ညိုထွန်းလူ - ဆင်ခွေး (MF-ဝတ္ထု)
(MF-ဝတ္ထု)
ညိုထွန်းလူ
(မိုးမခ) ဇူလိုင် ၇၊ ၂၀၂၁
ဆင်ခွေးဆုံးသွားပြီဟု သူငယ်ချင်းတစ်ယောက်ကတယ်လီဖုန်းဆက်၍ပြောသည်။ ဆင်ခွေးသည် ကျွန်တော်တို့နှင့်မူလတန်းကတည်းကကျောင်းနေဘက်ငယ်သူငယ်ချင်း။ တကယ်တော့သူ့မူလနာမည်က ဆင်ခွေးမဟုတ်။ အောင်လှိုင်ဝင်းလား.. မြင့်လှိုင်ဝင်းလား ... နှစ်တွေကြာမြင့်ပြီမို့ သိပ်မမှတ်မိချင်တော့။အတိတ်ကာလဆီသို့ရောက်သွားသည့်ကျွန်တော့်မျက်နှာပေါ်တွင်အပြုံးရိပ်တွေလူးလွန့်နေလျက်။
သုံးတန်းတုန်းကဖြစ်သည်။ ကျွန်တော်တို့တတွေကျောင်းမတက်ခင် အတန်းထဲမှာလေကန်နေကြ၏။ ပြောသည့်စကားတွေကလည်း ရောက်ရာပေါက်ရာ။ ဒီကောင်ကအကြွားသန်သည်။ စကားနိုင်လုလျှင် သူ့ကိုမည်သူမျှမယှဥ်နိုင်။ စကားပြောနေကြရင်းခွေးတွေအကြောင်းရောက်သွားကြသည်။ ကိုယ်မြင်ဖူးခဲ့သည့်ခွေးတွေကဘယ် လိုသတ္တိရှိကြောင်း၊ အရွယ်အစားကလည်း ဘယ်လောက်အထိကြီးကြောင်း၊ သေအောင်ကိုက်တတ်ကြောင်း... စသဖြင့် စကားအနိုင်လုပြီးပြောနေကြ၏။ ကလေးဆိုတော့လည်း တယောက်နှင့်တယောက် စကားအကျောမခံချင်ကြ။ သည်မှာပင် သူက မင်းတို့တွေ့ဖူးခဲ့တဲ့ခွေးတွေဆိုတာ ငါတို့အိမ်ကခွေးနဲ့ယှဥ်လိုက်ရင် သေးသေးလေးရယ်။ ငါတို့အိမ်မှာမွေးထားတဲ့ခွေးကအကြီးကြီးကွ ဟု ရင်ကော့၍ပြောလိုက်လေသမို့ ကျွန်တော်တို့အားလုံး မခံမရပ်နိုင်ဖြစ်ကုန်ကြသည်။
ဖင်ခေါင်းကျယ်လိုက်တာကွာ။ မင်းအိမ်ကခွေးကဘယ်လောက်ကြီးလို့တုန်းဟု တစ်ယောက်ကမေးလိုက်သည်။
ကြီးလိုက်တာက မင်းတို့အံ့သြသွားမယ်သိလား၊ ဆင်ကြီးလောက်တောင်ရှိတာကွ..
သူ့စကားအဆုံးတွင် ကျွန်တော်တို့အားလုံးတခွီးခွီးရယ်၍မဆုံး။ ဘယ့်နှယ် ခွေးဆိုတာခွေးလောက်ပဲရှိရမှာပေါ့။ ဆင်လောက်ကြီးလို့ရပါ့မလား။ သူကတော့ အလျော့မပေး၊ မယုံရင်ငါ့အိမ်လိုက်ခဲ့ဟုပြောသည်။ မည်သို့ပင်ဖြစ်စေ အဲသည်ကတည်းက သူ့ကိုဆင်ခွေးဟုခေါ်ကြတော့သည်။ သည်နာမည်ကိုအသက်အရွယ်ရလာသည့်တိုင်အောင် ဖျောက်၍မရတော့ပေ။
နှစ်တွေကြာမြင့်သွားသည်နှင့်အမျှ ကျွန်တော်တို့ငယ်သူငယ်ချင်းတွေလည်းကွဲကွာသွားကြသည်။ တချို့ဆို သတင်းအစအနတောင်မကြားရ။ လူ့လောကမှာ ရှိမှရှိကြသေးရဲ့လားမသိ။ ငယ်ဘဝကနှုတ်ကျိုးခဲ့ရသည့်ဆင်ခွေးဆိုသည့်နာမည်ကတော့ ကျွန်တော့်ရင်ထဲမှာစွဲနေဆဲ။ အသက်အရွယ်နှင့်ဘဝဖြတ်သန်းမှုတွေများလာသောအခါ ထိုနာမည်သည်ကျွန်တော့်အားအတွေးတွေကို ဆင့်ပွားသွားစေခဲ့ပြီး လောကအမြင်ကိုဆင်ခြင်အသိဖြင့်ကြည့်တတ်လာခဲ့သည်။ ဆင်ခွေးသို့မဟုတ်ဆင်နှင့်ခွေးအကြောင်းကို ကျွန်တော်တွေးကြည့်လိုက်သည်။
အမှန်တော့ ဆင်သည် ဆင်ဖြစ်၏။ ခွေးသည်လည်း ခွေးဖြစ်၏။ ဘာမှမဆိုင်။ သူ့ကဏ္ဍနှင့်သူ။ သူ့ဝန်းကျင်နှင့်သူ။ ဆက်စပ်ရောထွေးစရာအကြောင်းမရှိ။ ခက်တာက ကျွန်တော်တို့လောကဝန်းကျင်မှာလည်း ကိုယ့်အဆင့်ကိုယ့်တန်ဖိုးနှင့်ကိုယ့်နေရာကိုမသိဘဲ အရောရောအနှောနှောတွေက ပေါများလှ၏။ သူတို့ကဒေါင်းယောင်ဆောင်သည့်ကျီးတွေမဟုတ်ပါ။ ဆင်လိုလိုအယောင်ဆောင်ချင်နေကြသူများဟုဆိုရတော့မည်။
ကမ္ဘာမှာကျွန်တော်တို့လူမျိုး၏ပျမ်းမျှသက်တန်းက ၆၀ လောက်သာရှိသည်တဲ့။ ထို့ကြောင့် သေစာရင်းထဲသွင်းပြီးသေမည်ဆိုလျှင်သေရမည့်အရွယ်တွေရောက်လာခဲ့ကြပြီ။ အသက်အရွယ်ကြီးရင့်လာ၍ဆင်ခွေးလည်းသွေးတိုး၊ နှလုံး၊ ကျောက်ကပ် ..စသည့်ရောဂါတခုခုကြောင့်သေဆုံးသွားခဲ့တာလား။ ကိုဗစ်ကူးစက်တာခံလိုက်ရလို့လားဟု တွေးလိုက်သည်။ ကျွန်တော်ထင်တာ တခုမျှမဟုတ်ပေ။
ရွာအပြင်ထွက်နေတုန်း ဓားနဲ့ခုတ်ပြီးအသတ်ခံရတာတဲ့ကွ။ ဒီလိုကာလကြီးမှာဘာဖြစ်လို့ဓားနဲ့ခုတ်သတ်ခံလိုက်ရတယ်ဆိုတာ မင်းလည်းသဘောပေါက်မှာကွာဟု သူငယ်ချင်းကပြောလိုက်သည်။
လက်ကိုင်ဖုန်းကိုပိတ်ပြီး ကျွန်တော်ငေးငိုင်သွားရသည်။ လူတယောက်သေဆုံးရခြင်းသည် ဝမ်းသာရမည့်အဖြစ်မဟုတ်ပေ။ ဆင်ခွေးသည်ကျွန်တော်၏ငယ်သူငယ်ချင်းဖြစ်သည်။ သို့ရာတွင် သူ့ ရွာမှာတော့ ....
ကျွန်တော်ဆက်၍တွေးချင်စိတ်မရှိတော့ပြီ။
ညိုထွန်းလူ
-
Join Us @ MoeMaKa Telegramt.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar