လှကျော်ဇော - ဗမာပြည်အတွက် အန္တရာယ်ကြီး
လှကျော်ဇော - ဗမာပြည်အတွက် အန္တရာယ်ကြီး
(မိုးမခ) ဇူလိုင် ၁၀၊ ၂၀၂၁ဗမာပြည် အာရှတိုက်ရဲ့ယူကရိန်းဖြစ်သွားမလား
အရင်တပတ်က အာဖဂန်နစ္စတန် သမ္မတဟာ အမေရိကန်ပြေးပြီး အမေရိကန်တပ်တွေဆုတ်တာအလျင်စလိုမလုပ်ဘဲ၊သူတို့နိုင်ငံတွင်းနိုင်ငံရေးတစုံတရာတည်ငြိမ်မှု (တာလီဘန်နဲ့ဆွေးနွေးမှုတွေကို ရည်ရွယ်) ရမှ ဖြည်းဖြည်းစီစဉ်ဖို့ သွားအသနားခံပါတယ်။
အမေရိကန်သမ္မတ ဘိုင်ဒင်က စကားအလှတွေနဲ့ ပယ်ချခဲ့ပါတယ်။ (ဘိုင်ဒင်ရဲ့မျက်စိထဲမှာ ၂၀၂၂မှာကျင်းပမဲ့ အမေရိကန်ရဲ့ကြားရွေးကောက်ပွဲပဲရှိတယ်။ အဲဒီမှာ ဒီမိုကရက်တွေအနိုင်ရဖို့နဲ့ ထရန့်ရဲ့ရီဘတ်ပလင်ကင်တွေ ပြန် မတက်လာရေးပါပဲ။ ဘယ်နိုင်ငံမှ ကိုယ်နိုင်ငံအကျိုးစီးပွားထက် ပိုမကြည့်ပါဘူး။)
အခုတော့ အာဖဂန်နစ္စတန်နယ်မြေအများစုကို တာလီဘန်စစ်ဆင်ပြီး သိမ်းပိုက်ထားပြီးပါပြီ။
အဲတော့ အမေရိကန်ရဲ့အနှစ်(၂၀) အာဖဂန်ကို လစ်ဘရယ်ဒီမိုကရေစီ တန်ဖိုးများတင်ပို့ရေး ရှုံးသွားပြီဆိုတာ ရှင်းသွားပါပြီ။အမေရိကန်အတွက် ဒေါ်လာထရီလျံနဲ့ချီ ကုန်ကျပြီး အ ေမရိကန်လူငယ်တွေရဲ့အသက်ပေါင်း (၃၀၀၀) ကျော် ဆုံးရှုံးလိုက်ပါတယ်။ အာဖဂန်ပြည်သူတွေရဲ့အသက်ကတော့ သိန်း သန်းချီ ဆုံးရှုံးရပြီး တတိုင်းပြည်လုံး ပြာပုံဖြစ် ကျန်ခဲ့ပါတယ်။
အမေရိကန်အနေနဲ့ သူ့တိုင်းပြည်လက်ရှိအနေအထားကြောင့် တစုံတရာနောက်ဆုတ်သွားဟန်ရှိပေမယ့် တကမ္ဘာလုံးဆိုင်ရာ သေနင်္ဂဗျူဟာမှာတော့ နောက်ဆုတ်မှာမဟုတ်ဘဲ တချို့လုပ်ငန်းတွေကို တခြားနည်းနာနဲ့ (ဥပမာ နေတိုးက တဆင့်) ဆက်လုပ်ဆောင်မှာပါ။
အခုစလာပါပြီ။
ဇွန်လ(၁၄)ရက်နေ့က ထုတ်ပြန်တဲ့ နေတိုးရဲ့ကြေညာချက်မှာ သူတို့မဟာမိတ်အဖွဲ့ကြီးရဲ့ လုံခြုံရေးနဲ့သက်ဆိုင်တဲ့ ဒေသတွေမှာ စည်းစနစ်ဆိုင်ရာ စိန်ခေါ်မှုအနေနဲ့ တရုတ်ပြည်ကို ဖော်ပြထားပါတယ်။ ဒီတော့ ဒါဟာ ဘာကိုဆိုလိုတာလဲ။ ရှင်းပါတယ်။ နေတိုးက မိမိတို့ရဲ့လက်တန်တွေကို အတ္တလန္တိတ်ကနေ ပစ္စဖိတ်သမုဒ္ဒရာအထိ တိုးချဲ့မယ့်သဘော ဆောင်ပါတယ်။
အထူးသဖြင့် အရှေ့အာရှဒေသ ကိုပေါ့။
အာရှအတွက် အန္တရာယ်ကြီးပါ။ အကြောင်း (၃) ချက် ရှိပါတယ်။
၁။ နေတိုးအနေနဲ့ မိမိရဲ့ပထဝီနိုင်ငံရေးအရ ဖွဲ့စည်းထားတဲ့အစည်းအရုံး စည်းမျဉ်းကို မလိုက်နာတတ်ပါ။ တကယ်တော့ ၁၉၉၁ ဆိုဗီယက်ယူနီယံပြိုကွဲပြီး (စစ်အေးတိုက်ပွဲအပြီး) ကတည်းက ဒီအဖွဲ့ဟာ ဖျက် ရမှာပါ။ ဒါပေမဲ့ သူတို့က နောက်ထပ်လုပ်ငန်းအသစ်တွေ၊ ပစ်မှတ်အသစ် ရှာလာတာပါ။ ဒါက ဥရောပ ကို မတည်မငြိမ် ဖြစ်စေခဲ့တယ်။
ဥပမာ - ရုရှားနဲ့ဆက်ဆံရေးမှာ ၁၉၉၄မှာ ရုရှားနဲ့ နေတိုး နားလည်မှုစာချုပ်ချုပ်ခဲ့ပြီး နေတိုးကို ထပ်မတိုးချဲ့ပါဘူးလို့ကတိပေးခဲ့တယ်။ ဒါပေမဲ့ ၂၀၀၄မှာ ဂျော်ဂျီယာတို့၊ ယူကရိန်းတို့ကို နေတိုးထဲဝင်ဖို့ ခွင့်ပြုလာတယ်။ ဒါ့အပြင်၂၀၁၄ မှာ ယူကရိန်းသမ္မတ (ရုရှားလိုလားသူ)ကိုအနောက်တိုင်းက ထောက်ခံမှုနဲ့ ဖြုတ်ချခံလိုက်ရတာမှာ နေတိုးရဲ့ရှေ့တိုးလာမယ့်ခြေလှမ်းကိုတားဖို့ ရုရှားဟာ ခရိုင်မီးယားကို ဝင်သိမ်းလိုက်တာပါပဲ။ ရုရှားအနေနဲ့ နေတိုးရဲ့ မိမိခြံစည်းရိုးနားကပ်လာမယ့်အရေးကို လက်မခံနိုင်လို့ လက်ဦးမှုရှိရှိ ကာကွယ်လိုက်တာပါ။ နေတိုးရဲ့ကတိမတည်မှုကြောင့် ဒီပြသာနာပေါ်လာရတာပါ။ ၂၀၁၄ က စလို့ ယူကရိန်းဟာ ခွဲခြားခံလိုက်ရတဲ့ နိုင်ငံဖြစ်သွားပါပီ။
၂။ နေတိုးမှာ စစ်အေးအပြီး ပိုပြီး ရန်လိုလာတာပါ။ စစ်အေးအတွင်း (အနားက ဆိုဗီယက်ကိုလဲ ကြောက်ရလို့) အတော် သေသေဝပ်ဝပ် နေခဲ့ပေမဲ့ ဆိုဗီယက်ပြိုကွဲအပြီးမှာတော့ ပိုလက်သံပြောင်လာပါတယ်။၁၉၉၉ ကအရင်ယူဂိုစလပ်အပေါ် ဗုံးကြဲမှု၊ ၂၀၁၁ လစ်ဗျားအပေါ် ဗုံးကြဲမှု စတာတွေဟာ နိုင်ငံတကာဥပဒေတွေနဲ့ မညီပါဘူး။
၃။ ဒါ့အပြင် အရှေ့အာရှအပါ အာဆီယံဒေသတွေဟာ တစုံတရာ တည်ငြိမ်စွာ တိုးတက်နေပြီး ကိုယ့်နိုင်ငံအခြေအနေနဲ့ ကိုက်ညီတဲ့ ပထဝီနိုင်ငံရေးယဉ်ကျေးမှုကို တည်ဆောက် ထားနိုင်တာပါ။ စစ်အေးတိုက်ပွဲအပြီး အောင်ပွဲရလာပြီလို့ထင်ပြီး ရမ်းချင်တိုင်းရမ်းနေတဲ့ နေတိုးသာ ဒီဒေသကို ခြေဆန့်လာရင် ဒီဒေသရဲ့ငြိမ်းချမ်းစွာဖွံ့ဖြိုးတိုးတက်ရေးကို ထိခိုက်စေနိုင်မှာပါ။
တရုတ်ကိုလည်း ဒီအတိုင်းကြီး တိုးတက်ဖွံ့ဖြိုးလာဖို့ ခွင့်မပြုချင်တာ - ခွင့်မပြုနိုင်တာလည်း ပါပါတယ်။
ဒါကြောင့် ဒီအန္တရာယ်ကို အာရှနိုင်ငံများ အလွန်သတိထားဖို့ လိုအပ်လာနေပါပြီ။
ဒီအချိန်မှာ စစ်အုပ်စုအာဏာရူးများကြောင့် အစိတ်အစိတ်အမြွှာမြွှာ အကွဲကွဲအပြားပြား လောင်စာအပြည့်နဲ့ပြီးနေတဲ့ ဗမာပြည် ပထဝီနီုင်ငံရေး အားပြိုင်မှုများအကြား ကြားညှပ်ခံရမယ့်ဘေးကို သတိထားကြဖို့ အလွန်အရေးကြီးကြောင်းပါ။
ကိုးကား။ https://news.cgtn.com/.../Asia-say-no-to-NATO-11AFMA9YXr
Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar