Breaking News

ဆာသော်ဒိုး - လူသွား လမ်းကလေး

လူသွား လမ်းကလေး
ဆာသော်ဒိုး
(မိုးမခ) ဇူလိုင် ၂၃၊ ၂၀၂၁
     
     နွေဦးမှာ အခြေချနေထိုင်ရာရန်မကုန်သေးသည့် "ရန်ကုန်" အရပ်မှသည် အဝေးတနေရာပြီး တနေရာဆီသို့ တိမ်းခဲ့လိမ့်ခဲ့ရလေသည်။

     ရောက်ရှိခိုနားရာ အရပ်ဒေသတိုင်းကဒေသခံတွေ၏ "မေတ္တာ" ဖြင့် အသက်ဝဝရှူခဲ့ရပေသည်။ "

 ဟေး...TV က ကာတွန်းဆရာကြီး" ဟု ခေါ်သူခေါ်၊ "ကာတွန်းဆရာကြီး" ဟု ခေါ်သူခေါ်၊ "ဆရာ"ဟု ခေါ်သူခေါ်၊ ထူးထူးခြားခြား "ယောက်ဖ" ဟုခေါ်သူခေါ်ဖြင့် နားခိုရာအရပ်တိုင်းမှာ အေးချမ်းစွာဖြင့် အသက်ဆက်ခဲ့ရပါ၏။

     မြို့တော်ရန်ကုန် ကွန်ကရစ်တောအုပ်ရှိအိမ်ဝရန်တာ အရှည်ဆယ့်သုံးပေအကျယ်ငါးပေဧရိယာမှာ သီးပင်စားပင် ချဉ်ပေါင်၊ ဇီယာ၊ ပင်စိမ်း၊ ငရုတ်၊ ကန်စွန်း၊ ကြက်ဟင်းခါးတို့ကို ပန်းအိုးကလေးများ ရေသန့်ဘူးခွံများဖြင့် ကပ်ကပ်သပ်သပ်စိုက်ပျိုးစားသုံးခဲ့သူဆာသော်ဒိုးကား သူရောက်လေရာဒေသများရှိ မြေကွက်ကျယ်ကျယ်ကြီးများမှာ အသားကုန်စိတ်ကြိုက်တူးဖြစ်ဆွဖြစ် စိုက်ပျိုးဖြစ်ပါလေတော့၏။

     တရွာမှာ နွေခေါင်ခေါင်ကြီး နှစ်ရှည်ပင်များပျိုးဖြစ်ပါ၏။ ဒေသထွက် သရက်၊ တမာ၊ ဒန့်သလွန်၊ကြောင် လျှာ၊ ပိန္နဲ၊ ကုက္ကိုပင်များဖြစ်ပါလေ၏။ နောက်တရွာမှာကျမိုးလေးတစ်ပေါက်နှစ်ပေါက်စမ်းချိန်မှာ သူတို့ပေးသည့်ယာမြေမှာ မိုးတွင်းစာအပင်တွေစိုက်ပါလေ၏။ ပြောင်းတခင်းနှင့် အခင်းဘေးမှာတော့ သခွား၊ ခဝဲ၊ ကြက် ဟင်းခါး၊ ရုံးပတီ၊ပဲတောင့်ရှည်၊ ပဲစောင်းလျား၊ ချဉ်ပေါင်၊ ငရုတ်နှင့် ပင်စိမ်းတွေ စိုက်ဖြစ်ပါလေ၏။

     ရပ်ရွာဒေသအလုပ်တွေကို ဝိုင်းကူလုပ်နေရင်း "မပြီးဆုံးသေးသည့်ပန်းချီကား"ကိုလည်းရောက်သည့်အရပ်မှ ရသည့်ဆေး၊ ရသည့်ကရိယာတို့ဖြင့်ကြိုးစားကာ ဝန်းရံ၍ကူညီရေးဆွဲနေဖြစ်ပါလေ၏။

     မနက်မိုးလင်းတာနှင့်ပေါက်တူးဆွဲကာ ခြံထဲယာထဲသို့ဆင်း၍ သီးပင်စားပင်တွေကို စိတ်ကြိုက်စိုက်ဖြစ်ပါ၏။ ထိုသီးပင်စားပင်တွေကို ပူးတွဲ ပေါက်ရောက်ကာ ဖျက်ဆီးမည့်ပေါင်းပင်မြက်ပင်အမျိုးမျိုးကား သုံးလေးရက်တခါ ထိုးထိုးထောင်ထောင် ထွက်ထွက်လာပါလေ၏။ ရွာထဲကမိတ်ဆွေများက "ပေါင်းသတ်ဆေးဖြန်းလိုက် ကာတွန်းဆရာကြီး" ဟုအကြံပြုကြသော်ငြား ဆာသော်ဒိုးကား နားမဝင်။ ထီမထင်အပြုံးမျက်နှာပေးဖြင့် "ဒီပေါင်းပင်တွေကို ဆေးနဲ့မသတ်ဘူး၊ လက်နဲ့ရှင်းမယ်ဗျ" ဟု ဆိုလေ၏။

     ဆိုသည့်အတိုင်းလည်း လက်တွေ့လုပ်၏။ ပြောင်းပင်တပင်နှင့်တပင်ကို ဆယ့်ခြောက်လက်မလောက်ခြားစိုက်ပြီး တတန်းနှင့်တတန်း ကို သုံးဆယ့်ခြောက်လက်မလောက်ခြားစိုက်ထားသည့်ကြား အပင်ခြေရင်းတွေမှာ အဖျက်ကောင်ပေါင်းပင်ပေါင်းစုံ ပျော်ပျော်ကြီးကိုထိုးထွက်လာတာတွေ့ရ၏။ မင်းတို့သိပ်ပျော်နေကြတယ်လား။
     ဆာသော်ဒိုးကား ပြောက်ကျားဘောင်းဘီရှည်ကို ဒူးအထိလိပ်တင်ကာ သုံးလေးရက်တခါ ထွက်တော်မူလာသည့်အဖျက်ကောင်များကို စိတ်ရှည်လက်ရှည် ဆွဲ၍ဆွဲ၍ ဒလကြမ်းနှုတ်တော်မူနေသည်ကို ဒေသခံများ မြင်ကြရလေ၏။
ထည်ဖြင့်ပေါင်းမလိုက်၊ ပေါက်ပြားဖြင့်ခုတ်မသတ်။

     မိမိ၏လက်အစုံဖြင့်စုကိုင်ကာ "ဗြုတ်ခနဲ ဗြုတ်ခနဲ" မြည်အောင် ကြံဆောင်တော်မူလေ၏။ အားဖြင့်ဆွဲနှုတ်၍ အမြစ်မှကျွတ်ထွက်လာသည့်ပေါင်းအဖျက်သမားအပေါင်းတို့၏နာကျင်စွာအော်ဟစ်သံများကို တချက်နှုတ်တိုင်း တခါကြားရကာ တကြိမ်ပီတိဖြာလျက် တကြိမ်အရသာရှိလှပေသည်တကား။

     တရက် အရသာရှိစွာပေါင်းနှုတ်နေရင်း"လူသွားလမ်းကလေး" ဟူသည့်ရုပ်ရှင်ကားကို ရုတ်တရက်သတိရမိသွားလေ၏။ ကျနော်တို့ငယ်ငယ်တုန်းက ကြည့်ခဲ့ရတဲ့ကား။ ဆရာမ "မစန္ဒာ" ၏ဝတ္ထုဟု စိတ်မှာစွဲထင်နေပါ၏။
"ကျော်ဟိန်း" ဟု မှတ်မိ၏။ မင်းသမီးကိုတော့သိပ်မမှတ်မိတော့ပေ။
     ဇာတ်လမ်းထဲမှာ ကျော်ဟိန်းက သူ့အိမ်ကနေ နေ့စဉ်တူကြီးကိုင်ကာ လမ်းပေါ်သို့ထွက်ထွက်လာလေ၏။ လမ်းပေါ်ရောက်တာနှင့် လမ်းပေါ်မှာရှိရှိသမျှသော ကျောက်ခဲတုံးကြီးများကို ထိုင်ကာ ထုခွဲလေတော့၏။ တတုံးပြီးတတုံး၊ တတုံးပြီးတတုံး၊ တတုံးပြီးတတုံး။

     တဇာတ်ကားလုံး ကျောက်ခဲတုံးကြီးများကို ထုလိုက် ခွဲလိုက် ခြေမွှလိုက်သာ ဖြစ်ပါ၏။
     တစ်နေ့တော့ မင်းသမီးက ကျော်ဟိန်းဘေးမှာလာထိုင်ကာ မေးမြန်းပါလေ၏။

     "နင် နေ့စဉ်နေ့တိုင်း ကျောက်ခဲတုံးကြီးတွေကို ဘာလုပ်ဖို့ ထိုင်ထိုင်ထုခွဲနေတာလဲ "
     " အေး. . .နင့်အမြင်မှာတော့ ငါဟာကျောက်ခဲတုံးကြီးတွေကိုထုခွဲနေတယ်လို့ ထင်မှာပေါ့။ အဲဒါမဟုတ်ဘူး။ အမှန်ကတော့ ငါ့ရင်ထဲက မကျေနပ်ချက်တွေကို ထုခွဲခြေမွှပစ်နေတာဟ "

     အခုလည်း အဖျက်ပေါင်းပင်တွေကို ဆွဲဆွဲနှုတ်နေတာမဟုတ်ပါဘူး။ တိုင်းပြည်နဲ့လူထုကိုဒုက္ခပေါင်းစုံပေးနေကြတဲ့ အဖျက်သမား လူရမ်းကား အဓမ္မကောင် ကလေကဝ ကလေကချေမအလတွေကို စိတ်မျက်စိထဲမှာ ပေါ်အောင် အာရုံစိုက်ပြီးတော့ ဆွဲဆွဲပြီးနှုတ်ပစ်နေတာပါ။
     တကယ့်ကို အရသာရှိကြောင်းပါခင်ဗျာ။

       ဆာသော်ဒိုး
       17-7-2021(Sat) 4:08 PM
-
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar