Breaking News

စေတ - မနေ့တနေ့ကရန်ကုန် ဒီနေ့ရန်ကုန်

မနေ့တနေ့ကရန်ကုန် ဒီနေ့ရန်ကုန်
စေတ
(မိုးမခ) ဇူလိုင် ၁၀၊ ၂၀၂၁

ကိုဗစ်တတိယလှိုင်းမှာ
ရောဂါကိုကုသဖို့ မပြောနဲ့ 
လက်တွေ့မှာ ပိုးစစ်ဖို့တောင် 
အခက်အခဲက 
မြစ်တစင်းစာ အစီးကြမ်းနေတယ်
အကြောင်းအရာကိုသာနက်နက်တူးကြ
လောလောဆယ်မှာ
ပြည်တွင်းစစ်ထက် ကိုဗစ်ကပိုမလွယ်ဘူးပြောတဲ့ရန်ကုန်
တယောက်ကိုတယောက် အားပေးဖို့ နီးရက်နဲ့ဝေးနေကြရတဲ့ရန်ကုန် 
မနေ့တနေ့က လမ်းမပေါ် 
ရုတ်တရက်လဲကျသေဆုံးသွားသူဟာ
မနက်ဖြန်မှာ
မင်းလည်းဖြစ်နိုင်သလိုငါလည်းဖြစ်နိုင်တယ်
မနေ့တနေ့က ဆေးရုံအပြင်ဖက်အဆောင်နံဘေး 
လမ်းဘေးနဲ့ကပ်လျက် နေရာတနေရမှာ
ငုတ်တုတ်ထိုင်ရင်း 
အောက်ဆီဂျင်ပိုက်တန်းလန်းနဲ့
ဒရစ်တန်းလန်းနဲ့ အရေးပေါ်ကုသနေရတဲ့လူနာဟာ
မနက်ဖြန်မှာ
မင်းလည်းဖြစ်နိုင်သလို ငါလည်းဖြစ်နိုင်တယ်
ဘယ်ခေတ်ရောက်ရောက် 
ဓနရှင်လူတန်းစားစိတ်နဲ့လူတွေကတော့ ခေါင်းထောင်လျက်ပဲ
ရောဂါမဖြစ်သေးဘဲ
ရှိသမျအောက်ဆီဂျင်ကွန်စင်ထရေတာတွေ ရှိသမျအောက်ဆီဂျင်ဆလင်ဒါတွေ 
သူတို့ရဲ့တကိုယ်ကောင်းဆန်တဲ့အသက်ရှင်သန်မှုအတွက်
သူတို့ရဲ့ဓနအားနဲ့လိုက်သိမ်း
အသက်ရှူလမ်းကြောင်းဆိုင်ရာကုသမှု 
ကိရိယာတန်ဆာပလာအရေးပေါ် ပြတ်လပ်မှုတွေ
ပေါပေါက်လာနေဆဲ
အသည်းအသန်ဖြစ်နေတဲ့ လူနာတွေအတွက်တော့
"ရန်ကုန်မှာအောက်ဆီဂျင်ရှာမရ" ဆိုတဲ့သတင်းတွေ 
တနေကုန်တက်လာတယ်

တကယ်ဖြစ်တဲ့လူနာတွေအတွက်တော့
အောက်ဆီဂျင်ပြတ်လပ်မှုဟာ
သေမင်းရဲ့လက်ထဲမှာမချိမဆန့်
တချို့ကအသက်ငင်
တချို့ကအသက်တွေပါသွားကြပြီ

ရဲဘော်ရေ ဘယ်လောက်ပဲ
အခက်အခဲတွေ တင်းကြမ်းဖြစ်နေပါစေ 
ရှင်သန်ခြင်းမှာတန်ဖိုးအကြီးဆုံးဖြစ်တဲ့ 
ကိုယ့်စိတ်ကိုယ်လွှတ်မချလိုက်မိဖို့တော့
အရေးကြီးဆုံးပဲ

ရဲဘော်ရေ ရန်ကုန်တင်လားဆိုတော့
နယ်တွေမှာလည်း ကိုယ်တို့မသိတာတွေရှိနေမှာပဲ
ကလေး လပွတ္တာ မန္တလေး စစ်ကိုင်း မုံရွာ 
အားလုံးဟာ ဒုက္ခသည်တွေ နန်းချင်းပဲ
တချို့က
စစ်ဒဏ်လည်းအလူးအလဲခံရ ကိုဗစ်ဒဏ်လည်းအလူးအလဲခံရ
ငါတို့ဟာ လူဖြစ်နေသေးတာကိုကရှက်လှပြီ

ရဲဘော်ရေ 
မင်းအရိပ်ကိုမင်းဝှက်
မင်းခြေသံကိုမင်းထိန်း
လျှို့ဝှက်မှုတခု ကုဒ်တခုနဲ့
ရှေ့သို့ ဆက်လက် 
အခက်အခဲကြားမှာ လသာပါစေ

အနာဂတ်မှာ
တောက်ပမယ့်ကြယ်တာရာတွေ
အုံဖွဲ့ကျင်းဖွဲ့
မိုးကောင်းကင်နံရံမှာလင်းလက်လို့ ။  ။

စေတ
9-7-2021
-
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar