အောင်ဝေး- "ဆဲဗင်းဂျူလိုင် မြစ်ကမ်းပါးမှာ" -( ၇ ) ဇူလိုင် အရေးတော်ပုံ -၅၉ နှစ် အထိမ်းအမှတ်ကဗျာ
ဆဲဗင်းဂျူလိုင် မြစ်ကမ်းပါးမှာ
အောင်ဝေး
(မိုးမခ)
ဇူလိုင် ၇၊ ၂၀၂၁
ကဗျာကို
စစ်တိုက်သလို
ငါရေးတယ်။
ငါ မရေးရင်
(ငါ မတိုက်ရင်)
စစ်သံဖနောင့်အောက်မှာ
(အမှောင်ခေတ်ထဲမှာ)
ငါ ရှုံးမယ်
(ငါ သေမယ်)
ဒီမြစ်
ဘယ်လို စီးဆင်းလာသလဲ။
အနင်းခံတဲ့စပါး သန်တယ်
အကျဉ်းစံငှက် မြင့်မြင့်ပျံနိုင်တယ်။
ဆဲဗင်းဂျူလိုင်မြစ်ကမ်းပါးမှာ
ငါဟာ
အခုထိ
ခွပ်ဒေါင်းစိတ်ဓာတ်နဲ့။
သေချာတယ်
နံနက်ခင်း စပါးခင်းတွေထဲ
အလင်းငှက်ကလေးတွေ
သီချင်း မသီနိုင်သေးသမျှ။
ငါဟာ
အသက်(၇၀)အရွယ်
ကျောင်းသားပေါက်စလေးတစ်ယောက်
ဖြစ်နေဦးမှာပဲ။ ။
အောင်ဝေး
(၇၊ ၇၊ ၂၁)
-
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar