Breaking News

မောင်မောင်စိုး - အရှေ့မြောက် CPB ပြိုကွဲမှုနှင့် ပတ်သက်သည့် သုံးသပ်ချက် - ၅



မောင်မောင်စိုး - အရှေ့မြောက် CPB ပြိုကွဲမှုနှင့် ပတ်သက်သည့် သုံးသပ်ချက် - ၅

(မိုးမခ) ဇူလိုင် ၁၀၊ ၂၀၂၁

လှုပ်ရှားစစ်

CPB ၏ လှုပ်ရှားစစ်အရှိန်အဟုန် အမြင့်ဆုံးကာလသည် ၁၉၇၇-၁၉၇၈ ကာလများ ဖြစ်သည်။

၁၉၇၇ ခုနှစ် ပန်ကော်-ချို့စွေတိုက်ပွဲ၊ ၁၉၇၈ ခုနှစ် စစ်ခလာ-တာတိလင်တိုက်ပွဲနှင့် ပါဖန်နောင် လိုင် တိုက်ပွဲများသည် ထင်ရှားသော အင်အားအလုံးအရင်းဖြင့် လှုပ်ရှားစစ်ကစား၍ တိုက်သော တိုက်ပွဲများ ဖြစ်သည်။ ထို့ပြင် တဖက်ရန်သူ အခိုင်အမာတပ်မစွဲမီ တိုက်ခိုက်သော မန်ခူ-မန် ခါတိုက်ပွဲ (ခလရ ၃၃) တိုက်ပွဲသည်လည်း ထင်ရှားသည်။

မူဆယ်နှင့် မိုင်းယောင်းမြို့သိမ်းတိုက်ပွဲများက အောင်မြင်မှုရသကဲ့သို့ မိုင်းယန်းတိုက်ပွဲကတော့ မျှော်လင့်သလို ဖြစ်မလာခဲ့ပါ။ နောက်ပိုင်း လမ်းဖြတ်တိုက်ပွဲများကလည်း အောင်မြင်မှုများ ရခဲ့သည်။

သို့သော် လှုပ်ရှားစစ်ကစားသည့် တိုက်ပွဲကြီးများကတော့ ၁၉၈၀ နောက်ပိုင်း မတိုက်နိုင်တော့ပါ။ သို့သော်လည်း အကန့်အသတ်နှင့်တော့ တိုက်နိုင်စွမ်းရှိပါသေးသည်။ သို့သော်လည်း ပါတီတွင်း၌ နိုင်ငံရေးအရ စိတ်ဓာတ်ရေးအရ ကျဆင်းစပြုရာ စစ်ရေးတက်ကြွမှုများကို ထိခိုက်လာခဲ့တော့ သည်။

ဤသို့ မတိုက်နိုင်တော့ခြင်းသည် တရုတ်တို့ထံမှ ခဲယမ်းမီးကျောက် အကူအညီ ဖြတ်တောက် ခြင်းကြောင့်ဟု ဆိုနိုင်သော်လည်း လက်တွေ့တွင် ရှိသည့် ခဲယမ်းမီးကျောက်နှင့် အတိုင်းအတာ တခုအရ တိုက်နိုင်သော်လည်း မတိုက်နိုင်ခြင်းဟု ဆိုရမည်။

မြောက်ပိုင်းတွင် စစ်ရေးစီမံကိန်းများ ရေးဆွဲသောအခါ အခိုင်အမာစခန်းများကို တိုက်ရန်သာ ဦးတည်ခဲ့သည်။ နားလယ်တိုက်ပွဲ၊ မိုးလိုတိုက်ပွဲ၊ နန့်ခိုင်တိုက်ပွဲ၊ ယောယုံတိုက်ပွဲ စသည်အားလုံး သည် စခန်းသိမ်းတိုက်ပွဲ စီမံချက်များ ဖြစ်သည်။ လှုပ်ရှားစစ် မဟုတ်ခဲ့ပေ။ ဥပမာအားဖြင့် နားလယ်စခန်းအား ဝိုင်းဝန်းဖြတ်တောက်ပြီး လှုပ်ရှားလာမည့် စစ်ကူအား ဖြတ်တောက်စားမည့် စစ်ကစားလှုပ်ရှားမည့် စစ်ရေးစီမံကိန်းများ မရေးဆွဲခဲ့ပေ။

ထိုသို့ စစ်ရေးစီမံကိန်း ရေးဆွဲလှုပ်ရှားပါက ၁၉၇၇-၇၈ ကာလက တိုက်ပွဲများလောက် အတိုင်းအတာ မကြီးမားသော်လည်း ရှိသည့်အတိုင်းအတာနှင့် အောင်မြင်မှု ရနိုင်သည်။ ၁၉၇၇-၇၈ ကာလကဲ့သို့ အင်အား ၃,၀၀၀/၄,၀၀၀ ခန့် မစုစည်းနိုင်သော်လည်း အင်အား ၁,၀၀၀ ခန့် စုစည်းနိုင်သေးသည်။

သို့သော် CPB ခေါင်းဆောင်များသည် ပင်ပန်းပြီး အချိန်မရွေး အာရုံစိုက် စစ်ကစားရသည့် လှုပ်ရှားစစ် တိုက်ဖို့ထက် စီမံခန့်ခွဲမှု လွယ်ကူသည့် စခန်းသိမ်းတိုက်ပွဲများသာ တိုက်နေခဲ့သည်။ CPB ၏ လှုပ်ရှားစစ် လမ်းညွှန်မှုသည် လက်တွေ့နှင့် ကင်းကွာသည်။

ဤသို့ဖြစ်ရခြင်း အကြောင်းတခုမှာ ရန်သူအင်အားကို တွက်ဆရာတွင် လွဲချော်နေ၍ ဖြစ်သည်။ အထူးသဖြင့် ဒေသတခုခု အထူးသဖြင့် ဗဟိုအခြေစိုက်ရာ အရှေ့မြောက်သို့ ရန်သူ့ထိုးစစ် ဝင်ပါက အခြားဒေသများမှ တိုက်ပွဲဖော်ပြီး ရန်သူ့ကို ဆွဲငင်ရန် ညွှန်ကြားလေ့ရှိသည်။ ထို အခြေအနေမျိုးတွင် အမြန်တိုက်ကွက်ဖော်ရန်မှာ စခန်းသိမ်းတိုက်ပွဲသာ ရှိသည်။ သို့သော် ၁၉၈၀ ခုနှစ်နောက်ပိုင်း အစိုးရတပ်များသည် မိမိတို့အား ရင်ဆိုင်ရာတွင် ဒေသအလိုက် ဖြန့်ခွဲထားသော တပ်မများကသာ ရင်ဆိုင်ထားလေ့ရှိသည်။ တပ်အင်အား ဖြည့်ပါကလည်း အရန်တပ်မကသာ ဖြည့်လေ့ရှိရာ ပန်ဆန်းဗဟိုအပါ အခြားဒေသများတွင် စစ်ဆင်ရေးဝင်နေရသော တပ်များကို ထုတ်နုတ်ရန် မလိုသလောက် ဖြစ်သည်။ ထိုအခြေအနေအောက်တွင် ရန်သူကို ဆွဲထားရန် ဆိုသည့် ရည်ရွယ်ချက် မအောင်မြင်သည့်အပြင် မလိုအပ်သည့် မိမိ ထိခိုက်ဆုံးရှုံးမှုများသည့် စခန်းသိမ်းတိုက်ပွဲများ တိုက်ခဲ့ရသည်။

မြောက်ပိုင်းဗဟိုခွဲနယ်မြေတွင် ရွှေကျင်ဝမ် စီစီဝမ်စခန်းသိမ်းတိုက်ပွဲကတော့ အောင်မြင်သည်။ ရွှေကျင်ဝမ်တောင်ကြောအား သိမ်းပိုက်ပြီး ပြန်ထိုးသော ရန်သူအား အောင်မြင်စွာ ချေမှုန်းနိုင်ခဲ့ သည်။ နောက်ပိုင်း ရန်သူအင်အားအလုံးအရင်း ဖြည့်တင်းပြီး ထိုးစစ်ဆင်လာသည့်နောက် ဆုတ်ခွာပေးရသည်က မလွှဲမရှောင်သာကိစ္ စဖြစ်သည်။ ပြဿနာမှာ ပြောင်းလဲလာသည့် အစိုးရတပ်၏ စစ်ဗျူဟာနှင့် ကိုက်ညီသည့် တုံ့ပြန်မှုမလုပ်နိုင်ခြင်း ဖြစ်သည်။

၁၉၈၀ နောက်ပိုင်းတွင် စစ်ရေးလှုပ်ရှားမှု အားအနည်းဆုံးနယ်မြေသည် ပန်ဆန်းဗဟိုဒေသ ဖြစ်သည်။ မင်းရန်အောင်စစ်ဆင်ရေးအတွင်း အစိုးရတပ်များက မော်ဖါဒေသအား ထိမ်းချုပ်သွား ပြီးနောက် ပန်ဆန်းကာကွယ်ရေးကို အာရုံစိုက်နေသည်။ လက်ဦးမှုယူပြီး တိုက်သည့် တိုက်ပွဲ မရှိတော့။ အစိုးရတပ်က ထိုးစစ်ဆင်လာမှ ပြန်တိုက်သည့် လွယ်ဟိုလာ၊ ပန်ယန်းတိုက်ပွဲများသာ ရှိတော့သည်။ လှုပ်ရှားစစ်ကို တွင်တွင်ပြောပြီး ခံစစ်သေ ဆိုသည်မှာ ဓနရှင်စစ်ရေးအမြင်ဟု ပြောလေ့ရှိသော ဗဟိုစစ်ကော်မရှင် အခြေပြုရာ ပန်ဆန်းဗဟိုဌာနချုပ်နယ်မြေရှိ CPB တပ်များ သည် ပန်ဆန်းကာကွယ်ရေးအတွက် တောင်စောင့်နတ်များ ဖြစ်နေခဲ့သည်။ ခံစစ်သေကို သဘောတရားအရ ဆန့်ကျင်ပြီး လက်တွေ့ကျင့်သုံးနေကြသည်။

ချုပ်၍ဆိုရလျင် CPB ၏တပ်များသည် စစ်ရေးအရ လှုပ်ရှားစစ်ကို အဓိကထားသည်ဆိုသော် လည်း ၁၉၈၀ အထိ လှုပ်ရှားစစ်ကို ကောင်းစွာတိုက်နိုင်ခဲ့သော်လည်း ၁၉၈၀ နောက်ပိုင်း လှုပ်ရှားစစ် တိုက်နိုင်စွမ်း ကျဆင်းခဲ့သည်။ ရန်သူ့သက်ရှိအင်အား ချေမှုန်းရေး ရည်မှန်းချက် ကျဆင်းခဲ့သည်။ ပါတီ၏ စစ်ရေးလမ်းစဉ်အား လက်တွေ့ကျင့်သုံးနိုင်စွမ်း အားနည်းခဲ့သည်။


ရှေ့တိုးချဲ့ရေးပြဿနာများ

၁၉၇၅ ဗဟိုကော်မတီ၏ ၇၅၁၀ စစ်ဆင်ရေးစီမံချက်နှင့် ရှေ့တိုးချဲ့ရေးလုပ်ငန်းများသည် အခြေခံ အားဖြင့် အောင်မြင်ခဲ့သည်။ သို့သော် ၁၉၈၀ ပြည့်နှစ်နောက်ပိုင်းမှ စတင်ခဲ့သည့် ရှေ့တိုးချဲ့ရေး စီမံကိန်းများသည် အောင်မြင်မှု မရခဲ့ပေ။ ဤသို့ မအောင်မြင်ရသည့် အကြောင်းရင်းများစွာ ရှိခဲ့သည်။

ပထမအချက်အနေနှင့် ရှေ့တိုးချဲ့ရေးတပ်များ၊ ကေဒါများအား တည်ဆောက်ရာတွင် အတွေး အခေါ်အရ ကောင်းစွာမတည်ဆောက်နိုင်သည့်အပြင် နယ်စပ်ဒေသနှင့် မတူကွဲပြားစွာ ကြုံရမည့် ပြဿနာများကို ကောင်းစွာလမ်းမညွှန်နိုင်ခဲ့။

ဒုတိယအချက်မှာ စေလွှတ်သည့်တပ်များမှာ နယ်စပ်ဒေသမှတပ်များ ဖြစ်နေ၍ တိုးချဲ့သည့် ဒေသမှ လူထုနှင့် လူမျိုး၊ ဘာသာစကား၊ ဓလေ့ထုံးစံ မတူညီကြ၍ ရေရှည်မနေနိုင်ကြခြင်း၊ ဒေသခံတို့အား စည်းရုံးသိမ်းသွင်းရန် ခက်ခဲခြင်းတို့ ကြုံရပြီး ရေရှည်မနေနိုင်ကြပေ။

တတိယအချက်အနေနှင့် ရှေ့တိုးချဲ့သည့်တပ်များအတွက် ထောက်ပို့ပြဿနာကို ထည့်သွင်း စဉ်းစားမှု မပြည့်စုံခြင်း ဖြစ်သည်။

CPB ဗဟို၏ မြေအောက်လုပ်ငန်းသည် ရန်ကုန်၊ မန္တလေးမြို့ကြီးများ၌ အခြေပြု၍ မြို့ပေါ်လူထု တိုက်ပွဲဖော်ရန် အားပြုခဲ့သည်။ ဤအချက်သည် မှန်ကန်သော်လည်း ပြောက်ကျားဒေသအဖြစ် တိုးချဲ့ဖွင့်လှစ်မည့် ဒေသများတွင် သက်ဆိုင်ရာဒေသအလိုက် ဒေသခံများအား စည်းရုံးသိမ်းသွင်း ၍ နယ်စပ်ဒေသတွင် လေ့ကျင့်ပေးရန်သော် လည်းကောင်း၊ ဒေသအလိုက် ပြောက်ကျားတပ်ဖွဲ့ များနှင့် ဆက်စပ်လှုပ်ရှားရန် မြေအောက်စည်းရုံးဖွဲ့စည်းမှုများ ပြင်ဆင်စည်းရုံးကို လည်းကောင်း လုပ်ဆောင်နိုင်ခဲ့ခြင်း မရှိပေ။

ဗဟိုကကိုင်တွယ်သည့် မြေအောက်လုပ်ငန်းအပြင် သက်ဆိုင်ရာဒေသအလိုက် ပြောက်ကျား ဒေသ ဖော်ဆောင်မှုနှင့် ဆက်စပ်သည့် မြေအောက်စည်းရုံးရေးလုပ်ငန်းများ မထူထောင်နိုင်ခဲ့ ခြင်းသည် အားနည်းချက် ဖြစ်ခဲ့သည်။


ရှေ့တိုးချဲ့ရေးနှင့် အခြေခံဒေသဟောင်း

အရှေ့မြောက် CPB သည် ၁၉၇၅ နောက်ပိုင်း နယ်မြေသစ်များ ချဲ့ထွင်နိုင်ရန် ပြင်ဆင်နေခဲ့သော် လည်း အခြေခံဒေသဟောင်းများကို ကိုင်တွယ်ရာတွင် အားနည်းခဲ့သည်။ တနင်္သာရီတိုင်းမှ ဗဟို ကော်မတီ ရဲဘော်စောဟန်သည် ၁၉၈၅ ခုနှစ် ပါတီကွန်ဂရက် လာတက်သည်ကိုသာ သိရပြီး တနင်္သာရီတိုင်း အခြေခံဒေသအခြေအနေကို ပါတီတွင်း၌လည်း ချပြခြင်းမရှိသဖြင့် မသိခဲ့ရပါ။

၁၉၇၉ ခုနှစ်တွင် ရခိုင်ပြည်နယ်မှ ခေါင်းဆောင် ရဲဘော်ကျော်မြ ပါတီဗဟိုသို့ ပြောင်းရွှေ့ ရောက်ရှိလာပြီးနောက် မိမိတို့လည်း CPB ဗဟိုနှင့် ရခိုင်ပြည်နယ်ရှိ ရဲဘော်များ ပုံမှန်အဆက် အသွယ် ရနေခဲ့သည်ဟု ထင်ခဲ့မိသည်။ ပါတီတွင်း၌လည်း ဤကိစ္စအား ရှင်းလင်းပြခြင်း မရှိ သဖြင့် လျှို့ဝှက်ထားရှိသည်ဟု ထင်မှတ်မိခဲ့သည်။ သို့သော် နောက်ပိုင်းမှသိရသည့် အဖြစ်မှန်မှာ ၁၉၈၀ ပြည့်နှစ် ဘင်္ဂလာဒေ့ရှ်နယ်စပ်သို့ CPB ရခိုင်ပြည်နယ်တပ်များ ဆုတ်ခွာလာကတည်းက ပါတီဗဟိုနှင့် ရခိုင်ပြည်နယ်တပ်များ လုံးဝ အဆက်အသွယ်ပြတ်နေပြီး ၁၉၈၉ ခုနှစ် အရှေ့မြောက်ပါတီဗဟို ပြိုကွဲပြီးမှ ရခိုင်ပြည်နယ်ပါတီက နိုင်ငံခြားသတင်းထောက်များ၏ အကူ အညီနှင့် ဆက်သွယ်လာမှ ပြန်လည်အဆက်အသွယ်ရသည်ဟု သိရသည်။ ၁၀ နှစ်ခန့် ပြည်တွင်း ရှိ မိမိပါတီအဖွဲ့အစည်းနှင့် အဆက်အသွယ်ပြတ်နေပြီး အဆက်အသွယ်ရအောင် မလုပ်နိုင်သည် ကတော့ စိတ်ပျက်စရာအလွန်ကောင်းသည့်ကိစ္စ ဖြစ်သည်။

အရှေ့မြောက်က ရှေ့တိုးချဲ့ဟုဆိုကာ နယ်သစ် လူသစ် စုဆောင်းနိုင်အောင် ကြိုးစားနေစဉ် ကာလတွင် ရခိုင်မြောက်ပိုင်း ဘင်္ဂလားဒေ့ရှ်နယ်စပ်ရှိ အင်အား ၁,၀၀၀ ခန့်နီးပါးရှိသည့် တပ်ကို အဆက်အသွယ် မလုပ်နိုင်ခြင်း၊ မည်သည့်လမ်းညွှန်ချက်မှ မလုပ်နိုင်ခြင်း မည်သည့်ပံ့ပိုးကူညီမှုမှ မပြုနိုင်ခြင်းသည် အရှေ့မြောက် CPB ဗဟို၏ အားနည်းချက် ဆိုသည်ထက် ညံ့ဖျင်းသည်ဟုပင် ဆို၍ရသည်။

ယနေ့ခေတ်ကား တရုတ်နယ်စပ်တွင် တပ်များလေ့ကျင့်ပြီး လူရော လက်နက်ပါ ရခိုင်သို့ နည်းလမ်းမျိုးစုံသုံးပြီး ပြန်ပို့ကာ တိုက်ခိုက်နေနိုင်သည့် AA တပ်ဖွဲ့နှင့် CPB ၏ လုပ်နိင်စွမ်းအား နှိုင်းယှဉ်၍ မေးခွန်းထုတ်ဖွယ် ဖြစ်သည်။ ခေတ်ကာလ အခြေအနေ အချိန်အခါ မတူဟု ဆိုနိုင် သော်လည်း ၁၀ နှစ်ခန့် အချိန်တွင် အရှေ့မြောက် CPB ဗဟိုသည် ရခိုင်ပြည်နယ်ပါတီတပ်များ နှင့် လုံးဝ အဆက်အသွယ်ပင် ပြုမရသည့်အခြေအနေကတော့ အလွန်တရာ စိတ်ပျက်ဖွယ် ကောင်းခဲ့သည်။ ရှေ့တိုးချဲ့ရေးဟု ဆိုနေသော်လည်း ရှိနေသည့် အခြေခံဒေသဟောင်း၊ လူအင်အားလည်း တထောင်နီးပါးရှိသည့် တပ်အင်အားကို မဆက်သွယ်၊ မတည်ဆောက်နိုင် သည်ကတော့ CPB ၏ ကြီးမားသည့် အားနည်းချက်တခုဟု ဆိုရပါမည်။


ရှေ့တိုးချဲ့ရေးနှင့် ငါ့နောက်လိုက်ခဲ့

၁၉၇၉ ပါတီဗဟိုကော်မတီအပြီး အလယ်ပိုင်း၊ မြောက်ပိုင်းဗဟိုခွဲများ ဖွဲ့စည်းပြီး ထိုဗဟိုခွဲများကို ပေါလစ်ဗျူရိုများ၊ ဗဟိုကော်မတီများ ဦးဆောင်ဖွဲ့စည်းမှု ပြုလုပ်ချိန်၌ ထွက်လာသည့် ဗဟို၏ ကြွေးကြော်သံမှာ ‘ရဲဘော်တို့ ငါတို့နောက်လိုက်ခဲ့’ဟု ဆိုခဲ့သည်။ ‘ရဲဘော်တို့ ရှေ့တက်’ဟု နောက်ကနေ အမိန့်ပေးမည် မဟုတ်ဘဲ သူတို့ကိုယ်တိုင် ရှေ့တက်ပြီး ခေါင်းဆောင်မည်ဟု ဆိုခဲ့သည်။ သို့သော် အစပိုင်းတွင် ဟုတ်မလိုနှင့် အဖျားရှူးသွားသည်။

အလယ်ပိုင်းဗဟိုခွဲတွင် ဗိုလ်တိုက်အောင် လေဖြတ်ပြီးနောက် နောက်ထပ် အစားထိုးစရာ ဗဟို ကော်မတီ မရှိခဲ့။ အလယ်ပိုင်ဗဟိုခွဲ အတွင်းရေးမှူး ရဲဘော်ခင်မောင်ကြီးမှာ အလယ်ပိုင်း ရောက်ပြီး မကြာခင် ဆေးမှူးဖြစ်သူ ကိုညိုဟိန်း ခေါ် ငြိမ်းချမ်းသူအား သူ၏ကျန်းမာရေးသည် ရှေ့တန်းနှင့်မကိုက်ညီကြောင်း ဆေးစာရေးခိုင်းသည်။ ထိုဆေးစာအား ဗဟိုသို့ တင်ပြပြီး ပန်ဆန်းသို့ ပြန်သွားခဲ့သည်။ ဆေးမှူးဖြစ်သူ ကိုညိုဟိန်းမှာလည်း သူ၏ စမ်းသပ်ချက်ကြောင့် မဟုတ်ဘဲ CPB ထိပ်ပိုင်းခေါင်းဆောင်တဦးက အမိန့်ပေး ရေးခိုင်းသည့် ဆေးစာအား မတတ်သာ၍ ရေးပေးခဲ့ရပြီး အတော်ကို စိတ်ပျက်လက်ပျက် ဖြစ်ခဲ့ရသည်။

မြောက်ပိုင်းဗဟိုခွဲ ခေါင်းဆောင်များအနက်လည်း ရဲဘော်ဖေသောင်း တယောက်သာ ရွှေလီ ချိုင့်ဝှမ်းခွင်အတွင်းသို့ လအချို့ သွားရောက်လှုပ်ရှားခဲ့သည်သာ ရှိခဲ့ပြီး ကျန်သူများမှာ မုန်းကိုး နှင့် ပန်ဆိုင်းတို့တွင်သာ အခြေပြုကွပ်ကဲနေခဲ့သည်။ ၎င်းခေါင်းဆောင်များအနေနှင့် ကျန်းမာရေး ကြောင့် မသွားနိုင်ဟု ဆိုစေကာမူ ပါတီပေါ်လစီကို အာမခံနိုင်သော ကေဒါများကို လေ့ကျင့် စေလွှတ်နိုင်ခြင်း မရှိခဲ့ပေ။

စစ်ရေးကေဒါ၊ စစ်ရေးသြဇာ

လက်နက်ကိုင်တပ်ဖွဲ့တဖွဲ့ထက် အရေးကြီးသည်မှာ စစ်ရေးအရထက် ထက်မြက်မြက်ရှိသည့် တိုက်ရည်ခိုက်ရည်ရှိသည့် စစ်ရေးသြဇာရှိသည့် ခေါင်းဆောင်များ လိုအပ်သည်။ ထိုသို့ သြဇာ ရှိသော ခေါင်းဆောင်များရှိမှသာ စစ်ပွဲကို အနိုင်တိုက်နိုင်သကဲ့သို့ ကိုယ့်တပ်အပေါ်တွင်လည်း သြဇာညောင်းမည် ဖြစ်သည်။ အရှေ့မြောက်ဒေသ တိုက်ပွဲများအတွင်း တိုက်စွမ်းရည်ရှိသည့် တပ်ခွဲ၊ တပ်ရင်း၊ တပ်မဟာကေဒါများ ထွက်ပေါ်လာပြီး တပ်တွင်း၌လည်း သြဇာတက်လာ သည်။ သို့သော် CPB ဗဟိုစစ်ကော်မရှင်နှင့် ဗဟိုခေါင်းဆောင်များအတွင်း တိုက်ရည်ခိုက်ရည် ရှိပြီး စစ်ရေးသြဇာရှိသည့် တဦးတယောက်မှ ပေါ်ထွက်မလာခဲ့ပေ။ တရုတ်ကွန်မြူနစ်ပါတီ လက်နက်ကိုင်တော်လှန်ရေးအတွင်း ထူးချွန်သည့် နိုင်ငံရေးခေါင်းဆောင်များအပြင် ထက်မြက် သည့် စစ်ရေးခေါင်းဆောင်များ (ထိပ်ပိုင်း မာရှယ် ၁၀ ဦး) ထွက်ပေါ်ခဲ့သည်။ သို့သော် CPB အရှေ့မြောက်ပါတီဗဟိုတွင် ပါတီဥက္ကဋ္ဌ၊ ဒုဥက္ကဋ္ဌ ၂ ဦး၊ ဗဟိုစစ်ကော်မရှင် အတွင်းရေးမှူးအပါ ပေါလစ်ဗျူရို ၇ ဦး အတွင်းမှာရော၊ ၁၉၇၅ ပါတီဗဟိုကော်မတီတွင်းမှာပါ ထက်မြက်ပြီး စစ်ရေး သြဇာရှိသည့်ခေါင်းဆောင် ထွက်ပေါ်မလာခဲ့ခြင်းသည် CPB တပ်ဖွဲ့များအတွင်း CPB ခေါင်းဆောင်မှုသြဇာ ကျဆင်းစေသည့် အကြောင်းအချက်တခု ဖြစ်ခဲ့သည်။

မဆလအစိုးရ စစ်အင်အား ကြီးထွားလာခြင်း

၁၉၇၅ ခုနှစ် အရှေ့မြောက် CPB ဗဟိုကော်မတီ ပြန်လည်ဖွဲ့စည်းစဉ် မဆလအစိုးရ စစ်တပ် အင်အားမှာ စစ်တိုင်း ၉ တိုင်းနှင့် တပ်မ ၃ ခုသာ ရှိခဲ့သည်။ ၁၉၈၈ ခုနှစ် နှစ်ကုန်ပိုင်းတွင် တပ်မ ၉ ခုအထိ ရှိလာသည့်အပြင် စစ်တိုင်းဌာနချုပ်များ လက်အောက်တွင်လည်း တပ်ရင်းသစ်များ တိုးချဲ့ ဖွဲ့စည်းခဲ့သည်။ ထို့ပြင် လက်နက်ကိုင်ပုန်ကန်မှုများ မရှိတော့သည့် နတခ၊ နမခ စစ်တိုင်း များမှ အနည်းဆုံး စဗဟ တခုစီအားလည်း နယ်စပ်ဒေသ စစ်မျက်နှာများသို့ စေလွှတ်နိုင်ခဲ့သည်။ CPB အဖို့ ရမခ၊ ရပခ၊ မပခ လက်အောက်ခံတိုင်းတပ်များအပြင် တပ်မ ၆ ခုအထိ တိုး၍ ရင်ဆိုင်လာရသည်။ ထို့ပြင် မဆလအစိုးရတပ်သည် လေတပ်နှင့် အမြောက်တပ်အား တိုးချဲ့ တည်ဆောက်နိုင်သည်။

၁၉၇၅ ခုနှစ်နောက်ပိုင်း CPB တပ်ဖွဲ့များအနေနှင့် တခုလုံးအရ သိသိသာသာ အင်အားတိုးမြှင့် လာခြင်း မရှိသော်လည်း အစိုးရတပ်က အင်အား ၂ ဆကျော် ၃ ဆနီးပါး တိုးချဲ့ တည်ဆောက် နိုင်ခဲ့သည်။ သို့ဖြစ်ရာ ပန်ဆန်းဘက်မှ အခြေခံဒေသအချို့ လက်လွှတ်ရခြင်း၊ ပန်ဆိုင်း၊ မန်ရှိုး ဒေသတို့ လက်လွှတ်ရသည့်အပြင် စစ်ရေးအရ ပြင်းပြင်းထန်ထန် ဖိအားပေးခြင်းကို တိုး၍ ခံလာခဲ့ရသည်။

Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar