Breaking News

မြန်မာပြည်မှာ စစ်တပ်အာဏာသိမ်းပြီး ၅ လ ၃၀ ရက် မြောက်နေ့ မြင်ကွင်း

မြန်မာပြည်မှာ စစ်တပ်အာဏာသိမ်းပြီး ၅ လ ၃၀ ရက် မြောက်နေ့ မြင်ကွင်း

(မိုးမခ) ဇူလိုင် ၃၀၊ ၂၀၂၁

ရန်ကုန်မြို့လမ်းမတွေမှာ ကားအသွားအလာ သိသိသာသာ လျော့ပါးနေဆဲ ၊ တောင်နဲ့ မြောက်ဆက်သွယ်ထားတဲ့ လမ်းမကြီးတွေပေါ်မှာ လူနေရပ်ကွက်တွေနဲ့ ဆေးရုံ၊ သုဿန်တို့ကို ခေါက်တုံ့ခေါက်ပြန် ကူးလူးသယ်ဆောင်နေတဲ့ လူနာတင်ကား၊ ရုပ်အလောင်းသယ်ဆောင်တဲ့ နိဗ္ဗာန်ယာဥ်တွေရဲ့ ဥသြသံက မိနစ်အနည်းငယ်တိုင်း ထွက်ပေါ်လာကာ အချက်ပြမီးတွေ ဖွင့်ကာ အမြန်မောင်းနှင်သွားနေကြတာကို တွေ့မြင်နေရဆဲ၊ လမ်းတွေပေါ်မှာ စားစရာသောက်စရာအတွက် စျေးဝယ်ဖို့ ထွက်ကြသူတွေ၊ ရေသန့်ပို့တဲ့ကား ၊ မြို့တွင်း ဆေးဝါး၊ အစား အသောက် စတဲ့ ဒီလစ်ဗာရီ ပစ္စည်းပို့ဆောင်တဲ့ကားတချို့၊ စက်ဘီးနဲ့ အစားအသောက်တွေ အိမ်တိုင်ရာရောက် ပို့တဲ့ ဂရက်ဘ်၊ ဖုဒ်ပန်ဒါ တုိ့က စက်ဘီးနင်းသူတွေ၊ အမှိုက်သိမ်းတဲ့ သန့်ရှင်းရေး လုပ်သားတွေ နဲ့ ဆေးခန်းပြဖို့ ဆေးဝယ်ဖို့ ကားနဲ့ ထွက်လာကြတာတွေ တွေ့မြင်ရပြီး ယခင်လတွေက အုံးအုံးကြွက်ကြွက်တန်းစီ ခဲ့ကြတဲ့ ဘဏ်တွေ၊ အေတီအမ်တွေ တဝိုက်မှာတော့ လူစုဝေးနေတာ တန်းစီနေတာတွေ မတွေ့ကြရသလောက်ပဲ ဖြစ်ပါတယ်။

ရှားရှားပါးပါး ဒီနေ့နေ့ခင်းမှာ ရန်ကုန် မြို့ထဲက ကုန်တိုက်တခုနဘေးက အမရာအေတီအမ်တခုအနီး လူ ၂၀၊ ၂၅ လောက် ပါးစပ်-နှာခေါင်းစည်း တွေနဲ့ စုပြုံတိုးနေကြတာ မြင်တွေ့လိုက်ရပါသေးတယ်။ အချို့သူတွေ အဖို့ ခုနေကာလမှာ ဘဏ်ထဲက ငွေထုတ်ဖို့ တကယ်လိုအပ်နေတာလည်း ဖြစ်ပါလိမ့်မယ်၊ မြင်တွေ့ပြီး အားမလို အားမရဖြစ်ရတာက ဘာကြောင့် တယောက်နဲ့ တယောက် ခပ်ခွာခွာ တန်းစီပြီး ထုတ်ကြတာမျိုးမလုပ်ပဲကပ်လျက် စုပြုံပြီး ဝိုင်းနေကြတဲ့ မြင်ကွင်းကြောင့် ဖြစ်ပါတယ်။

ညနေစောင်း ည ၆နာရီခွဲ ၇နာရီလောက်ဆိုရင်ပဲ ခါတိုင်း စည်လေ့ရှိတဲ့ ညနေစောင်းစျေးတန်းတွေ လူမရှိတော့သလောက် ရှင်းလင်းကုန်ကြတာလည်းတွေ့ရပါတယ်။ အရင်လတွေကဆိုရင် ည ၇ နာ၇ီ ၈နာရီလောက်ထိ ညဘက်စျေးတန်းလေးမှာ အစားအသောက် အကင် ၊ အသီးအနှံရောင်းဆိုင်တွေနဲ့ စည်နေလေ့ရှိပေမယ့် ခုနေမှာတော့ ည ၆နာရီခွဲကျော်လောက်ကတည်းက လမ်းထဲ ထွက်လမ်းလျှောက်သူ ဆေ့ာကစားတဲ့ ကလေးသူငယ်တွေ မရှိသလောက် ဖြစ်ပြီး လူနေရပ်ကွက် လမ်းသွယ်တွေထဲ တိတ်ဆိတ် ခြောက်ကပ် နေတဲ့ မြင်ကွင်းပဲ မြင်ရမှာ ဖြစ်ပါတယ်။

အခန်းတွဲတိုက် ၄ လုံးလောက်နဲ့ လုံးချင်းလူနေအိမ် ၁၄၊ ၁၅ လုံးလောက် ရှိတဲ့ လမ်းသွယ်လေးထဲမှာ တင် ပြီးခဲ့တဲ့ ၂ ပတ်အတွင်း ကိုဗစ်ကူးစက်ရောဂါကြောင့် ၃ ဦးလောက် ကွယ်လွန်ခဲ့ကြတာမို့လို့ အရင်က ညနေတိုင် ကလေးတွေ ဆော့နေကြတဲ့ ရပ်ကွက်က အနည်းငယ် ချောက်ချားတဲ့ အသွင်ဆောင်ပြီး ကာဖျူး က ည ၁၀ နာရီဖြစ်သည့်တိုင် ၇ နာရီကျော်ကတည်းက လမ်းမှာ လူတယောက်မျှ ထွက်တာမမြင်ရတော့ပါဘူး။

ရေတွက်မနိုင်တော့တဲ့ ဒဏ်ရာများနဲ့ ပြည်သူတွေရဲ့ဘဝ

စစ်အာဏာသိမ်းမှုရဲ့ ဒဏ်ရာတွေကို ရေတွက်နေလို့ မဆုံးခင်မှာပဲ ကိုဗစ်ကူးစက်ကပ်ရောဂါ က အလျင်အမြန်ဝင်ရောက်လာရာမှာ ပြည်သူတွေရဲ့ဘဝက သေနတ်နဲ့ ပစ်သတ်လို့ သေတဲ့သူတွေကို ရေတွက်ရမလား အကျဥ်းေထာင်ထဲမှာ ထိန်းသိမ်းခံနေရသူတွေကို ရေတွက်ရမလား၊ ကိုဗစ်ကူးစက်ခံရပြီး ဆေးကုသခွင့်မရ၊ ဆေး ဝါး၊ အောက်စီဂျင် ၊ ဆရာဝန်တွေနဲ့တောင် ပြသခွင့်မရလိုက်ပဲ ရက်သတ္တပတ်အတွင်း မျက်စေ့ရှေ့မှာ အသက်ဆုံးရှုံးသွားရတဲ့ မိသားစု၊ ဆွေးမျိုးသားချင်းတွေရဲ့ အရေအတွက်ကို ရေတွက်ရမလား ဆိုတဲ့ ဗျာများလှတဲ့ ဘဝတွေ ဖြစ်နေပါတယ်။

ငါးရားငါးဆယ် ဇတ်နိပါတ်ထဲက မပဋာ လင်ဖြစ်သူသေ၊ သားဖြစ်သူလည်း ဆုံးတဲ့ ဘဝမျိုးတွေ ဇာတ်လမ်းအဖြစ် ဖတ်ရှု နားထောင်ရတဲ့အခါတုန်းက ကိုယ်တွေလက်တွေ့ဘဝထဲမှာ ကြုံရမယ် မဟုတ်ဘူးလို့ အများစုက ယူဆကြပါလိမ့်မယ်။ မပဋာကို စာနာတဲ့အတွေး ကိုယ်ချင်းစာတဲ့အတွေး နဲ့ ဇာတ်လမ်းအဖြစ်ခံစားခဲ့ကြပါလိမ့်မယ်။

ခု ဖြစ်နေတဲ့အဖြစ်က ကျနော်တို့ ပတ်ဝန်းကျင်မှာ မပဋာလို ဇာတ်လမ်းမျိုးတွေ အများအပြား လက်တွေ့ ဖြစ်ပျက်နေကြပါတယ်။ မိသားစုတစုထဲမှာ ကိုဗစ်ကူးစက်မှုနဲ့ ၂ ယောက်ဆုံးရှုံးလိုက်ရတဲ့ မိသားစုတွေ၊ ၃ ယောက်ဆုံးရှုံးလိုက်ရတဲ့ မိသားစုတွေ နေရာတိုင်းမှာ ရှိနေကြပါတယ်။ သားနဲ့ အဖေဖြစ်သူတို့ ကိုဗစ်ကူးစက်ခံကြရပြီး နေအိမ်ထဲ သေဆုံးနေတဲ့အဖြစ်၊ ဘယ်သူမှ မသိလိုက်ပဲ ၂ ဦးစလုံး သေဆုံးပြီးနောက်မှ သိကြရတဲ့အဖြစ်က ဇူလိုင်လထဲမှာပဲ ရန်ကုန်မြို့မှာ ဖြစ်ပျက်ခဲ့ပါတယ်။ ရန်ကုန်မြို့မှာ အဲဒီအဖြစ်အပျက်တခုထဲမဟုတ်ပါဘူး။ တယောက်ထဲ နေအိမ်မှာနေထိုင်ရင်း ကိုဗစ်ကူးစက်ခံရကာ လူမသိ၊ အကူအညီမတောင်းခံနိုင်ခင်မှာပဲ အသက်သေဆုံးခဲ့ရသူတွေ ခုလထဲ ဟိုနားသည်နား ၊ အသိမိတ်ဆွေတွေရဲ့ ဆွေမျိုးသားချင်းထဲ ဖြစ်ပျက်ခဲ့တာတွေလည်း ကြားသိနေရပါတယ်။

၂၀၂၁ ကိုဗစ်ကပ်ရောဂါနဲ့ နှိုင်းယှဥ်ပြောဆိုလို့ရမယ့် မြန်မာနိုင်ငံရဲ့ အခြားသော ဒဏ်ရာက နာဂစ်မုန်တိုင်းပဲ ဖြစ်မယ်ထင်ပါတယ်။ နာဂစ်မုန်တိုင်း တိုက်ခတ်မှုကြောင့် ဧရာဝတီတိုင်းနဲ့ ရန်ကုန်တိုင်းမှာ သေဆုံးသူနဲ့ ပျောက်ဆုံးသူ တသိန်း၃သောင်းကျော် ရှိခဲ့ပါတယ်။ အချို့မိသားစုတွေမှာ မိသားစုဝင် ၈ ယောက် ၉ ယောက် အသက်ဆုံးရှုံးခဲ့ရပြီး တယောက်ထဲကျန်ရစ်တာမျိုးအဖြစ်အပျက်တွေ နာဂစ်မှာအများအပြားရှိခဲ့ပါတယ်။ အဲဒီအချိန်ကလည်း စစ်အစိုးရ လူအသက်တွေကို တန်ဖိုးမထားတဲ့ စစ်အစိုးရ အုပ်ချုပ်ခဲ့တဲ့ကာလဖြစ်ပြီး လူထုအချင်းချင်း နာဂစ်ဒဏ်မခံစားရတဲ့ နိုင်ငံတဝှမ်းက လူထုတွေ စုပေါင်းပြီး ဧရာဝတီတိုင်းမှာ သွားရောက်ကူညီခဲ့တဲ့ သာဓက ရှိခဲ့ပါတယ်။ အခု ကိုဗစ်ကပ်မှှာကျတော့  မြန်မာတပြည်လုံး ခံစားနေရချိန် ဖြစ်နေပြီး ပြည်ပရောက် မြန်မာတွေက အတတ်နိုင်ဆုံး ဝန်းယံကြတာတွေကို မြင်တွေ့နေရပါတယ်။

အခု ကိုဗစ်ကူးစက်ကပ်ရောဂါရဲ့ ရိုက်ခတ်မှုကြောင့် ဆုံးရှုံးရတာတွေက ရေတွက်မယ်ဆို ရေတွက်လို့ မဆုံးနိုင်တဲ့ ဒဏ်ရာဒဏ်ချက်တွေ ဖြစ်ပါတယ်။ မကြာသေးခင် နှစ်များက ဘာသာပေါင်းစုံ ဆုတောင်းပွဲတခုရဲ့ အစမှာ ကက်သလစ်ဘာသာဘုန်းတော်ကြီး ကာဒီနယ်လ် ချားမောင်ဘိုက စကားပြောကြားရာမှာ “ငါတို့သည် ဒီနေရာကို လာရောက်ခြင်းဟာ ဒဏ်ရာများကို ရေတွက်ဖို့မဟုတ်” ဆိုတဲ့စကားလုံးကို ကြားမိတဲ့အခါ ဘာသာရေး ကိစ္စရပ်တွေ မှာတင်မဟုတ်ပဲ နိုင်ငံရေးလို ကိစ္စရပ်မှာလည်း ဒီစကားလုံးကို ထည့်သွင်းစဥ်းစားတွေးတောမိ ပါတော့တယ်။

ဒဏ်ရာတွေကို မှတ်တမ်းတင်ထားဖို့ လိုအပ်တာအမှန်ပါ။ ဒဏ်ရာတွေက တဖက်မှာ သမိုင်းလည်း ဖြစ်ပါတယ်။ အဖြစ်အပျက်တွေနဲ့ ဒဏ်ရာတွေက တခါတခါမှာ ခွဲခြားဖို့ ခွဲထုတ်ဖို့ခက်ပါတယ်။ ဒဏ်ရာကို မှတ်တမ်းတင်ထားဖို့ လိုသလို အဖြစ်အပျက်ကနေလည်း သင်ခန်းစာနဲ့ အနာဂတ်အတွက် အဖြေထုတ်နိုင်ဖို့ လိုအပ်တယ်လို့ ထင် မြင်ယူဆမိတာကြောင့်လည်း ဖြစ်ပါတယ်။ ဒဏ်ရာတွေလည်း မှတ်တမ်းတင်ရင်း တဖက်မှာလည်း ဒဏ်ရာတွေကနေ လွတ်မြောက်ဖို့အတွက် ထွက်ပေါက် နည်းလမ်းကို စုပေါင်းရှာဖွေနိုင်ဖို့လည်း လိုအပ်မယ်လို့ ထင်မြင်ယူဆမိပါတယ်။

အခုနောက်ပိုင်းမှာ ကိုဗစ်ကပ်ဘေးနဲ့ စစ်ဘေးကို ပြည်သူတွေ ခါးစီးပြီး ခံကြရတယ်ဆိုကို လက်တွေ့မြင်ကွင်းကနေ ပိုထင်ရှားလာပါတယ်။ တိုက်ပွဲဝင်နေတဲ့ PDF ဒေသခံတွေဟာ စစ်ကောင်စီဖက်ဆစ်တပ်တွေရဲ့ တိုးမြှင်လာတဲ့ ထိုးစစ်ဖိအားကို ပိုခံစားရပါတယ်။ local PDF ဆိုတဲ့ ဒေသခံတွေ၏ ကျောထောက်နောက်ခံဖွဲ့စည်းထားတဲ့ ပြောက်ကျားရဲဘော်တွေကို သတ်ဖြတ်တာဖမ်းဆီးတာတွေ ပိုပြီး ဖြစ်ပွားလာပါတယ်။ မြို့ကြီးတွေ (ရန်ကုန်၊ မန္တလေး၊ မော်လမြိုင်) စသည်မြို့ကြီးတွေမှာ ကူးစက်မှုဟာ ၅၀% အထက် ကျော်လွန်နေပြီ ဖြစ်ပါတယ်။ ကူးစက်မှုကို တိုင်းတာဖို့ စာရင်းမလုပ်နိုင်သေးပဲ သေဆုံးမှုကို စာရင်းကောက်နေကြတဲ့ တိုင်းပြည်ဖြစ်နေပါတယ်။ ကူးစက်တဲ့အိမ်ကို လိုက်မရှာနဲ့ မကူးသေးတဲ့အိမ်ပဲ စာရင်းကောက်ကြည့်လိုက်ပါလို့တောင် ပြောယူကြရပါတယ်။

ထွက်ပေါက်နည်းလမ်းက နိုင်ငံရေး စစ်ရေး ခေါင်းဆောင်တွေဆီမှာ ရှိသလား၊ သူတို့တွေဆီ ရင်ဆိုင်နေရတဲ့ ပြဿနာတွေ မေးခွန်း ပုစ္ဆာတွေ အရမ်းများနေပြီလား။ သူတို့မှာ ပြဿနာတွေပဲ ရှိပြီး အဖြေမရှိရင် ပြည်သူတွေက တခါတည်းပဲ အဖြေရှာပေးရမှာလား။ ပြည်သူတွေက နွေဦးတော်လှန်ရေးကို ၆လနီးပါး ဖြတ်သန်းခဲ့ကြပြီ၊ ကိုဗစ်အရေးကိုလည်း ဇွန်၊ ဇူလိုင် ၂ လအတွင်း အကျအဆုံးမြောက်များစွာနဲ့ ဖြတ်သန်းနေကြရပါပြီ။ စစ်ကောင်စီကို အမြန်ဆုံးဖယ်ရှားပစ်နိုင်ရေးဟာ အဖြေဆိုရင် အဲသည်အဖြေဟာ ဘယ်သူ့လက်ထဲမှာ ရှိနေသလဲ။

(Photo - ယတြာချေသည့် အဝတ်ထုပ်များ စစ်တွေအနီးကမ်းခြေတွင် ပြန့်ကျဲနေ။ စစ်တွေ၊ ဇူလိုင် ၃၀။ BAP News Facebook) 

Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar