Breaking News

မင်းညွန့်လှိုင် - ဇူလိုင်လ ၁၉ ရက် သတိရခြင်းများမှတ်စု

ဇူလိုင်လ ၁၉ ရက်
သတိရခြင်းများမှတ်စု
မင်းညွန့်လှိုင်
(မိုးမခ) ဇူလိုင်လ ၁၉၊ ၂၀၂၁

၁။

မိုးမှုန်ဝေဝေညတွေမှာ ရေဒီယိုဟောင်းလေးထဲက သူ့စကားပြောသံသြသြကို မိုးသံလေသံတွေကြားထဲကမနည်းနားစိုက်ထောင်ရတယ်။
အဲဒီတုန်းက ပြားစေ့ကနေ ရာတန်အထိ သူ့ရုပ်ပုံလွှာကိုနေ့စဥ်မြင်တွေ့နေရတယ်။
အာဇာနည်နေ့နီးပြီဆို သူ့မိန်းခွန်းကောက်နှုတ်ချက်ကို နေ့စဥ်သတင်းစာမှာရိုက်နှိပ်ဖော်ပြနေကျ။
ဇူလိုင်လ၁၈ရက်ညဆိုရင်တော့ မြို့ဆော်ကြီးကိုသန်းဆောင်ရဲ့ မမေ့နိုင်စရာအသံကိုကြားရပြီ။
"ရပ်ကွက်အတွင်းရှိ လုပ်သားပြည်သူအပေါင်းတို့ခင်ဗျား...."
နောက်တနေ့ မနက်၁၀ နာရီ ၃၇မိနစ်တိတိမှာတော့ ဦးဝင်းဖေဆန်စက်က ဥသြဆွဲသံကြီးကို ဆွေးဆွေးမြေ့မြေ့ကြားရပါတော့တယ်။

၂။

ကျနော်တို့ကျောင်းမှာနှစ်စဥ် အာဇာနည်နေ့အကြိုဟောပြောပွဲနဲ့နံရံကပ်စာစောင်ပြုလုပ်လေ့ရှိတယ်။
စာပေယဥ်ကျေးမှုအနုပညာနဲ့ရာဇဝင်ရေးအမှန်တရားကိုအာဇာနည်နေ့ကပေါင်းကူးသွယ်ဆက်ပေးခဲ့တာပေါ့။
ကျနော်မူလတန်းကျောင်းသားဘဝမှာ ကိုမြင့်ဦး(မြင့်အိုတူး)ကအထက်တန်းကျောင်းသားကြီးပေါ့။
သူရေးဆွဲတဲ့ခဲပန်းချီ ဗိုလ်ချုပ်ရုပ်ပုံကပီပြင်လွန်းလို့ အတန်းလွှတ်ချိန်တိုင်းသွားသွားငေးကြည့်နေမိတယ်။
ကျနော်လည်းအားကျပြီးလိုက်ဆွဲကြည့်တာ ကျနော့်အစ်ကိုကြီးကိုမြင့်ဦး (လွှတ်တော်ကိုယ်စားလှယ် ကွယ်လွန်)က "လှိုင်ကြီး မင်းဆွဲတဲ့ဗိုလ်ချုပ်ပုံက ငဇီး(ကျနော့်အစ်ကိုငယ်)နဲ့တူနေတယ်ကွ.." လို့ ရယ်ကျဲကျဲနဲ့မှတ်ချက်ချပါတယ်။
ဆရာဒဂုန်တာရာရဲ့ရုပ်ပုံလွှာစာအုပ်ထဲက "အောင်ဆန်း သို့မဟုတ် အရိုင်း" ကိုဖတ်ရတော့ ဦးအောင်ဆန်းရဲ့လူ့အဖြစ်ကို ထင်ထင်လင်းလင်းမြင်လိုက်ရပါတယ်။

.."သူသည် ရိုင်း၏။ကြောင်၏။
သို့သော်ကိစ္စမရှိ..။"

၃။

၁၃၅၀ပြည့်နှစ်(၁၉၈၈)အရေးတော်ပုံကြီးမှာ လူထုက သူ့ရုပ်ပုံလွှာကိုကိုင်ဆောင်ပြီး ဆန္ဒပြကြတယ်။
ကျဆုံးသွားတဲ့ ကျောင်းသူမလေး ဝင်းမော်ဦးကလည်း သူ့ရုပ်ပုံလွှာကိုကိုင်ဆောင်လို့ပေါ့။
စစ်အုပ်စုအဆက်ဆက်ဟာ ပုဂ္ဂိုလ်ရေးအာဃာတနဲ့ အာဇာနည်နေ့ကို ဗိုလ်ချုပ်ပုံရိပ်ကိုမှေးမှိန်စေခဲ့တယ်။
လူထုခေါင်းဆောင်နေအိမ်အကျယ်ချုပ်ကျစဥ်ကအာဇာနည်နေ့တွေဟာ ကျနော်တို့ရဲ့အလွမ်းဇာတ်တွေပါပဲ ။

၄။

အိမ်သူရဲ့မြို့ကလေးကို ပထမဆုံးရောက်ရှိစဥ်က မြို့လယ်လမ်းဆုံမှာ ဗိုလ်ချုပ်ရဲ့ ရွှေရောင်ရုပ်တုကိုမြင်လိုက်ရတော့
ကျနော်ကျေနပ်သွားတယ်။
ကျနော်ခဏခဏဓာတ်ပုံရိုက်တယ်။ပုံဆွဲတယ်။
သားကြီးကတောင်"ဖေဖေကဒါပဲ ခဏခဏဆွဲနေတာပဲ.."တဲ့။
မြို့တိုင်းနယ်တိုင်းမှာ ဗိုလ်ချုပ်ရုပ်တုတွေသာမက သက်ဆိုင်ရာတိုင်းရင်းသားအာဇာနည်တွေအပါအဝင် နိုင်ငံရေး လူမှုရေး ယဥ်ကျေးမှုရေးရာက မမေ့အပ်သူတွေရဲ့ ရုပ်တုတွေ အထိမ်းအမှတ်အမှတ်တရတွေ စိုက်ထူ ထူထောင်ထားမယ်ဆို ဘယ်လောက်ကောင်းမလဲလို့ တွေးနေမိပါတယ်။

၅။

အသက်တွေအရွယ်တွေကရှေ့ကို သွားနေပေမယ့် ခေတ်သမိုင်းကြီးက ရှေ့တိုးနောက်ဆုတ်နဲ့ တအိအိရွေ့နေတယ်။
နိုင်ငံတော်အာဏာကို လေးကြိမ်မြောက်လုယက်ခံရခြင်းဖြစ်တဲ့ ဖေဖော်ဝါရီ၁ရက်နေ့ကအနက်ရောင်ရက်စွဲတစ်ခုဖြစ်ခဲ့ပြန်ပါပြီ။
ချစ်သောလူငယ်တွေ ချစ်သောလူထုတွေ အာဇာနည်တွေရာချီ ထောင်ချီ စတေးနေရပြန်ပါပြီ။
အာဇာနည်နေ့တစ်နေ့ကိုလည်း ဆိုက်ဆိုက်မြိုက်မြိုက်ကြီးရောက်ရှိလာပြန်ပါပြီ။
အော်...အာဇာနည်တွေနေတဲ့တိုင်းပြည်.....။

မင်းညွန့်လှိုင်
-

Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar