Breaking News

အိုက်နီ(ဖြူး) - ကျနော်သိတဲ့ ဝါရင့်နိုင်ငံရေးသမားကြီးတစ်ဦးအကြောင်း

Photo- Crd
ကျနော်သိတဲ့ ဝါရင့်နိုင်ငံရေးသမားကြီးတစ်ဦးအကြောင်း
အိုက်နီ(ဖြူး)
(မိုးမခ) ဇူလိုင် ၃၁၊ ၂၀၂၁

ကျနော်ဘဝမှာနိုင်ငံရေးသမားများစွာ ကြုံတွေ့ဖူးပါတယ်။ အမှတ်တမဲ့ ကြုံတွေ့ဖူးတာတော့မဟုတ်ပါဘူး၊ နိုင်ငံရေးကိုစိတ်ဝင်စားလှတဲ့ကျနော်ကနိုင်ငံရေး သမားကြီးတွေဆီမရောက်ရောက်အောင်သွားခဲ့တာပါ။ ကျနော်ကြုံတွေ့ဖူးတဲ့အထဲလက်ဝဲအယူအဆရှိတဲ့နိုင်ငံရေးသမားများ၊ မာ့က်စ်ဝါဒီကြီးတွေ၊ လစ်ဘရယ်ဝါဒီ၊ လူမျိုးစုအမျိုးသားရေးလွတ်မြောက်ရေးဝါဒီတွေ၊ ဖီမန်နင်ဇင် ကျားမတန်းတူရေးဝါဒီတွေ၊ သခင် သင်မအမည်ယူထားတဲ့ တို့ဗမာအစည်းအရုံးဝင် ဝံသာနုတွေ အစုံစုံအလင်လင်ပါပဲ။ 

ကျနော်ဆုံတွေ့ဖို့ကြိုးစားခဲ့တဲ့အထဲ အမှတ်တရဖြစ်ရတဲ့အထဲမှာ ဦးလှချစ်လို့ခေါ်တဲ့ ပြည်မြို့ကဝါရင့်နိုင်ငံရေး သမားကြီးတယောက်လည်း အပါအဝင်။ သူက ၆၂ ကျောင်းသားခေါင်းဆောင် ဦးလှရွှေ(အောင်သာPPP) တို့နဲ့ ခေတ်ပြိုင်ဝါရင့်နိုင်ငံရေးသမားတဦးပါ။ မှတ်မှတ်ရရ ၂၀၁၄ ခုနစ် ဖေဖော်ဝါရီလမှာ ထိုင်း-မြန်မာနယ်စပ်ကနေ ပြန်ရောက်လာပြီး လယ်ယာမြေသိမ်းဆည်းခံရလို့ ပူဆွေးသောကရောက်နေတဲ့မြေသိမ်းခံတောင်သူလယ် သမားမိဘပြည်သူလူထုကိုကူညီဖို့ တက်ကြွလှုပ်ရှားသူအဖြစ် ဗကသအနေနဲ့ ရန်ကုန်မြို့က မိုင်၁၈ဝ အကွာမှာတည်ရှိတဲ့ သဲကုန်းမြို့၊ အောင်ကုန်းကျေးရွာဆီ  ပြည်မြို့က မဇင်မာဝင်းနဲ့ ရန်ကုန်မြို့ကတဆင့် သွားရောက်ခဲ့ပါတယ်။ မဇင်မာဝင်းကနေမှ ပြည်မြို့က ဘော်ဒါဆောင်ဖွင့်ထားတဲ့ စာပေချစ်မြတ်နိုးတဲ့ ကျောင်းဆရာဆရာဦးဖုန်း(Tri stars) နဲ့ ခင်မင်ခွင့်ရခဲ့ပါတယ်။ 

ဆရာဖုန်းရဲ့ ပို့ဆောင်တာကြောင့် ပြည်မြို့ ရွှေဟင်္သာရပ်ကွက် ဘုန်းတော်ကြီးကျောင်းအနီးမှာရှိတဲ့ အိမ်ငယ်လေးတလုံးဆီရောက်ခဲ့ပါတယ်။ ကျနော်တို့ရောက်တာနဲ့ ပက်လက်ကုလားထိုင်ကနေ အိမ်ထဲဝင်လာတာကိုသူစိုက်ကြည့်နေတယ်။ ဆရာဖုန်းက ဗကသကျောင်းသားပါ၊ တောင်ငူဘက်ကလို့ မိတ်ဆက်ပေးတော့ သူက ဘယ်ကရလာမှန်းမသိတဲ့ခွန်အားတွေနဲ့ ငေါက်ခနဲ ထထိုင်ပါတယ်။ ကျနော်အစောကမြင်တွေ့လိုက်တဲ့ ပက် လက်ကုလားထိုင်မှာအားအင်ချိနဲ့စွာမောဟိုက်စွာနားနေတဲ့ အဘိုးအိုတဦးက အခြားလူတယောက်များဖြစ်သွားလား ၁ဝ နှစ်လောက် ငယ် ရွယ်နုပျိုသွားလားထင်မိရအောင် တက်ကြွလာပါတယ်။ ဦးလှချစ်ကသူရဲ့ကျောင် းသားလှုပ်ရှားမှုအကြောင်းကိုစပြီး ပြောပြပါတယ်။ သူက ပြည်မြို့တဖက်ကမ်းကျေးရွာငယ်လေးမှာမွေးဖွားပြီး ပညာလိုချင်တာကြောင့် ပြည်မြို့က ဦးလေးအိမ်မှာနေပြီးစာသင်ကြားကြောင်းပြောပြပါတယ်။ သူပညာသင်ကြားတဲ့ခေတ် ကာလမှာဖဆပလရဲ့ အကွဲအပြားအက်ကြောင်း တိုင်းပြည်တွင်းမတည်ငြိမ်တဲ့ ပြည်တွင်းစစ် နိုင်ငံရေးအခြေ အနေတွေကြောင့် နိုင်ငံရေးကသူ့ကိုခလုတ်လာတိုက်မိပါတယ်။ ပြည်မြို့က ကျောင်းသားသမဂ္ဂကအကိုကြီးတွေနဲ့ ခင်မင်ခွင့်ရခဲ့ပြီးကျောင်းသားသပိတ်တခုမှာ ပြည်မြို့ ကိန်းဘုရားမှာသပိတ်စခန်းဖွင့်ပြီးချီတက်ဟော ပြောကြရာ ဗမာပြည်မှာအုပ်စိုးနေတဲ့ ဦးနု ကျော်ငြိမ်းတို့ရဲ့ကျွန်ပညာရေးစနစ်ကို နောင်တော်ကိုစိန်ထွန်းဟော ပြောမှုက သူ့ကိုဘဝတဆစ်ချိုးပြောင်းခဲ့ပါတယ်။ သပိတ်မှောက်တာကြောင့်ပဲ သမဂ္ဂဥက္ကဋ္ဌ၊ အတွင်း ရေးမှူးတွေကိုကျောင်းကထုတ်ပယ်တာကို ကျောင်းသားထုနဲ့အတူသူလည်း မခံမရပ်နိုင်ဖြစ်ခဲ့တာကြောင့် ကျောင်းသားခေါင်းဆောင်တွေကိုကျောင်းထုတ်တာကိုပယ်ဖျက်ဖို့ ကျောင်းသားလှုပ်ရှားမှုထဲမှာ ၁၉၅၆ ခုနစ်မှာ စတင်ရောက်ရှိလာခဲ့ပါတယ်။ 

ကျောင်းသားသမဂ္ဂမှာစည်ရုံးရေးမှူး၊ ပြန်ကြားရေးစတဲ့ တာဝန်တွေထမ်းဆောင်ပြီးအတွင်းရေးမှူးတာဝန်ထိထမ်းဆောင်ခဲ့ကြောင်းပြောပြပါတယ်။ ၁၉၅၆ခုနစ်မှာ ဝန်ကြီးချုပ်ဦးနုနိုင်ငံရေးခရီးသွားတာကိုအကြောင်းပြုပြီးဦးကျော်ငြိမ်း၊ ဦးဘဆွေတို့ကညီလာခံကျင်းပပြီးကျောင်းသားသမဂ္ဂတွေကိုဖျက်သိမ်းခဲ့တယ်၊ 

အတိုက်အခံဆိုရှယ်နီပမညတကိုလည် းဖမ်းဆီးနှိပ်ကွပ်ခဲ့တဲ့အကြောင်းပြောပြပါတယ်။  အဲ့ဒီနောက် ၁၉၅၈ မှာ ၂ နှစ်ခန့်အာဏာသိမ်းပွဲကျင်းပပြီး ၁၉၆ဝ မှာ ရွေးကောက်ပွဲကျင်းပပေးခဲ့ပေမဲ့ ၁၉၆၂ ခုနစ်မှာ အပြီးတိုင်အာ ဏာသိမ်းလိုက်ကြောင်း သမိုင်းကြောင်းကိုပြောပြလာပါတယ်။ ၁၉၆၂ ခုနစ်မတ်လ၂ ရက်နေ့မှာ စစ်တပ်အာဏာ သိမ်းတာကိုအကြောင်းပြုပြီး စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး 7July ကျောင်းသားအရေးတော်ပုံကြီးပေါ် ပေါက်ခဲ့ပါတယ်။ 7July ကျောင်းသားအရေးတော်ပုံမှာ ပြည်ခရိုင်အနှံ့ လှည့်လည်စည်းရုံးဟောပြောပြီး သပိတ် မှောက်တာကြောင့် မှီခိုနေထိုင်ရတဲ့ ဦးလေးက နိုင်ငံရေးလုပ်ရင် အိမ်ပေါ်ကဆင်းဖို့ နှင်ချခံရကြောင်း ဦးလှချစ်က ရီရီမောမောပြောပြခဲ့တာအမှတ်တရပါပဲ။ သူရဲ့ယုံကြည်တာကိုမစွန့်လွှတ်နိုင်လို့ အိမ်ပေါ်ကဆင်းပြီး ပြည်မြို့ဘူတာကြီးရဲ့ပလက်ဖောင်းအိမ်အသစ်ကိုပြောင်းပြီး နိုင်ငံရေးဆက်လုပ်ခဲ့တယ်လို့ပြောပြတာကို ကျနော်စိတ်ထဲဝမ်း နည်းတာရော လေးစားတာရော ရောယှက်ခံစားမိပါတယ်။ 

7July(ဆဲဗင်းဂျူလိုင်) ကျောင်းသားအရေးတော်ပုံကို ဗိုလ်နေဝင်းရဲ့ အာဏာသိမ်းစစ်တပ်ကပစ်ခတ်သတ်ဖြတ်ဖြိုခွင်းတာကြောင့် ကျောင်းသားရာချီအသတ်ခံရပြီး ရန်ကုန်တက္ကသိုလ်ထဲကသမဂ္ဂအဆောက်အဦးလည်း ဖြိုခွဲခံခဲ့ရပါတယ်။ 7July နေ့တိုင်း ကျဆုံးသွားတဲ့ကျောင်းသားအကိုကြီးအစ်မကြီးတွေကိုရည်စူးပြီး ဘုရားမှာ နှစ်တိုင်းချီတက်စုတောင်းပေးတာပဲလို့ သူကဆက်ပြောပြပါတယ်။ မှတ်မှတ်ရရ သူရှောင်တိမ်းရတဲ့အကြောင်းလည်း ပြောပါပါတယ်။ ပြည်ကနေရန်ကုန်ရထားကိုခိုးစီးပြီး လက်ပံတန်းဘူတာမှာဆင်းခဲ့ကြောင်း ပေးစရာပိုက်ဆံလည်းမရှိဘူးလို့ ရီရီမောမောပြောပြပါတယ်။ လက်ပံတန်းကသာရဝေါကိုဆက်သွားခဲ့ပြီး သာရဝေါကနေ စက်လှေစီးပြီးဟင်္သာတမှာရှိတဲ့ ပြည်မြို့က ကိုကိုကျွန်းပြန်အကိုကြီးဦးချိုဆီ သွားခဲ့တယ်လို့ ပြောပြပါတယ်။ 

တလလောက်နေမှ ဇာတိကျေးရွာရွှေဝါမြေကိုသွားရောက်တိမ်းရှောင်နေတယ်လို့ ပြောပြပါတယ်။ ၁၉၆၈ ရောက်မှ သူ့ကိုစစ်အာဏာသိမ်းမဆလအစိုးရကဖမ်းဆီးပြီး ပြည်ထောင်စုကိုပို့တော့တာပဲ။ ပြည်ထောင်စုဆိုတာ ပြည်ထောင်ကို ပြောတာလို့ ရီပြီးပြောပြတယ်၊ ပြည်ထောင်မှာနိုင်ငံရေးသမားတွေ၊ ကျောင်း သားတွေ၊ တောခိုတော်လှန်ရေးသမားတွေစုံလို့ လို့ပြောပြခဲ့တာ ခုထိအမှတ်ရနေမိပါတယ်။ ပြည်ထောင်ရောက်ပြီး တနှစ်လောက်အကြာမှာတော့ ထောင်တွင်းမှာတချို့ဆို ဝဲတွေစွဲလာတယ်၊ ကျွေးတော့ မစားရဝခမန်းနဲ့ ထောင်ပိုင်နဲ့ ထောင်ဝန်ထမ်းတွေက အဆင့်ဆင့်ဖျက်စားလာဒ်စားလုပ်တာမို့ အကျဉ်းသားတွေရဲ့ ဘဝက ပိုခါးသီးလာတယ်။ အဲ့ဒါကြောင့် ၁၉၆၈ သြဂုတ်လ ၂၆ ရက်နေ့မှာ ကျနော်တို့ စဆူတယ်၊ ၂၈ ရက်နေ့ရောက်မှ အကြီးအကျယ်ဆူပူတာပေါ့။ ထောင်ထဲကိုသေနတ်နဲ့ပစ်ခတ်လို့ ခေါင်းမှန်လို့ သေတဲ့လူကသေ။ ခြေထောက်၊ လက်ထိလို့ ဒုက္ခိတဖြစ်တဲ့လူက ဖြစ်ကုန်တယ်။ ထောင်ဆူတာကို မန္တလေးတက္ကသိုလ်က ကိုတင်ဝင်း၊ ကျနော်ရယ်၊ ကိုတယ်လှိုင်ရယ်၊ ပြည်ကကျနော်ရယ်၊ အကိုကြီးရှိတ်၊ မောင်မြ၊ ရဲဝင်းဆိုပြီးထောင်ဆူပူမှုခေါင်းဆောင်တွေလို့ ကင်မွန်းတပ်လိုက်တာပဲ။ ကျနော်တို့ကိုထောင်ဆူပူမှုပုဒ်မတွေနဲ့ ထပ်တိုးတစ်နှစ်ထပ်ချပြီး ဗဟိုအကျဉ်းထောင် အင်းစိန်ကိုပို့လိုက်တာလို့ ပြန်ပြောင်းပြောပြလာပါတယ်။ 

အင်းစိန်ထောင်ထဲကတွဲဖက်တိုက် အခန်း၁၂ ခန်းမှာ အခန်း ၄ မှာ ကျနော်တို့ကိုထားတယ်။ မကြာပါဘူး သရက်ထောင်က ကိုငွေကိုင်တို့ ကိုသောကြာတို့ပြောင်းလာတယ်။ အမှတ်ရတာကတော့ ဝါရင့်နိုင်ငံရေးသမားကြီး ပြည်သူ့ရဲဘော် ဗိုလ်အောင်နိုင်တို့နဲ့တွေ့ဆုံခဲ့ရတယ်။ ၁၉၇၀ ပြည်ထောင်စုနေ့မှာလွတ်ငြိမ်းချမ်းသာနဲ့ ကျနော်တို့လွတ်ခဲ့တာပေါ့။ ထောင်ကလွတ်ပြီးမခင်စမ်းနဲ့ အိမ်ထောင်တွေ ဘာတွေကျတာပေါ့။ ၁၉၈၈ အရေးတော်ပုံဖြစ်တော့ တို့လည်းမနေသာတော့ ဘယ်နားကနေရနေရ ကျောင်းသားလေးတွေကိုတွန်းတင်ပြီးပါဝင်ခဲ့တာပဲ။

၁၉၉ဝ မှာ ပါတီတွေထောင်ကျတော့ NLD ကိုသိပ်မဘောကျဘူး၊ အဓိကက ism၊ ideology မတူတာပါ။ တို့ကမာ့က်စ်ဝါဒတို့ လူတန်းစားတိုက်ပွဲတို့ ယုံကြည်တာကြောင့် အကိုကြီးကိုလှရွှေ၊ ဆရာဦးခင်မောင်မြင့်တို့ ပြည်သူ့တိုးတက်ရေးပါတီထူထောင်မှ ပါတီဝင်ခဲ့တယ်။ ဆရာဦးခင်မောင်မြင့်က ဥက္ကဋ္ဌ၊ အကိုကြီးကိုလှရွှေက အတွင်း ရေးမှူး၊ သူတို့ဦးဆောင်မှုအောက်မှာ ကျနော်ကစည်းရုံးရေးမှူးတာဝန်ယူခဲ့တယ်။ ၁၉၉ဝ နှစ်ထဲပဲ ပြည်သူ့တိုး တက်ရေးပါတီကို စစ်အစိုးရကဖျက်သိမ်းပြီး ပါတီခေါင်းဆောင်တွေ အဖမ်းခံရတော့ ကျနော်လည်း အဖမ်းခံရတယ်၊ ၁၉၉၃ လောက်မှာ ပြန်လွတ်လာတယ်။ ထောင်ထဲကဒဏ်တွေကြောင့်ပဲကျန်းမာရေးက ချူချာလာပြီး လမ်းမလျောက်နိုင်တော့ဘူး။ အတွဲရှိမှ လျောက်နိုင်တော့တယ်လို့ သူပြောပြပြီး အိမ်အပြင်ဘက်က အဝေးတစ်နေရာကို ကြည့်နေတယ်။ ကိုယ်မသိတဲ့သမိုင်းမှန်ကူကွက်တွေ ဖြစ်ရပ်တွေက ကျနော်ကို့အတွေးနယ်ချဲ့စေခဲ့တယ်။ 

ဗမာပြည်နိုင်ငံရေးသမိုင်းမှာအသက်နဲ့ ခန္ဓာပေးဆပ်ပြီး သူတို့ယုံကြည်တာကိုကိုင်စွဲထားတဲ့ အမေ့အလျော့ခံနိုင်ငံရေးသမားတွေ ထုနဲ့ထေးရှိနေတာပဲလို့ ကျနော်ကောက်ချက်ချမိပါတယ်။ ကျနော်လည်း ပြည်မြို့ရောက်တိုင်း ဘဘဦးလှချစ်ဆီရောက်ဖြစ်ပြီး သူရဲ့ဘဝကောက်ကြောင်းတွေ နားထောင်မိခဲ့ပါတယ်။ 

ပြည်မြို့မှာကျင်းပတတ်တဲ့ 7July (ဆဲဗင်းဂျူလိုင်) အခမ်းအနား၊ ၁၉၈၈ အောက်မေ့ဘွယ်အခမ်းအနားတွေကို လူအကူညီနဲ့ရောက်အောင်လာတတ်တဲ့ ဘဘဦးလှချစ်တယောက် ၂၀၂၁ ခုနစ် ဇူလှိုင်လ ၂၇ ရက်နေ့မှာ သူချစ်တဲ့တိုင်းပြည်နဲ့လူထုကို နှုတ်ဆက်ထွက်ခွာသွားတာကို ကျနော်အဝေးတနေရာကနေ ဝမ်းနည်းနေမိပြီး သူယုံ ကြည်တဲ့ ပန်းတိုင်ကိုရောက်အောင်ချီတက်သွားရမည်လို့ သန္နိဋ္ဌာန်ချမိပါတယ်။ 

၂၀၂၁ခုနစ် ဖေဖော်ဝါရီလ၁ရက်နေ့မှာ ဗိုလ်မင်းအောင်လှိုင်ကတိုင်းပြည်ကိုနောက်တကြိမ် ချောက်ထဲဆွဲချခဲ့လို့ ကျောင်းသားလူငယ်တွေ ဦးဆောင်တဲ့ နွေဦးတော်လှန်ရေးမှာလည်း အဘဦးလှချစ်တယောက် ပြည်မြို့ရဲ့လူ ငယ်တစ်ဦးဖြစ်တဲ့ ကိုမျိုးသူထွဋ် ပခုံးပေါ်ကနေ သပိတ်စစ်ကြောင်းကို အာဏာဖီဆန်တာ တရားတယ်၊ စစ်အာဏာ ရှင်စနစ်ဆန့်ကျင်တဲ့ လူငယ်တွေနဲ့ တသားတည်းရပ်တည်ကြောင်း အသက်၈၁ နှစ်အရွယ် အဘဦးလှချစ်တစ်ယောက် တမလွန်ဘဝကနေတော်လှန်ရေးကြီးအောင်ပွဲရ ပြီးဆုံးမယ့်နေ့ကိုစောင့်မျှော်နေမှာကို ကျနော်မြင်ယောင်နေမိပါတယ်။ 

အိုက်နီ(ဖြူး)
-
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar