး၊ မြန်မာနိုင်ငံ တည်ငြိမ်ရေးနဲ့ဒီမိုကရေစီရရှိရေးအတွက် ငြိမ်းချမ်းစွာဆောင်ရွက်မှုကို ထောက်ခံ ပံ့ပိုးသွားမယ်လို့ ဆိုတယ်။ အစည်းအဝေးအပြီး ထုတ်ပြန်လိုက်တဲ့ အချက် (၇၀) ပါ “ကာဘစ်(စ်) ဂျီ-ဆဲဗင်း ထိပ်သီးညီလာခံ ကြေညာချက်” ရဲ့ အပိုဒ် ၅၉ မှာ ဂျီ-ဆဲဗင်း နိုင်ငံတွေအနေနဲ့ မြန်မာ့ဒီမိုကရေစီရေးကို အတတ်နိုင်ဆုံး ကူညီပံ့ပိုးပေးသွားမယ့်အကြောင်းလည်း ဖော်ပြပါရှိတယ်။ (ဒီဗွီဘီ သတင်း)။
ဂျီ-ဆဲဗင်းနဲ့ ကမ္ဘာ့ထိပ်သီးခေါင်းဆောင်တွေဟာ မြန်မာနိုင်ငံက လူသားချင်း စာနာထောက်ထားမှု ဆိုင်ရာ အခြေအနေတွေ ကို နက်နက်ရှိုင်းရှိုင်း စိုးရိမ်ပူပန်ပြီး ထိခိုက်လွယ်သူတွေနဲ့ နေရပ်စွန့်ခွာ တိမ်းရှောင်သူတွေအတွက် လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာအကူအညီတွေကို အတားအဆီးမရှိ ရယူနိုင်ဖို့ တောင်းဆိုခဲ့တယ်။ လူသားချင်းစာနာထောက်ထားမှု ဆိုင်ရာ တုံ့ပြန်မှုအစီအစဉ်ကို ပံ့ပိုးကူညီဖို့ တခြားသူတွေအနေနဲ့လည်း ပါဝင်ကူညီကြဖို့ အားပေးတိုက်တွန်းကြောင်း ဖော်ပြ ထားတယ်။
ဂျီ-ဆဲဗင်းနဲ့ ကမ္ဘာ့ထိပ်သီးခေါင်းဆောင်တွေရဲ့ ထုတ်ပြန်ချက်ကို အာဏာသိမ်း စစ်ကောင်စီ နိုင်ငံခြားရေးဌာနက ကြေညာချက် ထုတ်ပြန်ကန့်ကွက်ထားတယ်။ စစ်ကောင်စီတပ်ဖွဲ့တွေ စာသင်ကျောင်းတွေမှာ တပ်စွဲထားတဲ့ကိစ္စအပေါ် UNICEF ကုလသမဂ္ဂ ကလေးများရန်ပုံငွေအဖွဲ့ရဲ့ ထုတ်ပြန်ချက်ကိုလည်း မျှတမှုမရှိဘူးလို့ မြန်မာစစ်ကောင်စီက ဝေဖန် အပြစ်တင်တာလည်း တွေ့ရတယ်။ မြန်မာနိုင်ငံမှာ စာသင်ကျောင်းတွေ တိုက်ခိုက်ခံရတဲ့ကိစ္စ UNICEF ကုလသမဂ္ဂ ကလေးများရန်ပုံငွေအဖွဲ့ ထုတ်ပြန်ချက်မှာ စာသင်ကျောင်းတွေကို စစ်တပ်က တပ်စွဲထားတဲ့ကိစ္စ အလေးပေး ပြောဆို ထားလို့ မျှတမှုမရှိဘူးလို့ စစ်ကောင်စီ ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်ချုပ်ဇော်မင်းထွန်းက ဇွန်လ (၁၁) ရက်နေ့ သတင်းစာရှင်းလင်း ပွဲမှာ ပြောသွားခဲ့တယ်။
မကြာသေးခင်ကာလတွေအတွင်း ဖြစ်ပေါ်ခဲ့တဲ့ အကြမ်းဖက်မှုတွေကြောင့် မြန်မာနိုင်ငံအတွင်း လူ့အခွင့်အရေး အခြေအနေ သိသိသာသာ ကျဆင်းသွားတဲ့အပေါ် စိုးရိမ်ပူပန်ကြောင်း ကုလသမဂ္ဂ မြန်မာနိုင်ငံဌာနေရုံးက ပြောဆိုထားတာ တွေ့ရ တယ်။ "မြန်မာနိုင်ငံတွင်း လူ့အခွင့်အရေး ချိုးဖောက်မှုမှာ တာဝန်ရှိသူတွေနဲ့ အဲဒီလို ချိုးဖောက်မှုတွေအတွက် အမိန့်ပေးသူ အထက်အရာရှိ အဆင့်ဆင့်ကို အရေးယူဖို့ မြန်မာနိုင်ငံ ကုလသမဂ္ဂရုံးခွဲက တောင်းဆိုပါတယ်" လို့ ဇွန်လ ၁၇ ရက်နေ့စွဲနဲ့ ထုတ်ပြန်တဲ့ ကြေညာချက်မှာ ဖော်ပြထားတယ်။
စစ်တပ်အာဏာသိမ်းထားတဲ့ မြန်မာနိုင်ငံမှာ စစ်ကောင်စီရဲ့ လုံခြံုရေးတပ်တွေက နိုင်ငံတဝှမ်းမှာ အရပ်သားတွေကို ဆက်လက်ဖိနှိပ်နေတာဟာ ကြီးမားတဲ့ဒေသတွင်းရိုက်ခတ်မှုတွေကို ထပ်ဖြစ်လာ စေတဲ့အတွက် နိုင်ငံတကာက တညီတညွတ်ထည်း တုံ့ပြန်ဖို့ လိုအပ်တယ်လို့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ် Antonio Guterres က တောင်းဆိုကြောင်း အတွင်းရေးမှူးချုပ်ရဲ့ ပြောခွင့်ရ Stephane Dujarric က ဇွန်လ (၁၇) ရက်နေ့ သတင်းစာရှင်းလင်းပွဲမှာ ပြောတယ်။
နွေဦးတော်လှန်ရေးဟာ အာဏာသိမ်းစစ်တပ်နဲ့ နိုင်ငံရေးပါတီ တစ်ခုခုအကြား ဖြစ်နေတာ မဟုတ်ဘဲ စစ်တပ်နဲ့ ပြည်သူ အကြား ဖြစ်နေတဲ့ပြဿနာမို့ ပြည်သူတွေ ဘာလိုချင်လဲဆိုတာကို စစ်ကောင်စီဘက်က အသေအချာ စဉ်းစားပြီး အဖြေရှာ သင့်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ကျန်းမာရေး/ပညာရေးဝန်ကြီး ဒေါက်တာဇော်ဝေးစိုးက ဇွန်လ (၁၆)ရက် နေ့က RFA သတင်းဌာနကို ပြောကြားခဲ့တယ်။
ဒီအတောအတွင်း အာဆီယံရဲ့ လုပ်ဆောင်ချက်တွေဟာ အာဏာသိမ်း စစ်ကောင်စီကို အကာအကွယ်ပေးရာရောက်နေ တယ်လို့ လူ့အခွင့်အရေး လှုပ်ရှားမှုအဖွဲ့ Amnesty International က ကြေညာချက်ထုတ်ပြန်ပြီး ဝေဖန်ထားတာ တွေ့ရ တယ်။ RFA သတင်း။ အခုဆိုရင် မြန်မာပြည်သူ သန်းပေါင်းများစွာဟာ အာဆီယံအဖွဲ့အပေါ်မှာ ယုံကြည်မှု ပျက်ပြားလာ နေတယ်လို့ Amnesty International အဖွဲ့က ဆိုတယ်။ အာဏာသိမ်းစစ်ကောင်စီကနေ အရပ်သားပြည်သူတွေကို တိုက်ခိုက်သတ်ဖြတ်တာ၊ ဖမ်းဆီးချုပ်နှောင်တာနဲ့ နိုင်ငံထဲကနေ ထွက်ပြေးစေတာစတဲ့ လုပ်ရပ်တွေကို ဆက်လက် လုပ်ဆောင်နေတာဟာ အာဆီယံရဲ့ ကြိုးပမ်းအားထုတ်မှုတွေကို လှောင်ပြောင်နေတဲ့ သဘောသက်ရောက်တယ်လို့လည်း Amnesty International အဖွဲ့က ဝေဖန်ထားတယ်။ အာဆီယံ အဖွဲ့ကြီးအနေနဲ့ ကုလသမဂ္ဂ နိုင်ငံတကာတို့နဲ့ ပူးပေါင်းပြီး ဒေါ်အောင်ဆန်းစုကြည်အပါအဝင် ထိန်းသိမ်းခံထားရတဲ့ အတိုက်အခံ ခေါင်းဆောင်နဲ့ အရပ်သားပြည်သူတွေကို ပြန်လွှတ်ပေးရေးမှာ ပါဝင်ဖိအားပေးဖို့လည်း Amnesty International အဖွဲ့က တောင်းဆိုထားတယ်။
တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိက “မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီ အသွင်ကူးပြောင်းရေး ပြန်လည်စတင်ဖို့ တရုတ်နိုင်ငံက လိုလားတဲ့အတွက်၊ အာဆီယံနဲ့ ပူးပေါင်း ဆောင်ရွက်ဖို့အသင့်ရှိတယ်” လို့ တရုတ်နိုင်ငံ ချုံကျင်းမြို့မှာ ဇွန်လ (၇) ရက်နေ့ က ပြောကြားခဲ့တယ်။ ၂-ရက်ကြာ ပြုလုပ်ခဲ့တဲ့ တရုတ်-အာဆီယံအထူးအစည်းအဝေးမှာ ဝမ်ယိက ပြောကြားခဲ့တာ ဖြစ် တယ်။ ဇွန်လ ၅ ရက်နေ့က အကြမ်းဖက် စစ်ကောင်စီ အကြီးအကဲ မင်းအောင်လှိုင်နဲ့ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံ အမတ် ချန်ဟိုင်းတို့ နေပြည်တော်မှာ တွေ့ဆုံစဉ် မြန်မာနိုင်ငံရဲ့ ပြည်တွင်းရေး အခြေအနေကြောင့် တရုတ်-မြန်မာ ဆက်ဆံရေးကို ပျက်ယွင်းစေမှာ မဟုတ်ဘူးလို့ ပြောကြားခဲ့တယ်။
အဲဒီ တွေ့ဆုံမှုကို တရုတ်သံရုံးရဲ့ ထုတ်ပြန် ကြေညာချက်မှာ မင်းအောင်လှိုင်ကို မြန်မာနိုင်ငံအကြီးအကဲ နိုင်ငံ့ခေါင်းဆောင် လို့ သုံးနှုန်းခဲ့တယ်။ တရုတ်နိုင်ငံရဲ့ သဘောထားဟာ အာဏာသိမ်း စစ်ကောင်စီရဲ့ အကြမ်းဖက် လုပ်ရပ်တွေကို မသိကျိုးကျွံ လုပ်ရုံမက အားပေးကူညီနေတာ ထင်ရှားတယ်။ အကြမ်းဖက် စစ်ကောင်စီကို မြန်မာနိုင်ငံရဲ့ တရားဝင် အစိုးရအဖြစ် လက်ခံတဲ့ သဘောဖြစ်တယ်။ ဆီးရီးယာပြဿနာမှာ ရုရှားက အားဆတ်ကို ရုပ်သေးအဖြစ် ကြိုးကိုင်ခဲ့သလို၊ အခုလည်း တရုတ်က မြန်မာနိုင်ငံကို အပိုင်စီးနိုင်ဖို့ မင်းအောင်လှိုင်ကို ကြိုးကိုင်လိုက်တဲ့ သဘောဖြစ်တယ်။
ဒီအကြောင်းအချက် အခြေခံတွေအရ မင်းအောင်လှိုင်ဦးဆောင်တဲ့ အကြမ်းဖက် စစ်ကောင်စီဟာ ပြည်သူလူထုကို အုပ်ချုပ် မင်းလုပ်လိုသော်လည်း မင်းကျင့်တရားဆိုတာ ဘာမှန်းမသိဘဲ၊ သေနတ်ရှိရင် တိုင်းပြည်အုပ်ချုပ်လို့ရတယ်လို့ ထင်နေပုံ ရတယ်။ ဒါကြောင့် နိုင်ငံတကာကလည်း မင်းအောင်လှိုင်ကို နိုင်ငံခေါင်းဆောင်တဦးအဖြစ် အသိအမှတ်မပြုရုံမက ၂၀၂၀ ရွေးကောက်ပွဲက ရွေးချယ်တင်မြှောက်ခဲ့တဲ့ အရပ်သားအစိုးထံ အာဏာပြန်အပ်ဖို့ဖိအားပေးနေခဲ့တာဖြစ်တယ်။ မင်းအောင်လှိုင်ကတော့ တရုပ်ကို အားကိုးပြီး မတရားသိမ်းယူထားတဲ့ အာဏာကို အတင်း ဖက်တွယ်နေဆဲ ဖြစ်တယ်။ အနှစ်ချုပ်ရရင် မြန်မာ့နွေဦးတော်လှန်ရေးမှာ ပါ၀င်ဆင်နွှဲနေကြတဲ့ ဂျန်ဇီးလူငယ်တွေနဲ့ ဒီမိုကရေစီဘက်တော်သားတွေ အနေနဲ့ အကြမ်းဖက် စစ်ကောင်စီကို ထောက်ခံအားပေးနေတဲ့ တရုတ်နယ်ချဲ့သမားးရဲ့ လွှမ်းမိုးချုပ်ကိုင်လိုမှု အန္တရာယ်ကိုလည်း အထူး ဂရုပြုကြစေလိုတယ်။ ။