Breaking News

မြန်မာပြည်မှာ စစ်တပ်အာဏာသိမ်းပြီး ၅ လ ၁၁ ရက် မြောက်နေ့ မြင်ကွင်း



မြန်မာပြည်မှာ စစ်တပ်အာဏာသိမ်းပြီး ၅ လ ၁၁ ရက် မြောက်နေ့ မြင်ကွင်း

(မိုးမခ) ဇူလိုင် ၁၁၊ ၂၀၂၁

ကိုဗစ်က မြန်မာနိုင်ငံရဲ့ နေရာအနှံ့မှာ

ကိုဗစ်ကူးစက်မှု ပျံ့နှံ့မှုက မြန်မာနိုင်ငံရဲ့ လူအစုအဝေးနဲ့နေထိုင်ကြတဲ့ နေရာအနှံ့ကို ရောက်ရှိနေပြီလိို့ ကောက်ချက်ချရတော့မယ် ဖြစ်ပါတယ်။ ကလေးမြို့မှာတင်မဟုတ်တော့ မန္တလေး မြို့မှာတင်မဟုတ်တော့ ရန်ကုန်လို လူဦးရေများတဲ့ မြို့ကြီးမှာတင်မဟုတ်တော့၊ ရှမ်းပြည်နယ် မြောက်ပိုင်းလို၊ ချင်းပြည်နယ်ရဲ့ ရွာငယ်လေးတွေလို၊ တနင်္သာရီတိုင်းရဲ့ လူဦးရေသိပ်မများတဲ့ မြို့ငယ်တွေလို မွန်ပြည်နယ် မြို့နယ်တွေမှာလို ကရင်ပြည်နယ် နယ်စပ်ကုန်သွယ်ရေးမြို့မှာလို ရှမ်းပြည်နယ်နဲ့ တရုတ်နယ်စပ် ကုန်သွယ်ရေး နယ်စပ်မြို့တွေမှာလို ကူးစက်မှုတွေ ကိန်းဂဏန်း မြန်မြန်ဆန်ဆန် တက်လာနေပြီး သေဆုံးမှုတွေလည်း နေရာအနှံ့ရှိနေတဲ့ သတင်းတွေ ကြားသိနေရပါတယ်။

အသိမိတ်ဆွေထဲက သူတို့ကျောင်းနေဘက်တွေ ခုရက်ပိုင်းအတွင်း ကိုဗစ်နဲ့ ဆုံးသွားကြောင်း ဖေ့စ်ဘုတ်မှာ စိတ်မကောင်းစွာ အသိပေးတင်ကြတယ်။ ဒီလိုအချိန်မှာပဲ လုပ်ဖေါ်ကိုင်ဖက်ကလည်း သူ့မိသားစုဝင် ကိုဗစ်နဲ့ဆုံးသွားကြောင်း စိတ်မကောင်းစွာ အသိပေးတဲ့ ပို့စ်တင်တာတွေ့ရတယ်။

အဲဒီအချိန်မှာပဲ ဟိုးလူနေကျဲပါးလှတဲ့ ပြည်နယ်တခုက ရွာမှာနေတဲ့ ဝမ်းကွဲမောင်နှမ တယောက် ကိုဗစ်နဲ့ ခုမနက်ကွယ်လွန်ကြောင်း သိလိုက်ရတယ်။ ဘယ်လိုမှ ထင်မထားတဲ့ တောထဲ တောင်ထဲမှာ လူနေအိမ်ခြေ ၂ ဒါဇင်တောင် မပြည့်တဲ့ ရွာမှာ ဘယ်လိုလုပ် ကိုဗစ်ကရောက်လာလဲ ဆိုတာ အံ့အားသင့်မိတယ်။

ရွာက သူတွေ ဆိုင်ကယ်တွေနဲ့ မြို့ကိုတက်ကြ သွားလာမှုရှိနေကြတာတော့ အမှန်ပါ၊ သို့ပေမယ့် တကယ့် တောထဲ တောင်ထဲ လူနေကျဲပါးတဲ့ ရွာလိုမျိုးကို ကိုဗစ်က ခုလောက် ပြင်းပြင်းထန်ထန် ၊ မြန်မြန်ဆန်ဆန် သက်ရောက်မှု ကူးစက်မှု ရှိလာမယ်လို့ မထင်မိခဲ့တာလည်း ဖြစ်ပါတယ်။ ရန်ကုန်လည်း ရန်ကုန်မို့လို့ လူနေကျဲပါးတဲ့ မြို့ငယ်တွေ၊ ကျေးလက်တောရွာလည်း ကျေးလက်တောရွာမို့ ကူးစက်မှုက ခွဲခြားခြင်းမရှိ ပျံ့နှံ့နေပြီဖြစ်ပါတယ်။

ဒါ့အပြင် နိုင်ငံရေးသမားတွေ ၊ စစ်အာဏာသိမ်းမှုဆန့်ကျင်တဲ့သူတွေကို ဖမ်းဆီးထိန်းသိမ်းထားတဲ့ အကျဥ်းထောင်လိုမျိုးမှာလည်း ကိုဗစ်ကူးစက်မှုက ရှိေနတာ အဖြစ်အပျက်တချို့က သက်သေပြနေပါတယ်။ တနေ့က အင်းစိန်ထောင်မှာ ဖမ်းဆီးခံထားရတဲ့ အထူးကုဆရာဝန်တဦး ကိုဗစ်ကူးစက်ခံရပြီး အရေးပေါ်ဖြစ်လို့ ပြင်ပဆေးရုံတင်ထားတယ်ဆိုတဲ့ သတင်းတွေ ထွက်လာသလိုပဲ ယနေ့ည သတင်းမှာတော့ အန်အယ်လ်ဒီ စီအီးစီ ဦးဥာဏ်ဝင်း အင်းစိန်ထောင်ထဲ ကိုဗစ်ကူးစက်ခံရပြီး အရေးပေါ် ကုသမှုလိုတဲ့အခြေအနေကြောင့် ရန်ကုန်ဆေးရုံကြီးကို တင်ပို့လာတယ်ဆိုတဲ့ သတင်းလည်း ကြားသိရပါပြီ။

မိမိပတ်ဝန်းကျင်မှာ မိသားစုဝင်တွေထဲမှာ ကိုဗစ်ကူးစက်ခံရတဲ့သူ ၊ ရောဂါလက္ခဏာ ပြင်းထန်သူ မပြင်းထန်သူ စသဖြင့် အများအပြား လက်ညှိုးထိုးမလွဲ ဖြစ်နေသူတွေ တွေ့လာရနေတာဟာ အခြေအနေဟာ စိုးရိမ်ဖွယ် အခြေအနေ အရေးပေါ် တုံ့ပြန်မှု ကုသမှု၊ နောက်ထပ် အရေအတွက် တရှိန်ထိုးထပ်မတိုးလာအောင် ကာကွယ်မှုတွေ လုပ်ရတော့မယ့် အနေအထားဖြစ်နေပြီလိမေ္မာ်ရောင် အဆင့်ကနေ အနီရောင် အဆင့်ကိုကူးပေြာင်းနေပြီလို့ ဆိုရတော့မယ် ထင်ပါတယ်။

ရန်ကုန်ကို ကြည့်မယ်ဆိုရင် ရန်ကုန်လို စက်ရုံ စက်မှုလုပ်ငန်းတွေရှိ ၊ အစိုးရ စက်ရုံလိုမျိုးတွေရှိတဲ့ မြို့မှာတောင် ဆေးရုံနေရာ မလုံလောက်သလို၊ အောက်စီဂျင်ဖြည့်ပေးမယ့် နေရာ မလုံလောက်တဲ့အတွက် အလုအယက် တန်းစီ ဖြည့်သွင်းနေကြရတာပါ။ ကလေးမြို့လို အခြားမြို့တွေအတွက်ကတော့ ပိုပြီးခက်ခဲမယ့် အခြေအနေမျိုးဖြစ်ပါတယ်။

အုပ်ချုပ်ရေးအာဏာကို လက်နက်နဲ့ ချုပ်ကိုင်ထားတဲ့ စစ်ကောင်စီအနေနဲ့ ခုလို အောက်စီဂျင် မလုံလောက်မှု အစီအစဥ် ချမှတ်ပြီး ထုတ်လုပ်တာ ဖြန့်ဝေပေးတာတွေမရှိတဲ့အပြင် အစိုးရ အောက်စီဂျင် စက်ရုံအချို့ကို ပုဂ္ဂလိက ပြင်ပကို ဖြည့်ပေးနေတာတွေ ခေတ္တရပ်ဖို့ ညွှန်ကြားလာတာမျိုးလည်း မနေ့က ကြားသိရပါတယ်။ ဒီလိုအခြေအနေမျိုးမှာပဲ ထိုင်းနိုင်ငံက အောက်စီဂျင်စက်လို ပစ္စည်းတွေ တင်သွင်းတာကို ပိတ်ပင်လိုက်တယ်ဆိုတဲ့ ညွှန်ကြားချက်စာ (အတု)က ဖေ့စ်ဘုတ်ခပေါ် ပြန့်နှံ့ခဲ့ပြီး လူတွေကို စိုးရိမ်မှု ပိုမိုကြီးထွား စေပြန်ပါတယ်။ ခုလို အခြေအနေမျိုးမှာ အာဏာနဲ့ ဝင်ရောက်စွက်ဖက် ညွှန်ကြားတာမျိုးတွေဟာ ပြဿနာကို ပိုဆိုးရွားစေနိုင်သလို သတင်းမှားတွေ သတင်းတုတွေလည်း လုပ်ကြံဖန်တီးဖို့ လွယ်ကူစေတာ ဖြစ်ပါတယ်။

လူထုအနေနဲ့ စစ်ကောင်စီ အုပ်ချုပ်ရေးယန္တရားနဲ့ မဆက်စပ်ချင် မထိတွေ့ချင်ကြတာကြောင့် ဆရာဝန်တွေက အစိုးရဆေးရုံဆေးခန်းတွေ မှာ တာဝန်ထမ်းဆောင်တာ၊ ဗော်လန်တီယာ လုပ်တာ၊ သာမန်အရပ်သားတွေကလည်း ကိုဗစ်စင်တာမှာ ဗော်လန်တီယာ ကူညီတာမျိုးတွေ မလုပ်ကြသလို ခုဖြစ်နေတဲ့ ကူးစက်ရောဂါ ပြန့်နှံ့မှု ကို တားဆီးနိုင်ဖို့ ပညာပေးရေး လုပ်ဆောင်ချက်တွေမှာလည်း ပါဝင်တာ လုပ်ဆောင်တာမတွေ့ရပါဘူး။ ခု အခြေအနေက အရင်နှစ်လို အခြေအနေနဲ့ ကွာခြားတာ အရင်နေ့တွေကလည်း ရေးသားခဲ့ဖူးပါတယ်။

ခုလိုအနေအထားမှာ ကိုဗစ်ကာကွယ်ရေး နဲ့ ကုသရေးကို လူထုလှုပ်ရှားမှု အသွင်နဲ့လုပ်ကြမလားဆိုတာ အရေးကြီးတဲ့ မေးခွန်းတခု ဖြစ်လာပါတယ်။ လူထုလှုပ်ရှားအသွင် လို့ဆိုပေမယ့်လည်း ဦးဆောင်မှုမရှိပဲ ကမကထ မရှိပဲ သူ့ဟာသူ လူထုက အလိုအလျောက်တော့ ထိရောက်တဲ့ ချိတ်ဆက်မှုတွေနဲ့ ပူးေပါင်းဆောင်ရွက်မှုကြီးကြီးမားမား ပေါ်ထွက်လာနိုင်ခြေ နည်းပါးပါလိမ့်မယ်။ လှုပ်ရှားမှုတိုင်းမှာ အကြံဥာဏ် နှိုးဆော်မှု၊ ချိတ်ဆက်မှု လမ်းညွှန်ဦးဆောင်မှုတွေက လိုအပ်တာဖြစ်ပါတယ်။

ခုလို စစ်အာဏာရှင် ဖိနှိပ်မှု ၊ အာဏာဗဟိုပြု ထိန်းချုပ်ထားမှုအောက်မှာ ကူးစက်ကပ်ဘေးကို တွန်းလှန်ရတာ လူထုလှုပ်ရှားမှု အသွင်နဲ့ ကူညီကြ ကာကွယ်ကြရမယ့်ကိစ္စက အသစ်ဖြစ်ပါတယ်။ အရင်အတွေ့အကြုံတွေလည်း ရှိကြမှာ မဟုတ်ပဲ အသစ်သော နည်းလမ်းနဲ့ အသစ်သော လုပ်ဆောင်မှုတွေနဲ့ စရမှာ ဖြစ်ပါတယ်။

NUG အစိုးရအနေနဲ့ ပြည်တွင်းက အဆက်အသွယ် ကျန်းမာရေး ဆိုင်ရာ ကျွမ်းကျင်သူတွေနဲ့ ဆက်သွယ်ဆေွးနွေးမှုတွေ လုပ်ဆောင်နေပြီ ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ သို့ပေမယ့် အခုထက်ပိုပြီး ဆွေးနွေးမှုတွေကနေ အကောင်အထည်ဖေါ်မှုတွေ အဆင့်ကို အမြန်ဆုံးရောက်ဖို့ လိုအပ်နေပြီလို့ ထင်မြင်ပါတယ်။ NUG အစိုးရနဲ့ လွှတ်တော်ကနေ စစ်ကောင်စီီီကို အခုလို လူသားမျိုးတုံးသလိုမျိုး လစ်လျုရှု စစ်အာဏာသိမ်းမှု သတ်ဖြတ်နှိမ်နင်းမှု ကိုဗစ်ကပ်ဆိုးကို လက်နက်သဖွယ်ကိုင်တွယ်မှုအဖြစ် ပြစ်တင်ခြင်း၊ တာဝန်ရှိသူအဖြစ် ထုတ်ဖော်ခြင်း၊ အရေးယူဆောင်ရွက်ရန် ကြိုးပမ်းခြင်းက တဖက်၊ ပြည်သူလူထုကို စစ်ကောင်စီလက်၊ ကိုဗစ်လက်ထဲက ကယ်တင်ခြင်းကို အမြန်ဆုံး လူထုအကူအညီ လက်တွဲမှုနဲ့ အကောင်အထည်ဖော်သင့်ပါတယ်။

လူထုအနေနဲ့ လူထုနည်း လူထုဟန်ဖြင့် အခုအခါ လူထုအချင်းချင်း အစားအသောက် ကူညီပို့ဆောင်ပေးတာ၊ ချက်ပြုတ်ပေးတာ၊ ကျန်းမာရေးကျွမ်းကျင်သူတွေက ဖုန်းနဲ့ စေတနာ့ဝန်ထမ်း တိုင်ပင် အကြံဥာဏ်ပေးမှုတွေ လုပ်ပေးတာတွေ၊ တနိုင်တပိုင် ဒေသအလိုက် လိုအပ်ချက်များ ဖြည့်ဆည်းဆောင်ရွက်တာတွေ လုပ်ဆောင်နေကြတာတွေကို ဆိုရှယ်မီဒီယာကွန်ရက်ပေါ်မှာ တွေ့နေရပေမယ့် လူများများစားစားသိရှိပြီး သုံးနိုင်တဲ့ အတိုင်းအတာပမာဏ မဟုတ်သေးပါဘူး။

အရေးအကြီးဆုံးဖြစ်တဲ့ data collection, verification, analytics, projection, planing and conclusion တွေ အလျင်အမြန်လုပ်ရပါမယ်။ ဆိုရှယ်မီဒီယာ tools တွေကို NUG CRPH ခေါင်းဆောင်တွေက တပြေးညီ ပုံစံချ သတ်မှတ်ပြီး သုံးစွဲပြီး public campaign တွေ movement တွေ လုပ်ရပါမယ်။ Hash Tag တွေ အရင်တုန်းက သုံးခဲ့သလို အခုလည်း Covid # တွေ ပြည်သူတွေ သုံးပြီး အချက်အလက်ထုတ်ဖော်နိုင်အောင် NUG CRPH NUCC ခေါင်းဆောင်တွေ အမြန်ဆုံး ဆောင်ရွက်သင့်ပါတယ်။

ဒီလိုအရာတွေကို လူအများသိနိုင်တဲ့ အနေအထားရောက်အောင်လုပ်ဆောင်တာ၊ အများက အကူအညီတောင်းခံလာရင်လည်း အကောင်အထည်ပေါ်အောင် ဆောင်ရွက်ပေးနိုင်တဲ့အနေအထားဖြစ်အောင် စေတနာ့ဝန်ထမ်းတွေ ပိုများလာအောင် လှုံ့ဆော်အားပေးတာတွေ ဒီချိတ်ဆက်မှုတွေ ကို ဦးဆောင်မှု ထိန်းညှိမှုေပးနိုင်တဲ့ ကော်မတီလိုမျိုး အစုအဖွဲ့လိုမျိုး ထွက်ပေါ်လာဖို့က အရေးကြီးဆုံးနဲ့ အမြန်ဆုံး လိုအပ်နေတဲ့ လိုအပ်ချက်လို့ ဆိုချင်ပါတော့တယ်။

Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar