Breaking News

မြန်မာပြည်မှာ စစ်တပ်အာဏာသိမ်းပြီး ၅ လ ၁၉ ရက် မြောက်နေ့ မြင်ကွင်း

မြန်မာပြည်မှာ စစ်တပ်အာဏာသိမ်းပြီး ၅ လ ၁၉ ရက် မြောက်နေ့ မြင်ကွင်း

(မိုးမခ) ဇူလိုင် ၁၉၊ ၂၀၂၁

ခြောက်ကပ်နေတဲ့ ရန်ကုန်

ရန်ကုန်မြို့အပါအဝင် တနိုင်ငံလုံးကို အာဇာနည်နေ့ ရုံးပိတ်ရက်၊ ဝါဆိုလပြည့်ရုံးပိတ်ရက်၊ ကြားထဲ အစ္စလာမ်ဘာသာဝင်တွေရဲ့ အိဒ်နေ့ ရုံးပိတ်ရက်တွေ ကို ဆက်ပြီး ၉ ရက်တာ ရုံးပိတ်ရက်အဖြစ် ကြေညာလိုက်ပြီး လူအများ တတ်နိုင်သမျှ နေအိမ်တွေမှာသာနေကြဖို့ စစ်ကောင်စီက နှိုးဆော်ခဲ့ပါတယ်။

ဒီနေ့က အာဇာနည်နေ့လည်း ဖြစ်၊ ကိုဗစ်ရဲ့ ဂယက်နဲ့ ရန်ကုန်မြို့ထဲမှာ လူတွေကားတွေ ရှင်းလင်းနေတာတွေ့ရပါတယ်။ ခါတိုင်း ကားတွေ လူတွေနဲ့ ပြည့်နေတဲ့ စျေးတဝိုက်မှာလည်း ကားအနည်းငယ်သာတွေ့ရပြီး စျေးထဲမှာလည်းဆိုင်တိုင်းမဖွင့်ကြပါ။ အများပြည်သူ အလုပ်ပိတ်ရက်နဲ့ ကိုဗစ်ကူးစက်မှုကြောင့် လို့ယူဆရပါတယ်။

စျေးထဲ ဟင်းရွက်ရောင်းသူတွေ အသားငါးရောင်းသူတွေ အများစုက မက်စ်တပ်ထားကြပါတယ်၊ အနည်းငယ်သော စျေးရောင်းသူတချို့ကတော့ မက်စ်မတပ်ကြပါဘူး။ နေ့လည်နေ့ခင်း ရန်ကုန်မြို့ကို လှည့်ပတ်ကြည့်တဲ့အခါမှာလည်း ဥသြသံပေးပြီးသွားနေတဲ့ လူနာတင်ကားတွေက လမ်းမကြီးတွေပေါ်မှာ ဥဒဟို သွားနေကြပါတယ်။ အိမ်စီးကား အချို့၊ ဘတ်စကားအနည်းအကျဥ်း၊ တက်စီအချို့တို့သာ လမ်းပေါ်မှာတွေ့ရပါတယ်။

ရန်ကုန်ဆေးရုံကြီး အရေးပေါ်ဌာနရှေ့မှာ လူနာတင်ကားတစီး ခေါင်မိုးပေါ်က အချက်ပြမီးဖွင့်ထားပြီး ကားပေါ်မှာ လူနာတဦး တင်လျှက်သား တွေ့ရကာ ပုံမှန်အခြေအနေမျိုးလို အရေးပေါ်ဌာနရှေ့ တက်စီကားတွေ လူနာရှင်တွေ ဝင်လိုက်ထွက်လိုက် လုပ်နေတာတွေ မမြင်တွေ့ရပါဘူး။

ဗိုလ်ချုပ်လမ်းဘက် ဆေးရုံကြီးဝင်းထဲမှာလည် စိမ်းပြာရောင် ကိုဗစ်ကာကွယ်တဲ့ အဝတ်တွေ ခေါင်းဆောင်းတွေ ဝတ်ထားတဲ့ ဆေးရုံဝန်ထမ်းတချို့ ဝင်းထဲသွားလာနေတာ မြင်ရပေမယ့် ကားအများအပြား ရပ်နားထားတာ မမြင်တွေ့ရပါဘူး။

ဆူးလေဘုရားလမ်း၊ အလံပြဘုရားလမ်း၊ ဘူတာကြီးတဝိုက် ၊ ပန်းဆိုးတန်း ၊ မဟာဗန္ဓုလလမ်း တလျောက်လုံး အသွားအလာသိသိသာသာ ရှင်းလင်းနေတာမြင်ရပါတယ်။လမ်းဆုံတွေရဲ့ မီးပွိုင့်တွေမှာတော့ ရေသန့်ရောင်းသူ ၊ ပိုက်ဆံတောင်းတဲ့ ကလေးငယ်၊ မသန်စွမ်းသူတချို့ က နေ့စဥ်တွေ့နေကြအတိုင်း တွေ့ရပါတယ်။

ကိုယ်တွေက ကိုဗစ်ကူးစက်ခံရမှာ စိုးရိမ်ကြောက်လန့်လို့ အပြင်မထွက်ရဲကြ၊ တခြားသူတွေနဲ့ ထိတွေ့မှု ဖြစ်မှာကို တတ်နိုင်သမျှ ရှောင်ရှားကြတဲ့ အခြေအနေမှာ လမ်းဆုံမီးပွိုင့်တွေမှာ မိနစ်နဲ့အမျှ လာတဲ့ကားတွေပေါ်က သူတွေကို စျေးရောင်းတာ၊ ပမာဏအနည်းငယ်သော ပိုက်ဆံတောင်းတာတွေ လုပ်နေကြတာကို တွေးကြည့်ပြီး သူတို့ကိုယ်စား စိတ်မကောင်းဖြစ်မိတယ်။ သူတို့တင်မက စျေးတွေမှာ စျေးရောင်းနေသူတွေ လမ်းမှာရပ်နားထားပြီး ခရီးသည်ရဖို့စောင့်နေတဲ့ ဆိုက်ကားဆရာတွေ သူတို့လည်း ကျန်းမာရေး အန္တရာယ်ရှိလျက်နဲ့ စွန့်စားပြီး ဝမ်းစာရှာရသူတွေ ဖြစ်ပါတယ်။

ရန်ကုန်မြို့ရဲ့ အသေအပျောက် ကိန်းဂဏန်းတွေက မကျဆင်းသေးသလို တန့်လည်းမတန့်သေးပါဘူး၊ တရက်ထက်တရက် မသိမသာမြင့်တက်နေဆဲဖြစ်ပါတယ်။ ဒီနေ့ည စစ်ကောင်စီရဲ့ သတင်းထဲမှာ ရန်ကုန်မြို့ ရှိ သုဿန်ကို ရောက်လာတဲ့ သေဆုံးသူ အရေအတွက်ကို ဖေါ်ပြရာမှာ ဇူလိုင် ၁၈ ရက်နေ့မှာ ၁၂၃၀ ကျော်လို့ဆိုထားပါတယ်။ ဇူလိုင်လ ၁ ရက်နေ့က ၁၅၃ ဦး ဖြစ်ပြီး ဇူလိုင် ၁၁ ရက်နေ့မှာ ၅၆၂ ဦးရှိရာက ဇူလိုင်ဒုတိယပတ် ကုန်မှာ အရေအတွက် ထောင်ကျော်ကို မြင့်တက်ခဲ့တဲ့ အနေအထားမျိုးဖြစ်ပါတယ်။ ခုရက်တွေအထိ သေဆုံးမှုက မသိမသာ မြင့်တက်နေဆဲ အရေးပေါ်လူနာတင်ကားသံတွေ နံနက်မှ မိုးချုပ်သည့်တိုင် ကြားနေရဆဲ၊ ရန်ကုန်မြို့မှာ မဖျားသေးတဲ့ မိသားစု ၊ အိမ်တဖြည်းဖြည်း နည်းပါးလာနေပြီး ဝမ်းနည်းကြေကွဲဖွယ် ရာကောင်းတဲ့ မိသားစု အများအပြားလည်း သူတို့ရဲ့ မိခင်၊ ဖခင်၊ မောင်နှမ၊ အဖိုးအဖွားတွေ ဆုံးရှုံးကြရတာ ကြားသိနေရပါတယ်။ တဦးမက အသက်ဆုံးရှုံးရတဲ့ မိသားစုတွေလည်း အများအပြားရှိပါတယ်။ ဒဂုံအရှေ့မြို့နယ်က သားအဖနှစ်ဦး ရဲ့ အဖြစ်ကိုကြည့်မယ်ဆိုရင် ၂ ဦးစလုံးသေဆုံးသွားရတဲ့ အဖြစ်က ကြေကွဲဖွယ် ယခုရန်ကုန်မြို့မှာ ဖြစ်နေတဲ့ အခြေအနေကို ထင်ဟပ်နေတဲ့ အဖြစ်အပျက်တခုလို့ဆိုရမယ် ထင်ပါတယ်။

ဒီအခြေအနေကို ဘယ်လိုလျော့ချနိုင်မလဲ ဆိုတဲ့မေးခွန်းကို ဖြေဆိုဖို့ရာ အလွန်ခက်ခဲမယ့် အနေအထား ဖြစ်နေပါပြီ။ လိုအပ်တဲ့ ဆေးကုသမှု မရရှိနိုင်တာက အခုလိုအသေအပျောက်များခြင်းရဲ့ အရင်းခံ အကြောင်းအချက်ဖြစ်ပေမယ့် အဲဒီအကြောင်းရင်းခံကို ဖြေရှင်းနိုင်မယ့် အခြေအနေ လောလောဆယ်ရှိမနေဘူးလို့ ဝမ်းနည်းစွာ ပြောရမယ့် အနေအထားရောက်ရှိနေပါတယ်။

ဆိုရှယ်မီဒီယာမှာ တွေ့မြင်နေရတဲ့ အများဆုံးသော ပုံရိပ်တွေက နောက်ဆုံးခရီး ဖြစ်တဲ့ သေဆုံးခြင်း ၊ သုဿန်သို့ သယ်ဆောင်ခြင်း သုဿန်မှာ သဂြိုဟ်ခြင်း ဖြစ်ပါတယ်။

အဲဒီအဆင့်မတိုင်ခင် ဝေဒနာခံစားရခြင်းနဲ့ အောက်စီဂျင် ရရှိဖို့ ရှာဖွေရတဲ့၊ အောက်စီဂျင်ဖြည့်တဲ့ဆီမှာ တန်းစီရတဲ့ မြင်ကွင်း အဲဒီမြင်ကွင်းတွေက အများဆုံးဖြစ်ပြီး ဆေးရုံဆေးခန်းမှာ ကုသဖို့ သွားရောက်တာ ကုသတဲ့ မြင်ကွင်းက အနည်းအကျဥ်းသာရှိတာတွေ့ရမှာ ဖြစ်ပါတယ်။

ခုနေခါမှာ ဒီအဖြစ်အပျက်တွေ ဒီအခြေအနေတွေကို ရန်ကုန်မြို့နေလူထုက လက်မခံချင်ပေမယ့်လည်း လက်ခံထားရပြီး ကိုယ့်အလှည့်ဘယ်တော့ရောက်လာမလဲ ဆိုတာကို စောင့်ဆိုင်းရင်း လှုပ်ရှားသွားလာနေရတဲ့ အခြေအနေဖြစ်မျိုးလို့ တွေ့မြင် ခံစားမိပါတယ်။

အာဏာကိုသိမ်းထားတဲ့ စစ်ကောင်စီအနေနဲ့ ကျန်းမာရေးနဲ့ပတ်သက်တဲ့ ကျရောက်နိုင်တဲ့ အန္တရာယ် ထက်ကို အာဏာကို ထိန်းချုပ်နိုင်ဖို့ပဲ စိတ်ဝင်စားပြီး ဖမ်းဆီး ဝရန်းထုတ်၊ CDM ဝန်ထမ်းတွေကို ထုတ်ပယ် စတဲ့ ကိစ္စတွေနဲ့ ပြီးခဲ့တဲ့ ၅ လကျော်လုံး အချိန်ကုန်လာခဲ့ပြီး ခုအခါမှာတော့ နိုင်ငံက စစ်ဘေး အကြပ်အတည်းကနေ ကပ်ဘေးအကြပ်အတည်းကို ထပ်ဆင့်ခံစားနေရတဲ့ အခြေအနေဖြစ်ပါတယ်။ ရန်ကုန်မှာ လူထုပြုစုရေးလုပ်နေတဲ့ ဆရာဝန်တွေ၊ ဗော်လန်တီယာတွေကို စစ်ကောင်စီလုံခြုံရေးအဖွဲ့တွေက ထောင်ခြောက်ဆင်ဖမ်းဆီးနေတဲ့ သတင်းကြောင့် စစ်ကောင်စီဟာ ကိုဗစ်ကပ်ဆိုးကို သူတို့အာဏာဆုပ်ကိုင်ရေးအတွက် အသုံးချနေတာ ထင်ရှားတဲ့ သက်သေပါပဲ။ ရန်ကုန် မန္တလေးနဲ့ နယ်မြို့အသိးသီးမှာလည်း စစ်ကောင်စီဆန့်ကျင်သူတွေကို လိုက်လံရှာဖွေဖမ်းဆီးတာတွေ အရှိန်မြှင့်နေဆဲ ဖြစ်ပါတယ်။

နာဂစ်မုန်တိုင်းကို အခွင့်ကောင်းယူပြီး ၂၀၀၈ အခြေခံဥပဒေကို အတင်းအဓမ္မပြဌာန်းကာ စစ်အာဏာရှင် အဓွန့်ရှည်ရေး အုတ်မြစ်ချပေးခဲ့သူ စစ်ခေါင်းဆောင် သန်းရွှေကဲ့သို့ ကိုဗစ်ကပ်ရောဂါပိုးကို အခွင့်ကောင်းယူပြီး လူထုသေဆုံးပျက်စီးနေတာကို လက်ပိုက်ကြည့်နေတဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ဟာ လူထု၏ အလောင်းပုံတွေပေါ်မှာ စစ်အာဏာရှင်စနစ် တည်မြဲခိုင်မာအောင်ဘဲ ဆက်လက်တည်ဆောက်နေတာ ဖြစ်ပါတယ်။

သည်စာကို အဆုံးသပ်နေချိန် ညနေပိုင်းမှာ ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်ကို UNHCR ကယ်ဆယ်ရေးကားတန်းတတန်းဝင်ပြိး ကိုဗစ်ကာကွယ်ရေးပစ္စည်းများ၊ လူ့အသုံးအဆောင်ပစ္စည်များ ဒေသခံများထံ တိုက်ရိုက်ကူညီမှုတွေ လုပ်ဆောင်ခဲ့တယ်လို့ သတင်းဖတ်ရပါတယ်။

Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar