Breaking News

မြန်မာပြည်မှာ စစ်တပ်အာဏာသိမ်းပြီး ၅ လ ၂၂ ရက် မြောက်နေ့ မြင်ကွင်း



မြန်မာပြည်မှာ စစ်တပ်အာဏာသိမ်းပြီး ၅ လ ၂၂ ရက် မြောက်နေ့ မြင်ကွင်း

(မိုးမခ) ဇူလိုင် ၂၂၊ ၂၀၂၁

မျှော်လင့်ချက် ရောင်ခြည်မမြင်ရသေးတဲ့ အမှောင်မိုက်ဆုံးနေ့ရက်တွေ

ရန်ကုန်မြို့ရဲ့ တနေ့တာ သေဆုံးမှု ကိန်းဂဏန်းတွေ တရိပ်ရိပ် မြင့်တက်နေဆဲဖြစ်ပါတယ်။ ကူးစက်မှု မြင့်တက်နေဆဲ၊ ဆေးရုံတွေ လူနာလက်ခံနိုင်စွမ်းနည်းပြီး ပြည့်နေဆဲ မိမိအိမ်တွေမှာပဲ ဖြစ်တဲ့နည်းနဲ့ ဆေးကုသမှု ယူပြီး အသက်ဆုံးရှုံးနေကြဆဲ၊ အောက်စီဂျင် ဗူး၊ အောက်စီဂျင်လေ ၊ ဆက်စပ်ပစ္စည်းဖြစ်တဲ့ အောက်စီဂျင် ကွန်စင့်ထရေတာတွေလည်း စျေးမြင့်တက်နေဆဲဖြစ်သလို စျေးကွက်မှာ ဝယ်လိုအားက ရောင်းလိုအားထက် အဆမတန်မြင့်နေဆဲ၊ သေဆုံးသွားတဲ့ မိသားစုဝင်တွေအတွက် ပုံမှန်အခြေအနေလို ဘာသာရေး ၊ ရိုးရာ လုပ်ရိုးလုပ်စဥ်တွေ မလုပ်နိုင်ကြတော့၊ ဘာသာရေး အရ ဘုန်းတော်ကြီး ပင့်ဆောင်တာမျိုး မလုပ်နိုင်ပဲ နေအိမ်ကနေ သုဿန်ကို တန်းပြီး သယ်ဆောင် သဂြိုဟ်ရတဲ့ သူ အများအပြားရှိနေပါပြီ။ ခုရက်ပိုင်း နေအိမ်မှာ သေဆုံးကြရသူတွေ သင်္ချိုင်း လက်မှတ်ရဖို့ အတော်လေး အချိန်ကုန်ခံရ လက်မှတ်ထိုးပေးမယ့် ဆရာဝန်ရှာရမလွယ်တဲ့ ပြဿနာတွေ့ကြုံရ နဲ့ ဝေဒနာ ခံစားရတဲ့အချိန်တင် ခက်ခဲကြပ်တည်းတာမဟုတ်ပဲ သေဆုံးပြီးနောက်မှာတောင် အခက်အခဲ အကြပ်အတည်းတွေ အများအပြားရှိနေပါတယ်။

ရပ်ကွက် အိမ်နီးနားချင်း အိမ်က မိသားစုဝင်တယောက် မနေ့မနက်က ကိုဗစ်နဲ့ ကွယ်လွန်ရာမှာ နာရေးကူညီမှု အသင်းကကာ အိမ်ရှေ့ဆိုက်တော့မှ ကွယ်လွန်သွားပြီဆိုတာ သိလိုက်ရပြီး ခဏအကြာမှာ အိမ်ထဲကနေ သေဆုံးသူရုပ်အလောင်းကို သယ်မထုတ်လာတာ မြင်ရပြီး ခါတိုင်း သုဿန်မှာ လုပ်နေကျ ရေအိုးခွဲတဲ့ ဓလေ့ထုံးစံကို နေအိမ်ရှေ့မှာပဲ ခွဲလိုက်တာ မြင်တွေ့လိုက်ရပါတယ်။ အဲဒီအချိန်မှာ မိသားစုတွေ သားသမီး မြေးတွေက လမ်းနဘေး ပေါ်ထိုင်ချပြီး နောက်ဆုံးအနေနဲ့ ကန်တော့ကြတဲ့ မြင်ကွင်းကို မြင်ရချိန်မှာ ကျနော်တို့ လူမှုအဖွဲ့အစည်းဟာ ဘယ်လောက်ထိ ခက်ခဲနေပြီလဲ ခံစားချက်တွေ မြိုသိပ်ပြီး ဖြစ်တဲ့အခြေအနေအောက်မှာ ချစ်ခင်မြတ်နိုးသူတွေကို အချိန်တိုအတွင်း နှုတ်ဆက်လက်ပြလိုက်ကြရပြီလဲ ဆိုတာတွေးပြီး ဆို့နင့်မိပါတယ်။

ဒိထက်ဆိုးတဲ့ ဘဝတွေ အခြေအနေတွေ အများအပြားရှိနေ ဖြစ်နေတာလည်း ဆိုရှယ်မီဒီယာတွေ သတင်းဖေါ်ပြမှုတွေမှာ မြင်တွေ့နေရပြီးဖြစ်ပါတယ်။ ကိုယ့်အနီးအနားမှာ မျက်စေ့နဲ့ ကိုယ်တိုင် မြင်ရတဲ့အခါ အခြေအနေက ဘယ်လောက်ထိ အသည်းအသန် ဖြစ်နေပြီလဲဆိုတာ ကိုယ်တိုင်အတွေ့အကြုံနဲ့ နားလည်လိုက်ရပါတယ်။

ကွယ်လွန်သူ ရုပ်အလောင်းကို သယ်ဖို့ရာမှာလည်း နာရေးကူညီမှု အသင်းကားတွေ မလောက်ငှတဲ့ အခက်အခဲ ကြုံနေကြရတာ ပြီးခဲ့တဲ့ ရက်ပိုင်းကတည်းကပါ။ ခုရက်တွေမှာလည်း နာရေးကူညီမှု ကားမရလို့ တက်စီပေါ်တင်ပြီး သယ်ဆောင်ကြရတာတွေ၊ ဆိုက်ကားဘေးတွဲလိုမျိုးနဲ့ သယ်ဆောင်ကြရတာတွေ အများအပြားဖြစ်လာနေတာပါ။ ရန်ကုန်မြို့က အမှတ် ၂ လမ်းမ နဘေးမှာ ပလပ်စတစ်နဲ့ ထုပ်ပိုးထားတဲ့ အလောင်းတလောင်း စွန့်ပစ်ထားတဲ့ သဖွယ် ဓါတ်ပုံလည်း တနေ့က မြင်တွေ့လိုက်ရပါသေးတယ်။

ခုလို စိတ်မချမ်းမြေ့စရာ ကြေကွဲစရာ အဖြစ်အပျက်တွေ ဖြစ်နိုင်ရင် ရေးမပြချင်သော်လည်း အခြေအနေက ဘယ်လောက်ထိ စိုးရိမ်စရာ ဖြစ်နေတယ်ဆိုတာ အများသိစေချင်တာကြောင့် ရေးပြလိုက်ရတာဖြစ်ပါတယ်။

တရက်နဲ့တရက် ဒီကိန်းဂဏန်းအတက်ဖက်ကိုချည်း ပြသနေတာကြောင့် ဇူလိုင်လဆန်းကတည်းက ကျရောက်တဲ့ အမှောင်က နက်သည်ထက် နက်နေဆဲပဲ ဖြစ်ပါတယ်၊ မျှော်လင့်ချက်ရောင်ခြည် ခုချိန်ထိ မမြင်တွေ့ရသေးဘူးလို့ဆိုရမှာပါ။ ဒီအမှောင်က ဘယ်လို လွတ်မြောက်အောင် လုပ်ကြမလဲဆိုတာက ခုချိန်မှာ အရေးကြီးဆုံး သော့ချက် မေးခွန်းလို့ထင်ပါတယ်။

ကိုဗစ်ပေါက်ကွဲမှုက ထွက်ပေါက်မရှိတော့ပြီလား

လတ်တလော ကိုဗစ်ကူးစက်မှုက ပေါက်ကွဲမှု သဖွယ် ရန်ကုန်၊ ပုသိမ်၊ ကလေး၊ မော်လမြိုင်၊ မန္တလေး၊ ပဲခူးတိုင်းက မြို့တွေမှာ ဖြစ်နေတာ ရက်သတ္တပတ် ၂ ပတ်ကျော် ၃ ပတ်နီးလာနေပါပြီ။ ဒီအခြေအနေက နေ ထွက်ပေါက်၊ အဖြေဘယ်လိုရှာကြမလဲဆိုတာက လူတိုင်းသိချင်တဲ့ မေးခွန်းဖြစ်ပါတယ်။

ဒီဖြစ်စဥ်မှာ အဓိက အဆုံးအဖြတ်ပေးနိုင်တဲ့ အာဏာကို ချုပ်ကိုင်ထားသူ စစ်ကောင်စီ၊ ပြိုလဲနေတဲ့ ပြည့်သူ့ကျန်းမာရေး စနစ်ထဲက ကျန်းမာရေးဝန်ထမ်းတချို့၊ အစိုးရ ဝန်ထမ်းမဟုတ်တော့တဲ့ ကျန်းမာရေးဝန်ထမ်းတွေနဲ့ ပုဂ္ဂလိကဆေးရုံတွေ၊ ဆေးခန်းတွေ၊ လုပ်ပိုင်ခွင့် လှုပ်ရှားခွင့် ကန့်သတ်ခံထားကြရ အချို့လည်း တိမ်းရှောင်နေကြရတဲ့ အရပ်ဖက်လူမှုအဖွဲ့အစည်းတွေ၊ လူထုကို စည်းရုံးလှုံ့ဆော် ပညာပေးနိုင်တဲ့ ပုဂ္ဂလိကသတင်းမီဒီယာတွေ၊ လက်ရှိ အခြေအနေအောက်မှာ ကိုဗစ် ကူးစက်မှုဝန်ထုပ်ကို အများဆုံးထမ်းရွက်နေကြရတဲ့ ပရဟိတ အသင်းအဖွဲ့တွေ ၊ အချို့ ဘာသာရေးအသင်းအဖွဲ့တွေ၊ သာမန်လူထုထက် ငွေကြေး လက်ဝယ်ရှိ ပြီး ယခင် ဒုတိယလှိုင်းတုန်းက ကူညီခဲ့ကြတဲ့ စီးပွားရေးလုပ်ငန်းရှင်တွေ၊ ကုလသမဂ္ဂနဲ့ နိုင်ငံတကာ လူသားချင်းစာနာမှုကူညီရေး အဖွဲ့အစည်းတွေ၊ ပြင်ပရောက် အမျိုးသားညီညွတ်ရေးအစိုးရ စတဲ့ ပါဝင်ပတ်သက်သူ အဖွဲ့အစည်းတွေ ဘယ်သူတွေက ဘယ်လို လုပ်ဆောင်ကြမလဲဆိုတာ သေရေးရှင်ရေးတမျှ အရေးကြီးတဲ့ မေးခွန်းဖြစ်နေပါတယ်။

ဘယ်သူတွေက ဘာတွေ လုပ်နေကြသလဲ လုပ်သင့်သလဲ

စစ်ကောင်စီဆိုတဲ့ ပါဝင်ပတ်သက်သူကတော့ စေတနာမမှန်၊ ခုအဖြစ်အပျက်ကို လျစ်လျူရှုပြီး နိုင်ငံရေးအာဏာ ထိန်းချုပ်နိုင်ရေးကို ကိုဗစ်တိုက်ဖျက်ရေးထက် ဦးစားပေးနေတာ ဖြစ်လို့ ဒီအဓိကကျတဲ့ ထိန်းချုပ်တဲ့ အဖွဲ့အစည်းက ဗီလိန်နေရာက သရုပ်ဆောင် သွားမယ့် အခြေအနေမျိုးဖြစ်နေပါတယ်။

ထိန်းချုပ်ထားတဲ့ ကျန်းမာရေးဆိုင်ရာ အရင်းအမြစ် ၊ ဘဏ္ဍာရေးဆိုင်ရာ အရင်းအမြစ်၊ လူထုဆက်သွယ်ရေးဆိုင်ရာ အရင်းအမြစ်တွေကို ချုပ်ကိုင်ပြီး နိုင်ငံရေးအကျိုးကို ပထမဦးစားပေးကာ ဖြေရှင်းနေတာတွေ့ရပြီး ဒီအခြေအနေက တိုင်းပြည်အတွက် ကံကြမ္မာဆိုးကျရောက်တယ်လို့ ဆိုရမယ် ထင်ပါတယ်။

ကျန်းမာရေးဝန်ထမ်းတွေ ၊ စီဒီအမ် ကျန်းမာရေးဝန်ထမ်းတွေ၊ အနေနဲ့ လူထုကို သူတို့မှာ ရှိတဲ့ facility နဲ့ အသိပညာနဲ့ လူထုကို ကူညီဖို့ ကြိုးစားသူတွေလည်း ကြိုးစားနေကြပါတယ်၊ ပုဂ္ဂလိကဆေးရုံ အများစုကတော့ ခုအခြေအနေမှာ လူထုရဲ့ ဝေဒနာ ခံစားမှုကို မျှဝေယူကြတာ မမြင်တွေ့ရသေးပါဘူး။ အဆင့်မှီဆေးရုံကြီးတွေမှာ ကိုဗစ်ရောဂါသည် ကုသမယ်ဆိုရင် တင်ရမယ့် စပေါ်ငွေက သိန်းဆယ်ဂဏန်းတောင်မဟုတ်ပဲ သိန်းရာဂဏန်းထိ ကြိုတင်ပေးသွင်းထားရမယ်ဆိုတဲ့ သတင်းတွေလည်း ကြားသိနေရတာဖြစ်ပါတယ်။ ကိုဗစ်လူနာတွေ တရိပ်ရိပ်မြင့်တက်လာချိန် ဖွင့်လှစ်ထားတဲ့ ဆေးခန်းတွေက ပြောင်းပြန်အချိုးနဲ့ တခုပြီးတခု ပိတ်သိမ်းထားတဲ့ အခြေအနေအောက်မှာ လူနာတွေ လူနာမိသားစုတွေဘဝက သောင်ပြင်မှာ လွှတ်တဲ့ ခွေးသဖွယ် ဘယ်ကိုသွားရမှန်းမသိတဲ့ အခြေအနေဖြစ်နေပါတယ်။

အစိုးရ ရဲ့ စနစ်ပြင်ပက ကျန်းမာရေး ဝန်ထမ်းတွေ၊ အနေနဲ့ ခုလက်ရှိကူညီမှုတွေကို ပိုပြီး ချိတ်ဆက်မှု ပူးပေါင်းလုပ်ဆောင်မှု ရှိလာအောင် လုပ်ဆောင်ကြဖို့ ဦးဆောင်ကြဖို့ အဖွဲ့အစည်း တခုခု ပေါ်ထွက်သင့်ပြီလို့ထင်ပါတယ်။ ကိုဗစ်လူနာ ကယ်ဆယ်ရေး ပူးပေါင်းဆောင်ရွက်မှု ကော်မတီဆိုတာမျိုး အလျင်အမြန် ပေါ်ထွက်လာအောင် ပြည်တွင်းက ကူညီကြည့်ရှုပေးနေသူတွေက ဦးဆောင် စတင်သင့်တယ်လို့ ထင်ပါတယ်။

စင်ပြိုင် ပြည်သူ့ကျန်းမာရေး စနစ်တရပ် တည်ဆောက်နိုင်ကြမလားဆိုတဲ့ မေးခွန်းလည်း ထွက်ပေါ်လာပါတယ်၊ ခုအခြေအနေမှာ အဲလို စင်ပြိုင် ကျန်းမာရေးစနစ် တခုပေါ်လာဖို့ အလားအလာ အရမ်းနည်းနေတာ ဖြစ်ပါတယ်။ အဲဒီလို စိတ်ကူး၊ အထောက်အပံ့ပေးတဲ့ စိတ်ကူးစိတ်သန်း၊ အကောင်အထည်ဖေါ်မယ့် အဖွဲ့အစည်းတွေ ဘာမှ ရှိမနေဘူးလို့ဆိုရမယ်ထင်ပါတယ်။

ခုနေခါ အောက်စီဂျင် ဘယ်မှာ ဖြည့်လို့ရသလဲ ဗူးဘယ်မှာ ဝယ်လို့ရသလဲ ဘယ်မှာ ငှားလို့ရသလဲ ဆိုတဲ့ ကိစ္စတွေ၊ ဆေးဝါးဝယ်ယူရာမှာလည်း ဘယ်ဆိုင်မှာ ရတယ်ဆိုတဲ့ သတင်းအချက်အလက် ဖလှယ်တဲ့ ပလက်ဖောင်းတခု အများက ဆို့စ်တွေ ဖြည့်သွင်းပေး အတည်ပြုပေးတဲ့ ဒစ်ဂျစ်တယ် ပလက်ဖောင်းတခု ပေါ်ထွက်လာအောင် လုပ်နိုင်ရင် လူနာတွေ၊ သူတို့မိသားစုတွေအတွက် အကျိုးများစေမှာ ဖြစ်ပါတယ်။

ပုဂ္ဂလိက သတင်းမီဒီယာတွေ 

ဒီလိုအခြေအနေမှာ ပုဂ္ဂလိက သတင်းမီဒီယာတွေ အနေနဲ့လည်း ကိုဗစ်အရေးပေါ် ကျန်းမာရေးဆိုင်ရာ လုပ်ဆောင်မှု တရပ်ပေါ်ထွက်လာဖို့ ပါဝင်ပတ်သက်နေတဲ့ အဖွဲ့အစည်းတွေကို မေးခွန်းထုတ်သင့်တယ်လို့မြင်ပါတယ်။

ကူးစက်မှု ထပ်မပြန့်ပွားအောင်၊ ကူးစက်မှု မြင့်မားနေတာကို လျော့ချနိုင်ဖို့ရာ ဖြစ်နိုင်ရင် နေအိမ်က မထွက်ဖို့ ၊ မက်စ်တပ်ဖို့၊ လက်ဆေးဖို့၊ လူစုဝေးတာတွေ မလုပ်ဖို့ စတဲ့ ကမ်ပိန်းလိုမျိုး ပေါ်ထွက်လာအောင် မီဒီယာက နှိုးဆော်တဲ့ အခန်းကဏ္ဍ၊ အဖြေဝိုင်းဝန်းစဥ်းစား မေးခွန်းထုတ်ပေးတဒဲ့ အခန်းကဏ္ဍတွေက ပါဝင်ထမ်းဆောင်ဖို့ လိုအပ်တယ်လို့ မြင်ပါတယ်။ မီဒီယာတွေ အနေနဲ့ ကိုဗစ်ကူးစက်မှုရဲ့ အကျိုးဆက်ရလဒ် ဖြစ်တဲ့ သေဆုံးမှု ကူးစက်မှု၊ ကိန်းဂဏန်းတွေ အဖြစ်အပျက်တွေကို အများအပြားဖေါ်ပြကြပေမယ့် အထက်က ဖေါ်ပြခဲ့သလို ခု ကိုဗစ်ကူးစက်မှု မြန်ဆန် ပြင်းထန်မှုကနေ လွတ်မြောက်နိုင်မယ့် ဖြစ်နိုင်ခြေ အဖြေတွေကို မေးမြန်းဖေါ်ထုတ်ပေးဖို့ ဝတ္တရား ရှိတယ်လို့မြင်ပါတယ်။

ဖြစ်စဥ် ဖြစ်ရပ်ကိုလည်း တင်ဆက်သလို ပြဿနာကို အဖြေရှာကြဖို့ ၊ ဖြစ်နိုင်ခြေအဖြေက ဘာလဲ ဘယ်သူတွေနဲ့ စလုပ်ကြမလဲ ဆိုတဲ့ အကြံဥာဏ်ကို သတင်းမီဒီယာက တူးဆွ ဖေါ်ထုတ် မေးဖို့ တင်ပြဖို့ ဝတ္တရား ရှိပါတယ်။ ခုချိန်ထိတော့ ဒီတာဝန်ကို ပြည့်ပြည့်ဝဝ ဆောင်ရွက်နိုင်တာ မတွေ့ရသေးပါဘူး။

အရပ်ဖက်လူမှု အဖွဲ့အစည်း

အရပ်ဖက်လူမှု အဖွဲ့အစည်းလို့ ဆိုရင် နိုင်ငံတကာ အထောက်အပံ့ရတဲ့ အဖွဲ့အစည်းအများစုက ခုနေအခါမှာ မြေပေါ်မှာ မရှိတဲ့ အဖွဲ့က မရှိကြတော့၊ မြေပေါ်မှာ ရှိသော်ညားလည်း လှုပ်ရှားမှုလုပ်ရင် အဖွဲ့တည်ရှိခွင့်ကို ထိခိုက်စေမလားဆိုတဲ့ စိုးရိမ်မှုကြောင့် ဘာလှုပ်ရှားမှုမှ မလုပ်ပဲ ဆိုင်းငံ့ကာ နေကြတာက အများစုဖြစ်ပါတယ်။ ပြည်တွင်းက အလှူရှင်နဲ့ ပြည်တွင်း အရပ်ဖက် အဖွဲ့ တနည်းပရဟိတ အဖွဲ့တွေကတော့ လောလောဆယ် အနေအထားမှာ အလှုပ်ရှားနိုင်ဆုံး ဝန်ထုပ်ဝန်ပိုးကို အထမ်းရဆုံး အသက်အန္တရာယ်ကျရောက်သည်အထိ စေတနာ စွန့်လွှတ်မှု အပြည့်နဲ့ လုပ်ဆောင်နေကြတာတွေ့ရပါတယ်။

သို့သော်အဖွဲ့တွေ အချင်းချင်းအကြား၊ အဖွဲ့များရဲ့ စုစည်းမှု ကွန်ရက် ၊ အဖွဲ့ချုပ် အသင်းလိုမျိုး မူဝါဒ ၊ ညှိနှိုင်းစုပေါင်း လုပ်ဆောင်မှုတွေ လုပ်ဆောင်တာမျိုးတော့မရှိသေးပါဘူး။ လက်ရှိအခြေအနေမှာ မပေါ်ပေါက်သေးပေမယ့် ရေရှည်မှာ အဲလို စုစည်းမှု စုဖွဲ့မှု ရှိထားရင် ကူညီမှုတွေ ပိုထိရောက် အားကောင်းမယ်လို့ မြင်မိပါတယ်။

နောက်ဆုံး အနေနဲ့ဆို NUG

နောက်ဆုံး အနေနဲ့ဆို NUG ရဲ့ အခန်းကဏ္ဍဖြစ်ပါတယ်။ လတ်တလော ကိုဗစ်ကူးစက်မှု ဝဲဂယက်ထဲက လူထုကို ကူညီဖို့ နည်းလမ်းအမျိုးမျိုး စဥ်းစားပြီး လုပ်ဆောင်ဖို့လိုအပ်တယ်လို့ မြင်ပါတယ်။ လတ်တလော အခြေအနေအပေါ် ဘယ်လို သုံးသပ်ပြီး ဘယ်လို မူဝါဒ ချမှတ်မလဲဆိုတာ စိတ်ဝင်စားစရာ နဲ့ မျှော်လင့်မိတဲ့အခြေအနေဖြစ်ပါတယ်။ ဒီလိုဟာတွေ လုပ်ဆောင်ဖို့ အချိန်အများကြီးမကျန်တော့တဲ့ အပြင် နောက်တောင်ကျနေပြီလို့လည်း ဆိုရပါလိမ့်မယ်။ လတ်တလောမှာတော့ Covid Task Force ကိို ပြင်ဆင်ဖွဲ့စည်းရာမှာ ဒေါ်စင်သီယာမောင်က ခေါင်းဆောင်၊ ဦးဇော်ဝေစိုးက ဒုခေါင်းဆောင်အဖြစ်နဲ့ တိုင်းရင်းသားကျန်မားရေးအဖွဲ့အစည်းတွေ နဲ့ ပူးပေါင်း ဖွဲ့စည်းကြောင်း ထုတ်ပြန်လိုက်ပါတယ်။

အရေးပေါ် အများပြည်သူ ကျန်းမာရေးစောင့်ရှောက်မှု စနစ် တခု ပေါ်ထွက်လာဖို့ လူထုက လူထု အင်အားနဲ့ လုပ်ကြဖို့ လူထုကို နှိုးဆော်မှု တခုလိုပါတယ်။ လူထုဟာ အမုန်းကြီး မုန်းနေတဲ့ စစ်ကောင်စီ ပြောတဲ့ ကိုဗစ်စည်းကမ်းတွေကို လျစ်လျူရှုနေကြတာမျိုးလည်း မြေပြင်မှာတွေ့နေရပါတယ်။ NUG အနေနဲ့ အဆိုပါ ကိစ္စရပ်မျိုးမှာ လူထုကို လိုက်နာအောင် နှိုးဆော် တိုက်တွန်းဖို့ လိုအပ်မယ်ထင်ပါတယ်။ လျင်မြန်စွာ ကူးစက်ပျံ့ပွားနေမှုကို အရေးပေါ် တားဆီးနိုင်ဖို့အရေးမှာ ရုပ်ဝတ္တုပစ္စည်းတွေ လိုအပ်သလို လူထုရဲ့ ပူးပေါင်းဆောင်ရွက်မှု ကျန်းမာရေးစည်းကမ်းလိုက်နာမှုကလည်း အရေးပါတာဖြစ်ပါတယ်။

ပြည်သူမှ ပြည်သူသို့ ဆိုပြီးတော့ နောက်ခြေလှမ်း

နွေဦးတော်လှန်ရေးကို တက်ကြွစွာ အသက်စွန့်ဆင်နွှဲခဲ့ကြတဲ့ Gen Z တွေ ၊ သပိတ်ရဲဘော်တွေ၊ ပြောက်ကြားတော်လှန်ရေးသမားတွေဟာ ခုချိန်မှာ ပြည်သူတွေနဲ့အတူ ကိုဗစ်တွန်းလှန်ရေးကို ဆင်နွှဲနေကြတယ်ဆိုတာကတော့ သေချာပါတယ်။ သူတို့တွေဟာ တော်လှန်ရေးစိတ်ဓာတ်နဲ့ လက်နက်ကို တဖက်က ကိုင်စွဲထားပြီး တဖက်ကလည်း ရရာလက်နက်တွေနဲ့ ကိုဗစ်ကို ခုခံနေကြပါတယ်။ ပြည်သူကနေ ပြည်သူသို့ဆိုတာကို တော်လှန်ရေးက မွေးဖွားခဲ့ပြီး ဖြစ်ပါတယ်။ အခုချိန်မှာ လိုအပ်နေတက ကျရှုံးနေတဲ့တိုင်းပြည်အတွက် ကယ်ဆယ်ရေး တစုတစည်းတည်း ရုန်းထွက်နိုင်ရေး လေဟာနယ်ကို ဖြည့်ဆည်းကြဖို့ ခေါင်းဆောင်တွေကို ပြည်သူတွေက စောင့်ကြည့်နေကြပါတယ်။ စစ်ကောင်စီကနေ ပြည်သူကို ဘာပေးသလဲဆိုတာ ပြည်သူတွေ သိပြီးပါပြီ။ တိုင်းရင်းသားခေါင်းဆောင်တွေ နိုင်ငံရေး လူမှုရေးခေါင်းဆောင်တွေကနေ ပြည်သူကို ဘာပေးအပ်နိုင်ပြီလဲဆိုတာကို စိတ်ဝင်စား နေမိပါတော့တယ်။

သရက်ချောင်းမြို့နယ်တွင် ယနေ့ ဇူလိုင် ၂၂ ရက် နံနက်ပိုင်းက ကိုဗစ်ကပ်ရောဂါနှင့်ပတ်သက်၍ အသိပညာပေး လက်ကမ်းစာစောင်များဖြန့်ဝေကာ စစ်အာဏာရှင် ဆန့်ကျင်တော်လှန်ရေး ချီတက်ဆန္ဒပြ။
Photo - CJ

Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar