Breaking News

ဘိုးညီတင့် - ဇကလေးအိပ်မက်

ဇကလေးအိပ်မက်
ဘိုးညီတင့်
(မိုးမခ) ဇူလိုင် ၂၀၊ ၂၀၂၁    



           နံက်ခင်းရေနွေးကြမ်းနဲ့ထမင်းကြော်စားသောက်နေတုန်း ဘိုးညီတင့်ဖုန်းကထ မြည်တယ်။ ခုလိုတနေရာကတနေရာသွားဖို့မလွယ်တဲ့အခါမှာ မောင်မင်းကြီးသားတို့ကျေးဇူးက ကြီးလှပေတယ်။ တဖက်ကအသံ ပီပီသသကြားနိုင်အောင် ခြံထဲဆင်းလမ်းလျှောက်ရင်းတော့ပြောရတာပေါ့လေ။
ဇကလေး။  ။ ဟလို။ ဘိုးညီတင့်။ ကြားရရဲ့လား။
ဘိုးညီတင့်။ ။ ကံကောင်းထောက်မစွာနဲ့ပီပီသသကြီးကြားရပေသဗျ။ ပြော။

ဇကလေး။ ။ ရွာမှာမိုးရွာပြီလား။ ကျနော်တို့ရန်ကုန်မှာတော့ နေ့တိုင်းရွာတယ်။
ဘိုးညီတင့်။ ။ ငါတို့တောင်သူလယ်သမားတွေက မိုးရွာမရွာ စိတ်မဝင်စားတော့ဘူးဇကလေးရဲ့။
ဇကလေး။ ။ ခါတိုင်းဖြင့် ညသန်းခေါင်ကျော်တရေးနိုးတောင် မိုးထကြည့်တတ်တဲ့သူတွေက ဘယ်လိုဖြစ်ကုန်တာလဲ။

ဘိုးညီတင့်။ ။ ဘာဖြစ်ရမလဲကွာ။ မနှစ်ကစိုက်ထားတဲ့သီးနှံတွေမရောင်းရသေးဘူး။ ပုပ်တာပုပ်။ ပျက်တာပျက်နဲ့။ ဒီနှစ်အတွက်အရင်းမရှိသေးဘူး။ ချေးထားတဲ့ကြွေးတွေကလဲ ခြောက်လှန့်တောင်းခံနေကြတယ်။ တချို့ဒေသတွေကျလည်း ရာဇတောဝါနဲ့တွေ့တော့ ထွန်ရေးပြင်ဖို့နေနေသာသာ တောထဲကိုအသက်လုထွက်ပြေးနေရတယ်။ ရှေ့နှစ်ခါတော့ ဗမာပြည်ရိက္ခာပြတ်ပြီမှတ်ပေတော့။
ဇကလေး။ ။ အေးဗျာ။ ဒီကြားထဲကပ်ရောဂါကလဲနှိပ်စက်နဲ့။ ဒါ့ထက်ကိုမြင့်ထူးတို့။ ကိုတင်ဇော်ထွန်းတို့ကောကျန်းမာကြရဲ့လား။
ဘိုးညီတင့်။ ။ ကျန်းမာကြပါတယ်ဗျာ။ ဒါပေမဲ့ ဒို့တရွာလုံးအနံ့ပျောက်နေတယ်ကွ။

ဇကလေး။ ။ ဟောဗျာ။ ဖျားနေကြတာလား။
ဘိုးညီတင့်။ ။ မဖျားပါဘူးကွာ။ ငွေနံ့ကြေးနံ့။ သားငါးနံ့ပျောက်နေလို့ပြောတာပါ။ ကပ်ရောဂါဖြစ်တော့လည်း ဘာတတ်နိုင်မှာတဲ့တုန်း။ မင်းတို့မြို့မှာတောင်မလွယ်တဲ့ဥစ္စာ။ အောက်ဆီဂျင်ကရွှေထက်ရှားတယ်ဆို။ငွေကြေးဩဇာအာဏာအတွက် လေကိုတောင်အသုံးချနေလိုက်ကြတာ။ဘုရား ဘုရား။

ဇကလေး။ ။ ဘိုးညီတင့်ကလည်း ခုမှလေကိုအသုံးချနေတာမဟုတ်ပါဘူးဗျာ။ ဘိုးတော်ဘုရားလက်ထက်ကလည်း လေဝန်မင်းအမတ်ကြီးဦးပေါ်ဦး လေနဲ့ငွေရှာခဲ့တာဘဲမဟုတ်လား။ ခုအဲဒီအကြောင်းလေးတွေပြောချင်လို့ ဘိုးညီတင့်ဆီ ဖုန်းဆက်တာဗျ။
ဘိုးညီတင့်။ ။ ပြောစမ်းပါအုံးဇကလေးရ။ဝမ်းသာစရာသတင်းလား။
ဇကလေး။ ။ ဝမ်းသာစရာပေါ့ဗျ။ အခုကျနော်တို့မြို့မှာဆေးရုံအားလုံးဖွင့်လိုက်ပြီဗျ။ အောက်ဆီဂျင်မလုံလောက်မှာ။ ကျန်းမာရေးလုပ်သားမရှိမှာ မပူရတော့ဘူး။ စီဒီအမ်ဝန်ထမ်းတွေလဲအလုပ်ပြန်ဝင်နေကြပြီဗျ။
ဘိုးညီတင့်။ ။ ဟုတ်ရဲ့လားဇကလေးရာ။ ဝန်ထမ်းတွေ ၅၀၅ ထုတ်ခံရလို့ ရှောင်ပုန်းနေကြတာမဟုတ်လား။

ဇကလေး။ ။ အခုစစ်အစိုးရက ကျန်းမာရေးဝန်ထမ်းတွေအားလုံးမူလရာထူးအတိုင်းအလုပ်ပြန်ခန့်သဗျ။ စီဒီအမ်လုပ်ထားတဲ့လတွေအတွက်ပါ လစာလည်းထုတ်ပေးသတဲ့ဗျ။ ထောင်ထဲမှာထည့်ထားတဲ့ဆရာဝန်သူနာပြုတွေကိုလည်း ပြန်လွှတ်ပေးလိုက်ပြီ။ ဆေးရုံ၊ စာသင်ကျောင်း၊ ဘာသာရေးအဆောက်အအုံတွေမှာစွဲထားတဲ့တပ်တွေကိုလည်း တန်းလျားပြန်ခိုင်းလိုက်ပြီ။ ကပ်ရောဂါတိုက်ဖျက်ရေးမှာကျန်းမာရေးဝန်ထမ်းတွေကို အာဏာကုန်လွှဲလိုက်ပြီဗျ။ သူတို့ကိုယ်တိုင်လည်း ကျန်းမာရေးဝန်ကြီးဌာနကအမိန့်တွေကို တသွေမတိမ်းလိုက်နာပါမယ်တဲ့ဗျာ။
ဘိုးညီတင့်။ ။ ဟေ။ တယ်ဟုတ်ပါလား။

ဇကလေး။ ။ ဒါတင်ဘယ်ကမလဲ။ ပရဟိတအသင်းတွေကိုလည်းလွတ်လွတ်လပ်လပ်လုပ်ကုိင်ခွင့်ပေးလိုက်တယ်ဗျ။ သူတို့မှားယွင်းသိမ်းထားမိတဲ့ကားတွေ၊ရန်ပုံငွေတွေလည်းပြန်ပေးသတဲ့။ ၅၀၅ နဲ့ဖမ်းထားတဲ့ပရဟိသမားတွေကိုလည်းပြန်လွှတ်ပေးလိုက်ပြီ။ အမေစုတုန်းကလှူတဲ့တန်းတဲ့ခရိုနီတွေလည်း လွှတ်တဲ့အထဲပါသဗျ။
ပြီးတော့ ဟိုဆတော်ကြီးသိတယ်မို့လား။ ဒေါက်တာဆတော်ကြီးလေ။
ဘိုးညီတင့်။ ။ မင်းတို့အားမငယ်နဲ့ငါတို့သံဃာလေးသိန်းရှိတယ်ဆိုတဲ့ဆတော်ကြီးလား။
ဇကလေး။ ။ ဟုတ်ပ။ အဲဒီဆတော်ကြီးကသူ့ကျောင်း။ ဆေးရုံတွေအားလုံးစိတ်ကြိုက်သုံးခွင့်ပေးတဲ့အပြင် သူ့သံဃာလေးသိန်းကိုလည်းဗော်လံတီယာလုပ်စေသတဲ့။
ဘိုးညီတင့်။ ။ အော်အဝိဇ္ဇာကနေ ဝိဇ္ဇာဖြစ်သွားပါပေါ့လား။ သာဓု။ သာဓု။ သာဓု။

ဇကလေး။ ။ ဒါတင်မကသေးဘူးဗျ။နိုင်ငံတကာအကူအညီတွေလည်းချက်ချင်းလာမယ်တဲ့။ တရုတ်နဲ့ရွတ်ရှက တပတ်အတွင်းဆေးရုံကြီးဆယ်ရုံဆောက်ပေးမတဲ့။သူတို့ဆီကဆရာဝန်တွေလဲပါမယ်တဲ့။ ကာကွယ်ဆေးကိုဒီနှစ်ကုန်အပြီးထိုးနှံပေးဖို့ကုလသမဂ္ဂကလည်းစီမံနေသတဲ့။ အာဆီယံနိုင်ငံ‌ေတွကလည်းဆေးဝါးတွေ၊ဆရာဝန်တွေစေလွှတ်မတဲ့ဗျ။
ဘိုးညီတင့်။ ။ ဒီခြောက်လအတွင်းမနက်မိုးလင်းကတည်းက အနိဌာရုံသတင်းတွေဘဲနေ့စဉ်ကြားနေရတာ။ မင်းဒီတခါဖုန်းဆက်တာ မင်္ဂလာရှိလိုက်လေဇကလေးရာ။

ဇကလေး။ ။ မင်္ဂလာရှိမနေနဲ့ဘိုးညီတင့်။ အဲဒါတကယ်မဟုတ်ဘူး။ ညကကျနော်မက်တဲ့အိပ်မက်။ အိပ်မက်ကလေးကောင်းလွန်းလို့ ဘိုးညီတင့်ကိုမျှဝေလိုက်တာ။
ဘိုးညီတင့်။ ။ ခွေးမသားဇကလေး။ လူကြီးကိုမနောက်ကောင်းနောက်ကောင်း။ ဟိုလူကြီးကိုဝိုင်းဆဲသလိုငါဆဲမိတော့မယ်။ မြွေယိုးလေး။

တိုင်းရင်းသားညီအစ်ကိုများစုစည်းတွန်းလှန်
ကပ်အပေါင်းရန်မှ ကင်းဝေးကြပါစေ။

ဘိုးညီတင့်
အာဇာနည်နေ့
-

Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar