Breaking News

ရည်ရွယ်ချက်ရှိရှိ အစီအစဉ်တကျ စစ်အာဏာရှင်တစုရဲ့သမိုင်းဖျောက်ပုံ

ရည်ရွယ်ချက်ရှိရှိ အစီအစဉ်တကျ 
စစ်အာဏာရှင်တစုရဲ့သမိုင်းဖျောက်ပုံ
မောင်မှိုင်းလွင်(အင်းဝ) ဖေ့ဘုတ်မှကူးယူ
(မိုးမခ) ဇူလိုင် ၂၀၊ ၂၀၂၁     


၁၉၆၂ မတ် ၂ ရက် ဗိုလ်နေဝင်းအာဏာသိမ်းအပြီး ပထမဆုံးထုတ်ပြန်ခဲ့တဲ့ တော်လှန်ရေးကောင်စီရဲ့ဥပဒေအမှတ် (၁)ဟာ ၆၂ ဧပြီ ၁၂ ( အာဏာသိမ်းပြီး တလနဲ့ ၁ဝ ရက်အကြာ)နေ့မှာထုတ်ပြန်တယ်။ အဲဒီဥပဒေကတော့ "အာဇာနည်ဗိမ္မာန်အက်ဥပဒေကိုဖျက်သိမ်းသည့်ဥပဒေ" ဖြစ်တယ်။ အာဏာသိမ်းပြီး ၂ လနဲ့ရ ရ က်အကြာ မေ ၉ ရက်မှာ ဥပဒေအမှတ် ၂ နဲ့ ၃ ကိုထုတ်ပြန်လိုက်ပြန်တယ်။ 

"ရန်ကုန်တက္ကသိုလ်နဲ့မန္တလေးတက္ကသိုလ်အက်ဥပဒေကိုဖျက်သိမ်းသည့် ဥပဒေ" ။ 
ရည်ရွယ်ချက်ရှိရှိ အစီအစဉ်တကျပါပဲ။ ကိုအောင်ဆန်း နာမည်စတင်လျှမ်းလျှမ်းတောက်လာတဲ့ ဘူမိနက်သန် တ က သ နဲ့ ဗ က သ ကိုဖြိုဘို့ ပထမခြေလှမ်း။ဗိုလ်ချုပ်အောင်ဆန်းနဲ့ အာဇာနည်တွေရဲ့ဗိမ္မာန်ကို ပေလျာယကံပြုပြီး ဗိုလ်ချုပ်ရဲ့သမိုင်းကိုတိမ်ကောအောင်ပြုမယ့် ကနဦးတိုက်ကွက်။

နောက် အာဏာသိမ်းပြီး ၄ လ ၅ ရက်အကြာ ကျောင်းသားရာကျော်ကိုပစ်သတ် သမဂ္ဂ အဆောက်အဦ ကိုဗုံးခွဲသမိုင်းဖျောက်ဖို့စီမံကိန်းချကြိုးစားကျူးလွန်ခဲ့ပြန်တယ်။

အဲဒီလိုနဲ့ ဗိုလ်ချုပ်ပုံပါတဲ့ငွေစက္ကူတွေကို တရားမဝင်ကြောင်းကြေညာ တစတစ ဗိုလ်ချုပ်ကိုဓာတ်ပုံကစ သမိုင်းထဲက ပ ထုတ်ဖို့ကြံစည်လာတယ်။
အာဇာနည်နေ့ ဥသြဆွဲတာတွေပယ်ဖျက်အဖြစ်လောက် စတိသဘောပဲ ဟန်ပြသာ ကျင်းပခဲ့ကြတယ်။
ဗိုလ်ချုပ်ကျဆုံးတာ ၁၉၄၇ ဇူလိုင် ၁၉။

တိုင်းပြည်လွတ်လပ်ရေးအတွက်ကြိုးစားလုံးပန်းရင်းကျဆုံးရရှာတဲ့ ဗိုလ်ချုပ်နဲ့အာဇာနည်များရဲ့ ဈာပန ကိုလွတ်လပ်ရေးရပြီးမှ သင်္ဂြိုဟ်ကြဘို့ ခေါင်းဆောင်များကဆုံးဖြတ်ကြတယ်။ ရုပ်ကလပ်တွေကို ဂျုဗလီဟောမှာထားပြီး အများပြည်သူ ဂါရဝပြုနိုင်အောင်စီစဉ်ပေးခဲ့ကြတယ်။

အာဇာနည်များကျဆုံးပြီး ရုပ်ကလပ်များကို ဂျူဗလီဟောမှာ ၉ လနီးပါးအလေးပြုခံစေခဲ့တာပါ။ လွတ်လပ်ရေးရအပြီး  ၁၉၄၈ ဧပြီလရောက်မှ အာဇာနည်ကုန်းမှာ ဂူသွင်း သင်္ဂြိုဟ်ကြပါတယ်။
အဲဒီ ဂျူဗလီဟောဆိုတာ ကိုအောင်ဆန်းတို့ ဗ က သများအဖွဲ့ချုပ် စတင်ဖွဲ့စည်းတဲ့ ၁၉၃၆ ကျောင်းသားညီလာခံကျင်းပခဲ့တဲ့ သမိုင်းဝင်နေရာ။ အာဇာနည်များရဲ့ရုပ်ကလပ် ၉ လနီးပါးစံထားရာ ရာဇဝင်တွင်ခဲ့တဲ့ အဆောက်အဦ။
နိုင်ငံရေးသားကြောဖြတ်ချင်သူ၊ သမိုင်းဖျောက်လိုသူ  စစ်အာဏာရှင်အမွေဆက်ခံသူများက  (ပုံ) အဲဒီ သမိုင်းဝင် ရှေးဟောင်းအဆောက်အဦကိုလည်း ဖြိုဖျက် အစဖျောက်ခဲ့ကြလေရဲ့။
ကိုအောင်ဆန်းရဲ့ တ က သ နဲ့ ဗ က သ ကို အမြစ်ဖြတ်ချေမှုန်းဘို့ကြိုးစားကြတယ်။

ဗိုလ်ချုပ်အောင်ဆန်းတည်ထောင်ခဲ့တဲ့ ပြည်သူ့တပ်မတော်ကို ခါးပိုက်ဆောင်တပ်ဖြစ်အောင်ဖျက်ဆီးကြတယ်။ သခင်အောင်ဆန်းရဲ့ယုံကြည်ချက် ရပ်တည်ချက် ပြည်သူကိုအလုပ်အကျွေးပြုချက် သဘောတရားရေးရာ ဝါဒရေးရာ ဘာသာရေးနဲ့နိုင်ငံရေး မရောထွေးရဆိုတဲ့ တိုးတက်အမြင်တွေကို ရှုပ်ထွေးအောင် ဖန်တီးလုပ်ကြံခဲ့ကြတယ်။
စစ်အာဏာရှင်တွေကတော့ အစီစဉ်တကျ ရည်ရွယ်ချက်ရှိရှိကို ယုတ်မာကောက်ကျစ်ခဲ့ကြတာ။
မေ့နေမှာစိုးလို့။

အာဇာနည်နေ့အကြို သတိတရ တွေးမိတာလေးပါ။
၂၀၁၇ ဇူလိုင် ၁၈ ရက်
မူရင်းမသိ- မောင်မှိုင်းလွင်(အင်းဝ) ဖေ့ဘုတ်မှကူးယူ
-
Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar