Breaking News

ရဲရင့်သက်ဇွဲ - တို့မေတ္တာစွမ်းကမ္ဘာလွှမ်း ရေအမြန်ဆုံးကျပါစေ

(ဓာတ်ပုံ-သော်ဟိန်းထက်/ဧရာဝတီ)
တို့မေတ္တာစွမ်းကမ္ဘာလွှမ်း ရေအမြန်ဆုံးကျပါစေ
ရဲရင့်သက်ဇွဲ
(မိုးမခ) ဇူလိုင် ၃၁၊ ၂၀၂၁ 

ပြည့်ဝန်းတဲ့လဟာ
ညအမှောင်မှာ နီရောင်သန်းနေပေါ့
နှစ်ဝါထပ်သတဲ့
လမ်းကြုံရင် ရွာဦးကျောင်းက
ကပ္ပိယကြီးကို အတိတ်တဘောင်
ဘယ်လိုဆောင်သလဲမေးခဲ့ကြဦး.....
မျက်မမြင်ဒွေးလေးရဲ့စကား
နားမှာကြားတချက် မကြားတချက်။

အရုဏ်ကမတက်သေးဘူး
ရေကတော့ တက်လာပြီ
ညကလည်းနက်လှပြီ
ဒီနှစ် လယ်လေးကိုင်းလေး
အဆင်ပြေရင် ကလေးတွေ
ရှင်ပြု နားသ အလှူတော်မင်္ဂလာ
ဝေးပြန်ပြီပေါ့ ။


အိမ်ရှေ့က ရေမမြုပ်သေးတဲ့
ကွပ်ပျစ်ပေါ်မှာ အတွေးတွေထဲနစ်မြူပ်နေတဲ့
ကိုဖိုးတုတ်ခမျာ
ရွာတောင်ဘက်က အုံးအုံးကြွက်ကြွက်
လူသံဆူညံ
ဦးအီဗရာဟင်ရဲ့အမောဖောက်နေတဲ့
သတိပေးအော်ဟစ်သံတွေက
ကိုဖိုးတုတ်ကို လှုပ်နိုးလိုက်တယ်။

 
လက်နှိပ်စာတ်မီးရောင်အောက်မှာ
ရင်ခေါင်းလောက်မြူပ်တဲ့ရေထဲမှာ
အရေးပေါ် ဝါးဖောင်ကိုဆွဲ
၀ါးဖောင်အထက်မှာ ဗလီဝတ်ကျောင်းတော်က
ကိုရမ်ကျမ်းစာအုပ်တွေ ဘုရားဆင်းတုတော်တွေ၊
ရွာတောင်ပိုင်းက သက်ကြီးရွယ်အိုတွေနဲ့
ကလေးသူငယ်တွေ
ဦးအီဗရာဟင်လက်တဖက်က ဖောင်ကိုဆွဲ
တာရိုးကျိုးတယ်ဆိုလား သက်ကြီးရွယ်အိုတွေ
ကလေးသူငယ်တွေ 
ရနိုင်သလောက်ပစ္စည်းတွေ
ရွာအရှေ့ပိုင်းကုန်းတော်ပေါ်က ဘုန်းကြီးကျောင်းကိုရွှေ့ကြဟေ့
ငါတို့တောင်ပိုင်းမှာတော့ ဗလီတလုံး ဘုံကျောင်းတခု
အိမ်အလုံး၅၀ ရေအောက်ရောက်ခဲ့ပြီ.။

တရိပ်ရိပ်တက်လာတဲ့ရေကို ငေးကြည့်ရင်း
အရေးကြုံလာတဲ့အခါ အသားအရောင်
လူမျိုး ဘာသာ ကိုးကွယ်ရာ မတူကြသော်လည်း
လူ့အသက်တချောင်း ရခဲကောင်းကြောင်း
တရားသဘော သိနားလည်းသော
ဘာသာတူ တူ မတူတူ
မုန်းသူမရှိ ချစ်သူသာရှိ
အတူတကွ ယှဉ်တွဲနေကြမှသာ
အနာဂတ် လူဘောင်ခေါင်းထောင်နိုင်မယ်။

သဘာဝဘေး၊ စစ်အုပ်စုဘေး
အမုန်းတရားဘေး အမှားများဘေး
ဘေးဘယာများစွာ ဝေးကွာသွားပါစေ
တို့မေတ္တာစွမ်း ကမ္ဘာလွှမ်း ငြိမ်းချမ်းကြပါစေ

တို့မေတ္တာစွမ်း ကမ္ဘာလွှမ်း ရေအမြန်ဆုံးကျပါစေ။
တို့မေတ္တာစွမ်း ကမ္ဘာလွှမ်း ငြိမ်းချမ်းကြပါစေ။

တို့မေတ္တာစွမ်း ကမ္ဘာလွှမ်း ရေအမြန်ဆုံးကျပါစေ။
တို့မေတ္တာစွမ်း ကမ္ဘာလွှမ်း ရေအမြန်ဆုံးကျပါစေ။
တို့မေတ္တာစွမ်း ကမ္ဘာလွှမ်း ရေအမြန်ဆုံးကျပါစေ။

(မြန်မာနိုင်ငံနှင့်တဝှမ်းရေကြီးမှုကို ခံစားရေးဖွဲ့ပါသည်။)

၃၀ ဇူလိုင် ၂၀၁၈

t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar