ဆာသော်ဒိုး - မ အ လ
မ အ လ
ဆာသော်ဒိုး
(မိုးမခ)ဇူလိုင် ၆၊ ၂၀၂၁
နွေဦးမှာ လေရူးမွှေလို့ ရန်ကုန်ကနေ တောတနေရာကို သွားရောက်ခိုလှုံကာ အောင်းနေရတယ်။ သူငယ်ချင်းတွေက ဆာသော်ဒိုးကို ရန်ကုန်မှာပဲထင်နေတာ။ ရောက်တဲ့ပေါက်တဲ့ နေရာဒေသကလည်း တောမြို့လေးနဲ့ ကိုးမိုင်လောက် ဝေးတယ်။
ဖုန်းလိုင်းမမိ အင်တာနက်မရ ဝိုင်ဖိုင်မရဆိုတော့ ပထမလတွေမှာ အားလုံးနဲ့အဆက်အသွယ်ပြတ်နေတာပေါ့။ နောက်ပိုင်းကျတော့ ဖုန်းလိုင်း " တိုင် " မိနိုင်တဲ့နေရာကို လျှောက်လျှောက်ရှာရင်း ဟုတ်တုတ်တုတ်ဖြစ်လာတယ်။
လိုင်းမိတဲ့နေရာသွားသွားသုံးနေတဲ့တစ်ရက်မှာ သူငယ်ချင်းနှစ်ယောက်ဆီကနေ မက်ဆေ့ချ်တွေပို့လာတာနဲ့ တိုးတယ်။ တက္ကသိုလ်တုန်းက သူငယ် ချင်းတွေ။ တိုက်ဆိုင်တာက သူတို့နှစ်ဦးစလုံး "နာမည်အသစ်" ပြောင်းကြမလို့တဲ့။ ပင်စင်ယူကာနီး အသက်အရွယ်ကြီးတွေကျကာမှ ဘယ်လိုတွေများ စိတ်ကူးပေါက်တယ်မသိပါဘူးဗျာ။
"မင်း ရန်ကုန်မှာရှိတယ်မဟုတ်လား။ ငါတို့တွေ တစ်ညနေ ခဏဆုံကြရအောင်။ နာမည်ပြောင်းကင်ပွန်းတပ်ပွဲ ဆိုပါတော့ကွာ"
သူတို့နဲ့ အပြန်အလှန် စာရိုက်နေတုန်း ဗြုန်းဆိုကဗျာဆရာစောဝေဆီက ဖုန်းဝင်လာလို့ ဟိုနှစ်ကောင်ကို ခဏရပ်ထားရတယ်။
" ' ဆသဒ ' အဆင်ပြေရဲ့လား "
" ပြေပါတယ် ကိုစောဝေ ရေ "
ကိုစောဝေကခေါ်ရင်ပြောရင် အဲသလိုမျိုး"အတိုကောက်" ပဲသုံးတဲ့ ပင်တိုင်စတိုင်နဲ့ပုဂ္ဂိုလ်ခင်ဗျ။ စာပေနယ်ကဆရာတွေဖြစ်တဲ့မောင်ချောနွယ်ကို "မခန"၊ နေဇော်နိုင်ကို "နဇန"၊ ကျော်စိုးဝင်းကို "ကစဝ"၊ ငြိမ်းအေးအိမ်ကို "ငအအ"၊ ဇော်သက်ထွေးကို "ဇသထ"၊ သိမ်းတင်သားကို "သတသ"၊ မောင်သိန်းဇော်ကို "မသဇ"၊ နေမျိုးဆေးကို "နမဆ" လို့ ခေါ်ပြီး ဆာသော်ဒိုးကိုတော့ "ဆသဒ" လို့ပဲခေါ်လာတာ နှစ်ပေါင်းများစွာ။
သူနဲ့ဖုန်းပြောပြီးတော့ ဟိုနှစ်ကောင်နဲ့မက်ဆေ့ချ်ပြန်ရိုက်ရတယ်။ "မင်းတို့ကွာ ဒီအရွယ်ကြီးတွေရောက်မှအမည်အသစ်ပြောင်းချင်ရတယ်လို့၊ ရူးပါ့ကွာ" ဆိုတော့ နှစ်ကောင်စလုံး မအီမလည်ကြီးနဲ့ တဟဲဟဲ။
တက္ကသိုလ်မှာတုန်းက အတော်ပြောင်တဲ့နှစ်ကောင်။ တက္ကသိုလ်အရံတပ်ရင်းမှာလည်း အတူတူ။ "ရှေ့ကြည့်၊ ညာညှိ၊ သတိ၊ သက်သာ၊ အေး
စေ" ဘာညာ။ အခုအချိန်ကျကာမှ နာမည်ပြောင်းချင်ရတဲ့ ဒင်းတို့ကိုလည်း ကိုယ်ချင်းစာမိပါရဲ့။ "အတိုကောက်" ခေါ်လို့ အဆင်မပြေတော့ဘူးပေါ့။
သူတို့ရဲ့ နာမည်ရင်းတွေက ဒီလိုဗျ။
မင်းအောင်လှ
မြင့်အောင်လှိုင်
အင်း . . . ဒီ ငါးမွေထိုးနှစ်ကောင်ရဲ့အဖြစ်ကလည်း ရယ်ရမလိုလို ငိုရမလိုလိုကိုး ခင်ဗျ။ ။
ဆာသော်ဒိုး
3-7-21(Sat) 5:05 Pm
-
Join Us @ MoeMaKa Telegramt.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar