မြန်မာပြည်မှာ စစ်တပ်အာဏာသိမ်းပြီး ၅ လ ၁၂ ရက် မြောက်နေ့ မြင်ကွင်း
မြန်မာပြည်မှာ စစ်တပ်အာဏာသိမ်းပြီး ၅ လ ၁၂ ရက် မြောက်နေ့ မြင်ကွင်း
(မိုးမခ) ဇူလိုင် ၁၂၊ ၂၀၂၁မြို့ပြ ပျောက်ကျား ၊ ကိုဗစ်နဲ့ အောက်စီဂျင်၊ လူသားမျိုးတုံးသတ်ဖြတ်မှု
ဒီနေ့ စစ်ကောင်စီရဲံ့ သတင်းစာရှင်းလင်းပွဲမှာ ဇွန်လ ၂၂ ရက်နေ့က ဖမ်းဆီးခံရတဲ့ မန္တလေး ပီဒီအက်ဖ်တွေထဲက ဗိုလ်ထွန်းတောက်နိုင် ခေါ် ကိုဝေယံလင်းနဲ့ မိုးတိမ်ခေါ် ကိုရန်လင်းအောင် တို့ရဲ့ ထွက်ဆိုချက် ဗီဒီယိုတွေ၊ နောက်တဖန် ဇွန်လနှောင်းပိုင်းမှာပဲ ထိုင်းနယ်စပ်မှာ ဖမ်းဆီးခံခဲ့ရတဲ့ UNRA အဖွဲ့က စစ်ရေး တာဝန်ခံ ဦးခင်ကျော် နဲ့ ဦးကိုကိုနိုင်တို့ရဲ့ ဗီဒီယို ကလစ်တွေကို ပြသပြီး သတင်းထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။
ထွက်ဆိုချက်တွေနဲ့ ထုတ်ပြန်ချက်တွေကို ကြည့်ရင် မြို့ပြပျောက်ကျား နဲ့ တောထဲ လက်နက်ကိုင် လမ်းကြောင်း ၂ ခု ရဲ့ မြို့ပေါ်ပြန်ဝင်လာတဲ့သူ မြို့ပေါ်မှာ ပျောက်ကျား တိုက်ပွဲဖေါ်ရာက ဆက်စပ်ဖမ်းဆီးရမိခဲ့တဲ့ အဖြစ်အပျက်နဲ့ နယ်စပ်အကူးမှာ စစ်ကောင်စီဘက်က ဖမ်းဆီးတာ ခံရတဲ့ အဖြစ်အပျက် ဖြစ်ပါတယ်။
နွေဦးတော်လှန်ရေးမှာ တောတွင်းလက်နက်ကိုင် တော်လှန်ရေး လွတ်မြောက်နယ်မြေ ထူထောင်ပြီး သို့မဟုတ် အခြေခံယူပြီး စစ်ကောင်စီတပ်တွေကို တိုက်ခိုက်မယ့် လမ်းကြောင်းနဲ့ မြို့ပြမှာ သို့မဟုတ် နယ်မြို့အချို့မှာ ပျောက်ကျား သဘောတိုက်ခိုက်မယ့် နည်းလမ်းတွေဖြစ်ပါတယ်။ တော်လှန်ရေးအင်အားစု နှစ်ခုစလုံးမှာ လုံခြုံရေးတွေ လျို့ဝှက်ချက်တွေနဲ့ပတ်သက်လို့ စည်းမျဥ်းစည်းကမ်းတွေ အကာအကွယ်နည်းနာတွေ ခုထက်ကို တိတိကျကျ ချမှတ်ထားဖို့ ပိုမိုလိုအပ်မယ်လို့ မြင်ပါတယ်။ အစတစ ရန်သူလက်ထဲပါသွားရင် ကျန်တဲ့အ ဆက်အသွယ် အင်ဖော်မေးရှင်းတွေအားလုံးရတာမျိုး မဖြစ်သင့်ဘူးလို့ထင်ပါတယ်။ အခုတော့ သတင်းစာရှင်းလင်းပွဲမှာ သူတို့အခြေအနေတွေ လှုပ်ရှားမှုတွေ အကုန်လုံး ဖော်ထုတ်နိုင်ခဲ့သလို အပြည့်အစုံဝန်ခံချက်တွေ စစ်ကောင်စီက ထုတ်ရှိုးလိုက်တာနဲ့ တူနေပါတယ်။
ရန်သူက ထောက်လှမ်းရေး ကျွမ်းကျင်လို့ဆိုတာထက် မိမိတို့ဘက်က လုံခြုံရေးစည်းကမ်း နည်းလမ်းတွေ အားနည်းတာမျိုးကို သတိပြုမိ မြင်တွေ့နေရတာဖြစ်ပါတယ်။
မြို့ပြပျောက်ကျား လက်နက်ကိုင် တော်လှန်ရေး ကိစ္စအပြီးမှာတော့ လတ်တလော နိုင်ငံထဲက လူအများစု ရင်ဆိုင်နေရတဲ့ နီးရာဓါး နောက်တစင်းဖြစ်တဲ့ ကိုဗစ်ကူးစက်မှု အကြောင်းပါ။ ခုသီတင်းပတ်မှာ နေ့စဥ် အပြောဆုံးစကားလုံးက ကိုဗစ် ၊ ပေါ့ဇတစ်၊ အောက်စီဂျင် ပဲဖြစ်ပါတယ်။
နေ့စဥ်ကိုဗစ် ပေါ့ဇတစ်က ၃ ထောင်၊ ၄ ထောင်ကနေ ခုညတော့ ၅ ထောင်ဆိုတဲ့ ကိန်းဂဏန်းကို ပထမဆုံးတက်လာပါပြီ။ တကယ်တော့ နိုင်ငံထဲမှာ အဲဒီကိန်းဂဏန်းထက် အများကြီးပိုနိုင်ပါတယ်။ ကျန်းမာရေးဌာနကို အကြောင်းမကြားနိုင်တာ၊ အကြောင်းကြားပေမယ့် မကိုင်တွယ်နိုင်တာ၊ မိမိဘာသာ နေအိမ်မှာပဲ ပေါ့ဇတစ်ဖြစ် ပြီးကျော်ဖြတ်နေကြရတာ ပတ်ဝန်းကျင်မှာ ရာနဲ့ထောင်နဲ့ ရှိနေပြီမို့လို့ အခုကိန်းဂဏန်းက မီနီမယ် (အနိမ့်ဆုံး) ကိန်းဂဏန်းဖြစ်ပါလိမ့်မယ်။ စစ်တဲ့သူတွေထဲက ၃၀% တွေ့တယ် ပြောရင် မြေပြင်အခြေအနေအရ ခန်ံ့မှန်းမယ်ဆိုရင် လူ ၁၀၀ မှာ ၇၀% ထက်မနည်း ကိုဗစ်ကူးစက်ခံထားရပြီလို့ ကောက်ချက်ဆွဲချင်ပါတယ်။ စာရင်းအတိအကျ မကောက်နိုင်တဲ့အတွက် အဲသည် အန္တရယ်ကို ဘယ်လို ထုတ်ပြန်ရမယ်ဆိုတာ မပြောတတ်လောက်အောင်ပါပဲ။
လူတယောက် အသက်ရှင်ဖို့ အောက်စီဂျင်သည် မရှိမဖြစ်လိုအပ်ပါတယ်။ အောက်စီဂျင်က လေထုထဲ ပါရှိပြီးဖြစ်ပေမယ့် သန့်စင်ပြီး လူ့ကိုယ်ခန္ဓာထဲရောက်ရှိဖို့ အဆုတ်က သူ့တာဝန်သူထမ်းဆောင်နိုင်ဖို့ လိုအပ်တာပါ။ အဆုတ်မကောင်းသည့်အခါမှာ အောက်စီဂျင်ကို ရှူရသည့် အဖြစ်မျိုးဖြစ်တဲ့သဘောလည်း ဖြစ်တာကို အခုလို ကိုဗစ်ရောဂါ နဲ့ လူနာအမြောက်အများ ပေါ်ထွက်နေတဲ့အခါမှာ တွေးမိပါတော့တယ်။
ဒီနေ့ ကျနော်တို့ မြန်မာနိုင်ငံမှာ အောက်စီဂျင်က နိုင်ငံရေးကိစ္စရပ်သဖွယ် ဖြစ်လာနေပါတယ်။ အောက်စီဂျင် ရနိုင်ဖို့ ဘယ်လို စီစဥ်ဆောင်ရွက်ကြသလဲ ဘယ်လို ထုတ်လုပ်ဖို့ လုပ်ဆောင်နေသလဲ အစိုးရလို့ သူတို့ကိုယ်သူတို့ ခေါ်ဆိုနေတဲ့ အာဏာသိမ်း စစ်ကောင်စီလက်အောက်မှာ ကိုဗစ်လူနာတွေ အောက်စီဂျင် အခက်အခဲတွေ့ကြုံနေကြရတာ၊ အောက်စီဂျင် မလုံလောက်လို့ လူ့လောကထဲက မထွက်ခွာသင့်ပဲ ထွက်ခွာသွားရသူတွေ နေ့စဥ် ဒါဇင်နဲ့ ချီရှိနေတာ၊ လူထုအဖို့ အောက်စီဂျင်ရရှိရေး ကြိုးပမ်းမှုမှာ မိမိတို့ အချင်းချင်း တတ်နိုင်သမျှ ကူညီယိုင်းပင်း နေကြတာတွေက အောက်စီဂျင် နိုင်ငံရေး လို့ပဲ ဆိုရမယ်ထင်ပါတယ်။
နေ့စဥ် အောက်စီဂျင်အိုးတွေ တန်းစီနေကြရတဲ့ မြင်ကွင်းတွေ ဆိုရှယ်မီဒီယာပေါ်မှာ သတင်းစာမျက်နှာ ရုပ်သံတွေမှာ မြင်တွေ့နေရပါတယ်။ ကလေးမြို့မှာ တန်းစီနေကြစဥ်က ရန်ကုန်နဲ့ အခြားမြို့ကသူတွေ စာနာစိတ်နဲ့ စိတ်မကောင်းဖြစ်ခဲ့ကြပြီး ရက်အနည်းငယ်အတွင်း ကလေးမြို့လို အခြေအနေက ကိုယ်တွေ နေထိုင်ရာမြို့တွေမှာလည်း ကြုံလာကြရပြီဖြစ်ပါတယ်။ ပြည်သူတွေက ကိုယ်ထူကိုယ်ထ အောက်စီဂျင်အတွက် အသည်းအသန် လုံးပမ်း ဆောင်ရွက်နေကြရတာကို ဝမ်းနည်းကြေကွဲဖွယ် မြင်တွေ့နေရပါတယ်။
ယခုတကြိမ်ကိုဗစ် တတိယလှိုင်း ကူးစက်မှု ပျံ့နှံ့မှု က အရင်နှစ်ကထက်စာလျင် မြန်ဆန်ပြီး ကူးစက်နိုင်ခြေလည်း မြင့်တယ်လို့ ကျန်းမာရေး တာဝန်ရှိသူတွေက ဆိုပါတယ်။ ကိုဗစ် တတိယလှိုင်းလို့ ပြောကြရာကနေ သီတင်း ၂ ပတ်လောက်အတွင်း နေ့စဥ်အတည်ပြုပေါ့ဇတစ် ၄ ထောင်ကျော် အထိ ရောက်ရှိသွားတာကို ကြည့်မယ်ဆို မနှစ်က ကူးစက်နှုန်းထက်အဆနဲ့ချီ များပြားနေတာ တွေ့ရပါလိမ့်မယ်။
ကူးစက်မှု မြန် ရောဂါလက္ခဏာလည်း အရင် ကိုဗစ်ပိုးမျိုးနဲ့ ကွဲပြားပြီး ရောဂါလက္ခဏာလည်း ပြင်းထန်ကြတာကြောင့် အောက်စီဂျင်ကျပြီဆို အသက်ကယ်တင်နိုင်ဖို့ အသက်ရှူဖို့ရာ အောက်စီဂျင်ဗူးက အရေးတကြီးလိုအပ်လာမှာ ဖြစ်ပါတယ်။
ဒီနေ့ သတင်းစာရှင်းလင်းပွဲမှာ အရင်က တပ်မတော်သတင်းမှန် ထုတ်ပြန်ရေးက အခုတော့ ပြန်ကြားရေး ဒုဝန်ကြီးတာဝန်ပါ ယူထားတဲ့ ဇော်မင်းထွန်းက အောက်စီဂျင် မလုံလောက်ဘူးဆိုတာကိုတော့ ဝန်ခံပေမယ့် စီမံခန့်ခွဲမှုအလွဲတွေကို ဝန်မခံပဲ လူတွေက အွန်လိုင်းမှာ အောက်စီဂျင် စီးပွားဖြစ် ရောင်းစားတာတွေ ရှိလို့ မလိုအပ်ပဲဆောင်ထားသူတွေ ရှိလို့ဆိုပြီး လူတွေကို အပြစ်ဖို့ပြီး အစိုးရပိုင် စက်ရုံတွေက အောက်စီဂျင် ထုတ်ရောင်းပေးနေတာကို ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း ကန့်သတ်တားဆီးလိုက်ရတာလို့ ဆင်ခြေပေး ပြောဆိုသွားပါတယ်။ စစ်ကောင်စီ၏ လူသားချင်းစာနာမှု ကင်းမဲ့တဲ့ အုပ်ချုပ်မှု ဖိနှိပ်မှုတွေကြောင့် ပြည်သူတွေဟာ ကိုဗစ်လက်ထဲမှာ အသက်ရှုပြတ်ပြီး သေဆုံးနေကြပါတယ်။ အဲသည်ပုဂ္ဂလိကအောက်စီဂျင်စက်ရုံတွေကိုလည်း စစ်ကောင်စီတပ်သားတွေက လက်နက်ကိုင်ပြီး အနိုင်ကျင့် ကန့်သတ်မှုတွေ လုပ်နေကြတာကြောင့် လူတွေ ပိုပြီး ထိခိုက်သေဆုံးမှု ဖြစ်ပွားနေပါတယ်။
အမှန်တကယ်တော့ ကိုဗစ်တတိယလှိုင်းမှာ ကမောက်ကမတွေ ဖြစ်ပြီး လူ့အသက်တွေ မဆုံးရှုံးသင့်ပဲ ဆုံးရှုံးနေကြရတာဟာ စစ်အာဏာသိမ်းမှု ကြောင့် ဖြစ်ပေါ်လာတဲ့ နိုင်ငံရေးပြဿနာတွေက နံပါတ်တစ် အကြောင်းရင်း ဖြစ်ပါတယ်။
စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ကြတဲ့ ကျန်းမာရေးဝန်ထမ်းတွေက စီဒီအမ်လုပ်ကြတာကို စစ်ကောင်စီက ဖမ်းဝရန်းထုတ်တာ၊ ဖမ်းဆီးတာ ၊ အလုပ်ထုတ်ပယ်တာ တွေ ပြင်းပြင်းထန်ထန် နှိမ်နှင်းမှုလုပ်ခဲ့လို့ ကျန်းမာရေးစောင့်ရှောက်မှု စနစ်က ပျက်စီးသလောက် ဖြစ်သွားခဲ့ပြီး ဆေးရုံတွေ ပိတ်ထားခဲ့ရတဲ့ အခြေအနေ ရောက်ခဲ့တာပါ။ အလားတူပဲ ပြည်သူ့ကျန်းမာရေး လုပ်ဆောင်မှု အနေနဲ့လည်း ကိုဗစ်ကူးစက်မှု အိန္ဒိယနယ်စပ်က ဝင်လာစပြုနေတာကို သတိပြုမိလျက်နဲ့ ကြိုတင်ကာကွယ်မှုတွေ ပညာပေးမှုတွေ လုပ်ဆောင်နိုင်ခြင်း မရှိပဲ စစ်ကောင်စီက ကျန်းမာရေး ဝန်ထမ်းတွေကို ဆက်လက်နှိပ်ကွပ်မြဲ နှိပ်ကွပ်နေခဲ့တာပါ။
အဲလိုအချိန်မှာ ကိုဗစ် ကာကွယ်မှုတွေလည်း မလုပ်နိုင်ပဲ ပညာပေးမှု၊ အကာအကွယ် လုပ်ကြဖို့ နှိုးဆော်မှုတွေ ဘာမှ မရှိသလောက် နဲ့ အခုလို ကူးစက်မှု တရှိန်ထိုး ပျံ့နှံ့ခဲ့တာသာ ဖြစ်ပါတယ်။
စစ်ကောင်စီဟာ ရခိုင်တုန်းက ရိုဟင်ဂျာတွေအပေါ် လူသားမျိုးတုံးသတ်ဖြတ်တဲ့ ရာဇဝတ်မှုကြီး စနစ်တကျ ကျုးလွန်သလို အခု မြန်မာပြည်သူတွေအားလုံးအပေါ် လူသားမျိုးတုံးသတ်ဖြတ်မှုတွေ ဆက်ကျုးလွန်နေသလား ဆိုတာကို ပြည်တွင်းပြည်ပက အမြန်ဆုံး ဆုံးဖြတ်ပြီး အမြန်ဆုံး တားဆီးကြဖို့ လိုနေပါပြီ။
ပြန်ကြည့်မယ်ဆိုရင် -ကိုဗစ်ဒုတိယလှိုင်းအဆင်းမှာ စစ်ကောင်စီက အာဏာသိမ်းလိုက်ပါတယ်။ ကိုဗစ် တတိယလှိုင်း အိန္ဒိယမှာ စတင်မြင့်မားလာချိန်ကတည်းက စစ်ကောင်စီ၊ နွေဥိးတော်လှန်ရေးအင်အားစုများနဲ့ ပြည်သူလူထုဟာ နိုင်ငံရေးတိုက်ပွဲ စစ်ရေးတိုက်ပွဲတွေထဲမှာ နစ်မြုပ်နေခဲ့ ပြီး ဖြစ်ပါတယ်။ နိုင်ငံတကာမှာ ကိုဗစ်ကာကွယ်ဆေးတွေ ပြည်သူဆီအရောက်ပို့နိုင်ရေး ရုန်းကန်ဆောင်ရွက်နေချိန်မှာ မြန်မာပြည်က ရောဂါပြန့်ပွားနှုန်းတွေကို ဂရုမစိုက်နိုင်ဘဲ၊ လူစုလူဝေးတွေနဲ့ ဘဏ်တွေမှာ အေတီအမ်မှာ နေ့စဉ်အသုံးစာရိတ်လောက်ငှဖို့ တန်းစီပြီး အလှည့်ကျ ငွေထုတ်ဖို့ ပူပန်ကြောင့်ကြခဲ့ကြရတာဖြစ်ပါတယ်။ စစ်ကောင်စီ၏ ဖိနှိပ်တိုက်ခိုက်သတ်ဖြတ်မှုတွေကြောင့် ပြည်သူလူထုဟာ မိမိတို့ အိုးအိမ် အလုပ်အကိုင်တွေကို စွန့်ခွာပြီး စစ်ဘေးရှောင်တွေ မင်းဘေးရှောင်တွေနဲ့ တောထဲတောင်ထဲ တရပ်တကျေးတွေဆီ ထွက်ပြေးခဲ့ကြရပါတယ်။ မရှောင်တိမ်းနိုင်သူတွေကိုလည်း ထောင်နဲ့ အကျဉ်းစခန်းအများအပြားမှာ ထိန်းသိမ်းဖမ်းဆီး နှိပ်စက်ညှင်းပန်းနေခဲ့တာ ဖြစ်ပါတယ်။ ကျန်းမာရေးစောင့်ရှောက်မှု တပြည်လုံး အတိုင်းအတာနဲ့ လုံး၀ မရရှိခဲ့ကြပါဘူး။ အိမ်မှာ ကျန်ရစ်ခဲ့တဲ့ပြည်သူတွေကို အခွန်ပေးဖို့၊ မီတာဘီလ်ပေးဆောင်ဖို့ ဖိအားပေးပြီး အချိန်မရွေး မင်းမဲ့စရိုက်ဝင်ရောက် ကျုးကျော်ကြပါတယ်။ စိတ်ရော ကိုယ်ပါ ထိခိုက်အောင် ဖိနှိပ်ခဲ့တာ ဖြစ်ပါတယ်။ အဲသည်လို ပြည်သူကို ချုပ်ကိုင်ကန့်သတ်ထားတဲ့အချိန်၊ ကိုဗစ်တတိယလှိုင်းဝင်ရောက်လာချိန်မှာ စစ်ကောင်စီက ဘာမှ ပြင်ဆင်ကာကွယ်ထိန်းချုပ်ခြင်း လုံး၀မပြုဘဲ ကိုဗစ်လှိုင်းလုံးကြီးများအောက်ကို ပြည်သူကို နစ်မြုပ်သေဆုံးပျက်စီးအောင် တွန်းချလိုက်ခြင်းပဲ ဖြစ်ပါတယ်။
သည်အတွက် စစ်ကောင်စီပြင်ပက အဖွဲအစည်းတွေ၊ နိုင်ငံတကာက ကိုဗစ်မဖြစ်ခင်ကတည်းက မြန်မာပြည်မှာ စစ်ဘေးနဲ့ တော်လှန်ရေးတိုက်ပွဲများအောက်မှာ ပြည်သူတွေ စားနပ်ရိက္ခာအကြပ်အတည်း ကျန်းမာရေး အကြပ်အတည်းများ ရင်ဆိုင်ရနိုင်ကြောင်း သတိပေးထားပြီး ဖြစ်ပါတယ်။ လူထု၏ ထောက်ခံမှု မျော်လင့်မှုတွေ ရှိနေတဲ့ CRPH NUG ဘက်ကကော ဘာတွေ လုပ်ခဲ့တာ ရှိသလဲ။ ပြန်ကြည့်ရအောင်ပါ။
NUG အစိုးရက လူသားချင်းစာနာကူညီရေးနှင့် ဘေးအန္တရာယ်တုံ့ပြန်ရေး ကော်မရှင်ကို ဇူလိုင် ၁ ရက် မှာ ဖွဲ့ခဲ့ပါတယ်။
COVID-19 တတိယလှိုင်း နှင့်ပတ်သက်ပြီး NUG ကျန်းမာရေးဝန်ကြီးဒေါက်တာဇော်ဝေစိုး၊ မန္တလေးဆေးတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာခင်မောင်လွင်တို့က ထုတ်ပြန်ချက် ဟောပြောချက်တွေကို ဇူလိုင် ၁ က စပြီး ထုတ်လွှင့်ကြပါတယ်။
မန္တလေးဆေးတက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာခင်မောင်လွင်၏ COVID 19 နှင့်ပတ်သက်သော အကြောင်းအရာများ မျှဝေခြင်း အစီအစဉ်ကို PV TV က ဇူလိုင် ၂ က စတင်လွှင့်ထုတ်ပါတယ်။
အွန်လိုင်းကဆင့် ပညာရှင်များ၊ ကျန်းမာရေးဟောပြောပွဲတွေမှာ ဆရာဝန်များ ကျန်းမာရေးဝန်ထမ်းများက ဟောပြောတင်ပြကြပါတယ်။
NUG ကျန်းမာရေးဝန်ကြီးဌာနက ကိုဗစ် ၁၉ ဗဟုသုတစင်တာ လူမှုကွန်ယက်စာမျက်နှာကို ဇူလိုင်လ ၄ရက်နေ့က စတင်ဖွင့်လှစ်လိုက်ပါတယ်။ NUG အစိုးရက Corona Virus Disease 2019(COVID 19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့်ကော်မရှင်ကို ဇူလိုင် ၈ မှာ စတင် ဖွဲ့စည်းပါတယ်။
ကိုဗစ်-၁၉ ရောဂါဆိုင်ရာ ကျန်းမာရေးအသိပညာ ဖြန့်ဝေရေး လူထုလှုပ်ရှားမှု ရက်သတ္တပတ် (၂၀၂၁ ခုနှစ်၊ ဇူလိုင်လ (၁၂) ရက်နေ့မှ (၁၈) ရက်နေ့အထိ) ဆောင်ပုဒ် - “ပြည်သူက ပြည်သူကို စောင့်ရှောက်ခြင်းဖြင့် ကိုဗစ်-၁၉ ရောဂါကို အနိုင်ယူပါ” ကို NUG ကျန်းမာရေးဝန်ကြိးဌာနက ထုတ်ပြန်ပါတယ်။
ဒါကတော့ NUG အစိုးရ၏ ဗြူရိုကရေစီယန္တယားဆိုင်ရာ အစီအမံတွေ ဖြစ်ပါတယ်။ လက်တွေ့မြေပြင်မှာ ပြည်သူတွေအတွက် လိုအပ်ချက်ဖြစ်တဲ့ telemedicine, resources allocation, data collection နဲ့ လက်တွေ့ တိုက်ရိုက် ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုတာကတော့ စစ်ကောင်စီရဲ့ လက်နက်အားကိုး မင်းမဲ့စရိုက် လူမျိုးတုံးသတ်ဖြတ်နေမှု ကိုဗစ်ကပ်ကို မတားဆီးဘဲ ဥပက္ခာပြုထားမှုတွေအောက်မှာ လက်တွေ့ မဖြစ်နိုင်ပါဘူး။
Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar