စိမ်းစို - ကြောက်ဖို့ ကောင်းရလောက်အောင် ဆွဲဆောင်သူ
စိမ်းစို - ကြောက်ဖို့ ကောင်းရလောက်အောင် ဆွဲဆောင်သူ၊ အောင်ဆန်းစုကြည်
(မိုးမခ) ဇူလိုင် ၁၂၊ ၂၀၂၁
တကယ်က ခုခေတ်လို ဒရုမ်းတွေသာရှိမည်ဆိုလျှင် အဲဒီတုန်းက ရွှေတိဂုံဘုရားအနောက်ဘက်မုခ်ရှေ့ရှိ မိန့်ခွန်းပြောရန်ဆောက်လုပ်ထားသောစင်မြင့်ကြီး၏ရှေ့က သမိုင်းမှာစံချိန်တင်သွားရလောက်အောင် များပြားလှသည့် လူထုပရိသတ်ကြီးကို ဓာတ်ပုံထဲတွင် ပုရွက်ဆိတ်ကလေးများကဲ့သို့ အစက်အပြောက် ကလေး များ အဖြစ် ဖြင့်သာ မြင်ရမည် ဖြစ်လေသည်။
စင်မြင့်ကြီး ၏နဖူးစည်းမှာတော့ ‘ပါတီစုံ ဒီမိုကရေစီ ရရှိရေး လူထု စည်းဝေးပွဲကြီး’ ဟူသောစာတန်းကြီး က နေရာယူထားသည်။ စာတန်းကြီး၏အောက်ဘက် စင်ညာဘက် နောက်ဘက် ခပ်ကျကျမှာတော့ ရုပ်ရှင် ပိုစတာခပ်လတ်လတ်အရွယ် ဗိုလ်ချုပ်အောင်ဆန်း ၏ ကိုယ်တစ်ပိုင်း ဓာတ်ပုံကြီး ကို နောက်ခံအဖြစ် မြင်နေရသည်။ စင် ၏ ဘယ်ဘက် ရှေ့နား လောက်မှာတော့ စကားပြောရန် မိုက်ခွက် ထောင်ထားသည်။ မိုက်ခွက် ၏ နောက်နား မှာတော့ ၁၉၄၅ ခုနှစ် မတ်လ ၂၇ ရက် ဖက်ဆစ်ဂျပန် တို့ကို တစ်ပြည်လုံး အတိုင်းအတာ ဖြင့် တော်လှန်ခဲ့စဉ်က အသုံးပြုခဲ့သော ဖက်ဆစ်တော်လှန်ရေး အလံ ကို တွေ့ရသည်။
နောက်ခံ အနီရောင် ပေါ်တွင် ကြယ်ဖြူတစ်လုံး က ညာအပေါ်ထောင့်ဘက် မှာ တောက်ပနေပါသည်။
ကျွန်တော့်ဘေး ကပ်လျက် မှာ အဖေ ရှိသည်။ ရှေ့ညာယွန်းယွန်း လောက်မှာ အဲဒီတုန်းက ၁၆နှစ်သား လောက်ပဲ ရှိသေးသည့် ကျွန်တော့် အစ်ကို ရှိလေသည်။ အစ်ကို နှင့် ကျွန်တော့်ကြား မှာတော့ ဘုန်းကြီးတစ်ပါး ရှိနေသည်။ ဘယ်ဘက်လက် ဖြင့် ခါးကို ထောက်ထားသော ထို ဘုန်းကြီး ၏ ချိုင်းကြား မှ ချိုင်းမွေးမည်းမည်းတွေကို ကျွန်တော် မြင်နေရသည်။ ဟိုးအဝေး စင်မြင့်ကြီး ရှိရာကို ကျွန်တော် တစ်ခါတစ်ခါ လူတွေကြားက ခုန်ဆွခုန်ဆွ လုပ်၍ ကြည့်မိသော်လည်း ရှုပ်ယှက်ခတ်နေသည့် ခေါင်းတွေ လက်တွေ ကြားမှာ မြင်ကွင်း က ဝိုးတဝါး ဖြစ်နေသည်။ ကျွန်တော် က ချာတိတ်ကလေး ဖြစ်သည်။
ပူပြင်းလှသည့် မွန်းတည့်နေရောင် အောက် ပျားအုံပေါ်က ပျားကလေး တွေလို တရွရွ ဖြစ်နေသည့် လူတွေ ကြားမှာ ကျွန်တော် ရပ်နေရာက ငြီးငွေ့လာသည်။ ဘေးက အဖေ့ကို ကြည့်မိတော့ အဖေ ကတော့ ဟိုးရှေ့ကို မျှော်ကြည့်ရင်း လောက်စပီကာတွေထဲကထွက်လာနေသည့်အသံကို နားထောင်နေသည်။ ဒီလောက် များလှသည့် ရန်ကုန်တမြို့လုံးများ ရောက်နေလား ထင်ရလောက်သည့် လူတွေ…. ကျွန်တော့်ဘဝတွင် ပထမဆုံး အနေ နှင့် တွေ့ရသည့် ကိုယ့်သဘော ကိုယ့်ဆန္ဒ နှင့် ဒီနေရာကို အလိုအလျောက် ရောက်လာခဲ့ကြသည့် များပြားလှသည့် လူတွေ…ကျွန်တော် ဟိုဟိုဒီဒီ လှည့်ပတ်ငေးမော နေတုန်း မှာပဲ စင်ပေါ်က ပြောနေသည့် အမျိုးသမီး ၏ အသံ ကို ကြားနေရသည်။
‘တကယ်ဆိုရင် ဒီ အရေးတော်ပုံကြီးဟာ ဒုတိယမြောက်လွတ်လပ်ရေး တိုက်ပွဲလို့ ခေါ်ဆို နိုင်ပါတယ်’
အမျိုးသမီး၏ အသံကို ကျွန်တော် ကြားနေရပါသည်။
‘ကျွန်မအနေနဲ့က ဖေဖေ့သမီးလုပ်နေပြီးတော့ နေနေလို့ မဖြစ်တော့တဲ့အတွက် ပါဝင်လာခဲ့ရခြင်း ဖြစ်ပါတယ်’
စင်ပေါ်က ပြောနေသူ မှာ ကျွန်တော်တို့ တိုင်းပြည် လွတ်လပ်ရေး ဖခင်ကြီး နှင့် အမျိုးသား ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း ၏ သမီး ဖြစ်သူ ဒေါ်အောင်ဆန်းစုကြည် ဖြစ်ပါသည်။
ထိုနေ့က သူ့ မိန့်ခွန်း ကို တက်ရောက်လာသူ လူငါးသိန်း လောက် နှင့်အတူ ကျွန်တော် နားထောင်ပြီးနောက် သုံးပတ်လောက် အကြာတွင် တပ်မတော် က အာဏာသိမ်းလိုက်ခြင်းဖြင့် ၁၉၈၈ ခုနှစ် ရှစ်လေးလုံး အရေးတော်ပုံကြီး နိဂုံးချုပ်သွားရပါသည်။
နောက်တစ်လလောက်ထပ်ကြာတော့ သူ့ကို အသစ်ဖွဲ့စည်းလိုက်သည့် ‘အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်’ ၏ အထွေထွေအတွင်းရေးမှူး အဖြစ် သတင်းစာနှင့်တကွ အခြား သက်ဆိုင်ရာနေရာများတွင် ကျွန်တော် စတင် မြင်တွေ့ရပါသည်။
…………………………….. ………………………. …………………………
ထိုအချိန်က သူ့အသက်မှာ လေးဆယ်ကျော်လောက် ဖြစ်ပြီး ချောကောင်းတုန်း ဖြစ်သည်။ သူ က ပိန်ပိန်ပါးပါး သေးသေးသွယ်သွယ် ဖြစ်သည်။ သူ့ မျက်နှာကျပုံက ဗိုလ်ချုပ်အောင်ဆန်းနှင့် အလွန်ဆင်သည်။ အကယ်၍သာ သူ့ဓာတ်ပုံတစ်ပုံကိုယူ၍ ဆံပင်တို့ကို လက်နှင့်ကွယ်ထားလိုက်လျှင် သူနှင့် ဗိုလ်ချုပ်အောင်ဆန်းတရုပ်တည်းလိုလို ထွက်လေသည်။
တရုပ်တည်းလိုလိုဆိုသော်လည်း မျက်နှာနှင့်မေးရိုးကျပုံတွင် သူက သူ့အဖေထက် ပိုပြီးထင်ရှား ပြတ်သား ဥပဓိရုပ်အနေဖြင့် အလွန်ညှို့အားကောင်းသူတယောက် ဖြစ်သည်။
ကိုယ်ဟန်အမူအရာ နှင့်တကွ ပြုမူပြောဆိုပုံတို့မှာ ကိုယ့်ကိုယ်ကိုယ် ယုံကြည်စိတ်ချမှုအပြည့်အဝရှိသူ တစ်ဦး ဖြစ်ကြောင်း သိသာသည်။ သတ္တိရှိပုံ ပေါ်သည်။ ရွံ့တွန့်တွန့် အမူအရာ မျိုး သူ့တွင်မရှိ။ အသက် ငယ်ငယ်လေး ကတည်းက ပြည်ပသို့ ရောက်ရှိပြီး ဗြိတိန်နိုင်ငံမှာ အရွယ်ရောက်ကြီးပြင်းခဲ့သူမို့လား မသိ၊ မြန်မာတို့တွင် တွေ့ရတတ်သော ခေါက်ရိုးကျိုးနေဟန်ရှိသည့် သြဇာအာဏာ အပေါ် ရိုကျိုးညွှတ်တွားတတ်သော စိတ်မျိုး သူ့တွင်အလျဉ်းမရှိ။ တွေဝေခြင်းလည်း ကင်းပုံပေါ်သည်။
ထိုကဲ့သို့သော သူသည် ကုလဝန်ထမ်းဘဝ၊ ပညာရှင်ဘဝ၊ အိမ်ထောင်ရှင်မ ဘဝတို့ကို ဖြတ်သန်းနေရာမှ ကျန်းမာရေးချို့တဲ့နေသည့် မိခင်ဖြစ်သူကို ပြုစုစောင့်ရှောက်ရန် မြန်မာပြည်သို့ ခဏပြန်လာချိန်နှင့် တိုက် တိုက်ဆိုင်ဆိုင် မြန်မာ့ နိုင်ငံရေးမုန်တိုင်းကြီးနှင့် တည့်တည့်တိုး လေသည်။
ယင်းသည်ပင် သူ့ နိုင်ငံရေးဘဝ ခရီးစဉ် ၏ အစ ဖြစ်တော့သည်။
…………………………… ………………………. …………………………..
လ အနည်းငယ်ဟူသည် မပြောပလောက်သော အချိန်ကာလတစ်ခု ဖြစ်သည်။ သို့သော် ၁၉၈၈ ခုနှစ် နှစ်လယ်ပိုင်းက လအနည်းငယ်ကတော့ အချို့အချို့ သူများအတွက် ပြောပလောက်အောင် အပြောင်းအလဲ ဖြစ်စေခဲ့သော လအနည်းငယ် ဖြစ်ခဲ့သည်။ အခုပဲ တက္ကသိုလ်တက်နေရာက၊ အစိုးရဝန်ထမ်းလုပ်နေရာက လအနည်းငယ်အကြာတွင် ထိုင်းမြန်မာနယ်စပ် တောစပ်တောင်စပ်တွင် လက်နက်ကိုင်တော်လှန်ရေးကို ဆင်နွှဲရန် ရောက်သူတွေ ရောက်သွားကြသည်။ သူ့အတွက်ကတော့ အင်္ဂလန်အေးချမ်းရိပ်မြုံတွင် မိသားစု နှင့်အတူနေထိုင်နေရာက သူစိမ်းတွေ အလယ်သို့ ပြန်ရောက်သွားရသလို ဖြစ်သွားသည်။
အင်္ဂလန်တွင် သူ့ခင်ပွန်းနှင့် ထိုစဉ်က ကျွန်တော် နှင့် အရွယ်မတိမ်းမယိမ်း ချာတိတ်ကလေးတွေသာသာ သာရှိသေးသော သားငယ်နှစ်ယောက် ကျန်ရစ်ခဲ့လေသည်။ သူ့ခင်ပွန်း ဖြစ်သူ မိုက်ကယ်အဲရစ်မှာ အင်္ဂလိပ်လူမျိုးသမိုင်းပညာရှင်တဦးဖြစ်ပြီး သူ နှင့် အောက်စဖို့တက္ကသိုလ်တွင် ဆုံစည်းခဲ့ကြခြင်း ဖြစ်သည်။ သူတို့နှစ်ယောက် မင်္ဂလာပွဲ မှာ သူက မြန်မာ သတို့သမီး ဝတ်စုံသာ ဆင်ယင်ခဲ့တာ ဓာတ်ပုံများတွင် မြင်ခဲ့ကြရသည်။ သားနှစ်ယောက် ကိုတော့ သူ မြန်မာပြည် သို့ ခဏပြန်လာ၍ ရှင်လာပြုပေးခဲ့သေးသည်။
မိုက်ကယ်အဲရစ် နှင့် သူ လက်ထပ်ကြစဉ်က တစ်ချိန်တွင် မြန်မာပြည် က သူ့ကို လိုအပ်ပါက သူ မြန်မာပြည် သို့ ပြန်ရမည် ဟု သူ ပြောခဲ့သည် ဟု ကြားရသည်။ ကျွန်တော် သေသေချာချာ တော့ မသိ။ သို့သော် သေသေချာချာ တွေ့မိတာကတော့ လန်ဒန်မြို့ နှင်းမှုန်ဖွဲဖွဲ ထဲတွင် ကုတ်အင်္ကျ ီ ကို ဝတ်ပြီး ကျယ်ဝန်း ဖြောင့်စင်း သော လမ်းများ ပေါ်တွင် သွားလာနေရာမှ ဗြုတ်ခနဲ ကမ္ဘာကြီး ပဲ ပြောင်းပြန်လှန် သွား သလိုလို သူ သည် ခမောက်ဆောင်းလျက်၊ ပင်နီဝတ်လျက်၊ ထမီစည်းလျက်၊ မျက်နှာမှာ ချွေးစတွေ ယိုစီးလျက် နှင့် ရွှံ့တွေဗွက်တွေ ဖုန်တွေသဲတွေ ပွက်ထနေသော နယ်ဘက်က မြို့များ ရွာများ တခိုတွင် မဲဆွယ်စည်းရုံးရေး ဆင်းနေတာကို တွေ့ရလေသည်။
ခမောက် နှင့် ပင်နီက သူ့ပါတီဖြစ်သော ‘အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်’ ၏ သင်္ကေတ ဖြစ်သည်။ ထို့အတူ နရသိမ်အကျဉ်းစခန်း နှင့် ပါးကွက်အာဏာသား တို့၏ စစ်ကြောရေးစခန်းများကလည်း သူနှင့်တကွ သူ့ပါတီဝင်များနှင့် အထူးတလည် သက်ဆိုင်သည့်သင်္ကေတများ ဖြစ်လာသည်။
ထို့နောက်မှာတော့ အသက်မွေးဝမ်းကြောင်းလုပ်ငန်းများကိုမလုပ်ကိုင်နိုင်အောင် ပိတ်ပင်ခံရခြင်း၊ အမြဲတစေ အောက်ခြေအာဏာပိုင်အဖွဲ့အစည်းများ၏ စောင့်ကြည့်ခံရခြင်းတို့နှင့်တကွ ကျင်လည်ရာ အသိုင်းအဝန်းမှ လူများကပါ ဘေးအန္တရာယ်ကို စိုးရွံ့၍ မသိမသာဖယ်ကျဉ်ကြခြင်း စတာတွေကပါ သူ့ပါတီနှင့် စပ်ဆိုင်သည့် သင်္ကေတတွေ ဖြစ်လာသည်။
မြန်မာ့ နိုင်ငံရေးလောကသို့ သူ ဝင်ရောက်လာပုံမှာ အင်္ဂလိပ်လိုဆို ဥက္ကာပျံသလိုဟု ဆိုရမည် ထင်သည်။ မြန်မာ တစ်မျိုးသားလုံး ချစ်ခင်ကြည်ညို ကြသည့် အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ သမီးဖြစ်သောကြောင့် စကတည်းက အားလုံးကိုကျော်ဖြတ်၍ ထိပ်ဆုံးသို့ တန်းရောက်လာသည်ဟု ဆိုချင်လည်းဆိုနိုင်သည်။ တမဟုတ်ချင်း သူထွန်းလင်းတောက်ပလာပုံမှာ အိပ်မက်ဆန်သည်။
သို့သော် သူ့ ဥပဓိအင်္ဂါရုပ်နှင့်တကွ သူ့ပင်ကိုအရည်အသွေး နှင့် အရည်အချင်းတို့ကြောင့် ဗိုလ်ချုပ်အောင်ဆန်းသမီးမဟုတ်ခဲ့လျှင်လည်း တစ်မဟုတ်ချင်း မဟုတ်တောင်မှ နှစ်မဟုတ်ချင်းတော့ သူထိပ်ဆုံးသို့ ရောက်လိမ့်မည်ဟု ကျွန်တော် ယုံကြည်သည်။
……………………………… ………………………….. …………………………
အမျိုးသားခေါင်းဆောင်ဟူသော စကားလုံးကို ဘယ်လို ဖွင့်ဆိုရမည်မသိ။ တိုင်းပြည်တပြည်၏ လူထုလူ တန်းစားအားလုံးကိုစည်းရုံး၍ ရည်မှန်းချက်ပန်းတိုင် တခုသို့ ရောက်အောင် စွမ်းဆောင်သူဟု ပြောလို့ရမလားမသိ။ ဘယ်လိုပဲ အဓိပ္ပာယ်ရှိရှိ မြန်မာလူထုအတွက်တော့ သူ လူတွေကို စကား စပြောသည့် ၁၉၈၈ သြဂုတ်လ ၂၆ ရက်နေ့ ရွှေတိဂုံအနောက်ဘက်မုခ်က လူထုစည်းဝေးပွဲကြီးကတည်းက သူ့ကို ခေါင်းဆောင်အဖြစ်သတ်မှတ်လိုက်ကြပြီး ဖြစ်လေသည်။
လူထုက သူ့အပေါ်ချစ်ပုံမှာ သူ့အဖေကို ချစ်ပုံ နှင့်ပင် မတူလှ။ သူ့ကို ကရုဏာသက်သော သဘောကလေး လည်း ပါသည်ကို တွေ့ရသည်။ ငယ်ငယ်ကတည်းက ကျင်လည်ခဲ့၍ ကိုယ့်မြေလို ဖြစ်နေသည့် ဗြိတိန် လို နိုင်ငံကြီးမှာ အခြေတကျနေထိုင်နေပြီ ဖြစ်သည့် မိသားစုကို သူ စွန့်လာခဲ့ရသည်။ ကလေးနှစ်ယောက်က လူမမယ်အရွယ်ကလေးတွေ ဖြစ်သည်။ ခင်ပွန်းဖြစ်သူအနေနှင့်ကော သူ့အနေနှင့်ပါ အရွယ်အားဖြင့် တစ်ယောက် တစ်ယောက် အပြန်အလှန် အမှီသဟဲ ပြု၍ မိသားစု ကြီးပွားတိုးတက်ရေး အတွက် လုပ်ကြရမည့် အချိန် ဖြစ်နေသည်။ ဒါတွေအားလုံး မှန်တစ်ချပ်ကို ခွဲလိုက်သလို ဖွာရရာကြဲသွားသည်။ မြန်မာပြည် ဒီမိုကရေစီအရေးတော်ပုံအတွက် သူပေးခဲ့ရသည့်တန်ဖိုးမှာ တည်ငြိမ်အေးချမ်း လှသောသူ့ဘဝဖြစ်သည်။
တိုင်းပြည်၏တခုတည်းသော အစိုးရသတင်းစာများထဲတွင် ကလောင်အမည် အမျိုးမျိုးဖြင့် သူ့ကိုဝေဖန်ပုတ်ခတ်ဆဲရေးရှုတ်ချသောဆောင်းပါးတွေ နေ့စဉ်ပြူးတူးပြဲတဲခေါင်းစဉ်များဖြင့် ပါလာသည်။ ထိုဆောင်း ပါးများနှင့်တကွ တခါခါ အစိုးရသတင်းစာရှင်းလင်းပွဲများမှာပါ သူ့ကို ဒေါ်အောင်ဆန်းစုကြည်ဟု မခေါ်၊ ဒေါ်စုကြည်ဟုသာ ခေါ်သည်။ သူ အိမ်အကျယ်ချုပ်ကျနေစဉ် တခါမှာလားတော့ မသိ၊ သူ့ကို ဒေါ်စုကြည် ဟုခေါ်သဖြင့် သူ့အမည်ဒေါ်စုကြည်မဟုတ်ကြောင်း နှင့် ဒေါ်အောင်ဆန်းစုကြည်သာ ဖြစ်ပါကြောင်း သူ တုံ့ပြန်ဖူးသည်။
၁၉၉၀ ခုနှစ် တွင်ပြုလုပ်သော ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲအတွက် ၁၉၈၉ ခုနှစ်တွင် သူ စည်းရုံးရေး တွေ ဆင်းရသည်။ ရောက်လေရာရာ မှာ လူထုကြီး က အုံလိုက်ကျင်းလိုက် သူ့ကို ကြိုဆိုသည်။ နေရာတိုင်းတွင် သူ စကားတွေ ပြောရသည်။ တရားဟောရသည်။
စစ်အုပ်ချုပ်ရေး အာဏာပိုင် တို့ကလည်း သူ ဘယ်သွားသွား နောက်က လိုက်လံ၍ နည်းအမျိုးမျိုး ဖြင့် အနှောင့်အယှက် ပေးကြလေသည်။ တစ်ခါတွင်မူ ဓနုဖြူ မြို့တွင် သူ့ ကြောင့် လူစုလူဝေး ဖြစ်စေသည်ဟု ဆိုကာ လူစုခွဲခိုင်း၍ သူ့ကို စစ်သားတစ်ဦး က သေနတ် နှင့် ပစ်မည် လုပ်သည်ကို ထို စစ်သား ၏ အထက်အရာရှိ တစ်ယောက် က အချိန်မီ ဝင်တားလိုက်ရသည် ဟု သတင်းကြားရသည်။
တစ်ခါမှာတော့ သတင်းစာရှင်းလင်းပွဲ မှာ ထိုစဉ်က ‘နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေး အဖွဲ့’ ၏ အတွင်းရေးမှူး လုပ်နေသည့် ဗိုလ်မှူးချုပ်ခင်ညွန့် က ဒေါ်စုကြည် သည် တပ်မတော်အပေါ် ရန်သူသဖွယ် သဘောထားနေသည် ဟု ပါးစပ်က ထုတ်ပြောသည်။
ကျွန်တော် ထင်တာကတော့ တပ်မတော် က သူ့အား ရန်သူသဖွယ် သဘောထားနေခြင်းသာ ဖြစ်သည် ဟု ထင်သည်။
………………………….. ………………………. ……………………………
သူ နိုင်ငံရေးလောကသို့ ဝင်လာပြီး တစ်နှစ်မှမပြည့်သေးမီ ၁၉၈၉ ခုနှစ် တွင် သူ ပထမဆုံးအကြိမ် နေအိမ်အကျယ်ချုပ် ကျလေသည်။ ဘာပုဒ်မနှင့်လဲတော့ မမှတ်မိတော့။ ‘နိုင်ငံတော်အား နှောင့်ယှက်ဖျက်ဆီးလိုသူ တို့၏ဘေးရန် မှ ကာကွယ်စောင့်ရှောက်ခြင်း ဥပဒေ’ ဆိုတာနှင့်လားတော့ မသိ။ ဥပဒေအရတော့ အတော်အငြင်းပွားဖွယ် ရှိသည့် စကားလုံး များ ဖြစ်သည်။ နောင် လေးငါးခြောက်နှစ်အကြာ သူ့ အိမ်ရှိရာ တက္ကသိုလ်ရိပ်သာလမ်းဘက်ရောက်လျှင် သူ့အိမ်ရှေ့နားမလှမ်းမကမ်းမှစတင်၍ ယာဉ်များဖြတ်သန်းခွင့် ပိတ်ပင်ထားပြီး အကာအရံအတားအဆီးများချထားတာကို လှမ်းလှမ်းတွေ့ရသည်။ သူ့ခြံဝမှာ စစ်သားတွေ ထာဝစဉ်စောင့်ကြပ်နေကြသည်။ သူကား အင်းလျားကန်ကို ကျောပေးထားသည့် သူ့ ခြံထဲမှာ သူအကျဉ်းပြန်ကျနေလေသည်။
နောင်အခါမှာတော့ ‘We are prisoners in our own country’ ‘ကျွန်တော်တို့ အားလုံး ကျွန်တော်တို့ တိုင်းပြည်ထဲတွင် ပြန်ပြီး အကျဉ်းသားများ ဖြစ်နေကြပါသည်’ ဟု သူ ကမ္ဘာကို ပြောခဲ့လေသည်။
တကယ်တော့ သူ နေအိမ်အကျယ်ချုပ် ကျခံရတာ နှစ်ခါ သုံးခါ မက နှစ်တွေ မနည်းလှ။ မြန်မာ့ နိုင်ငံရေး မျက်နှာစာ တွင် ၁၉၈၈ ခုနှစ် က စ၍ သူ ရှေ့ဆုံးမှာ အမြဲ ရှိနေသော်လည်း လူ အနေနှင့်ကား သူ့ ခြံဝန်း အတွင်းထဲမှာ ကမ္ဘာကျော် အကျဉ်းသား အဖြစ် နေခဲ့ရသည့် နှစ်တွေမှာ ဆယ့်လေးငါးနှစ် မက ရှိမည် ထင်သည်။ သူ့ကို ကျွန်တော် စတွေ့အပြီး တစ်နှစ် မပြည့်ခင်တွင်ပင် သူ နေအိမ် အကျယ်ချုပ် ပြစ်ဒဏ် စတင် ကျခံခဲ့ရပြီး နောက်တစ်နှစ်မှာ ပြုလုပ်သော ပြည်လုံးကျွတ် ရွေးကောက်ပွဲ တွင် ဝင်ရောက်ယှဉ်ပြိုင်ခွင့် ကို စွန့်လွှတ်ခဲ့ရသည်။ သို့သော် သူ့ပါတီ အနေဖြင့်မူ တစ်ပြည်လုံး အတိုင်းအတာ ဖြင့် ရွေးကောက်ပွဲ ကို အောင်နိုင်ခဲ့လေသည်။
နောက်ပိုင်းတွင် ဆက်၍ ဖြစ်သော ကိစ္စများကား အခုဆိုလျှင် သမိုင်းစာမျက်နှာ များ ပေါ်သို့ ရောက်ခဲ့ပြီ ဟု ပြောရပါမည်။
…………………………….. ………………………. …………………………
လူတကာသိကြပြီးသည့် အကြောင်းအရာအနေနှင့်ကား သူသည် ဘာသာစကားဆိုင်ရာ ပါရမီပါသူ တစ်ဦး ဟု ပြောရမည် ဖြစ်သည်။
အင်္ဂလိပ်စာ အင်္ဂလိပ်စကား ကို မိခင် ဘာသာစကား နှင့်မခြား ကျွမ်းကျင်နိုင်နင်းသည်။ သူ မြန်မာလို ပြောရာမှာပင် အင်္ဂလိပ် လို အရင်ပြော၍ ထိုပြောတာကို မြန်မာလို ပြန်၍ ပြောပုံမျိုး ဖြစ်နေသည်။ သတိထား၍ မပြောလျှင် ဖောင်းပွတတ်သော မြန်မာစကား ကို ကျစ်လျစ်သေသပ်စွာ ပြောတတ်သည် ကို သတိပြုမိသည်။ သူ မြန်မာလို ပြောတာတွေကို အင်္ဂလိပ်လို ဘာသာပြန်ရလျှင် အတော်လွယ်ကူ လိမ့်မည် ထင်သည်။ အင်္ဂလိပ်စကားလုံး ကို မြန်မာလို ပြောရာတွင် ညှပ်သုံးခြင်းမျိုး မရှိ။ မြန်မာလိုသာ တိတိကျကျ ကြိုးစား၍ ပြောတာကို တွေ့ရသည်။ သူ နေအိမ်အကျယ်ချုပ် ပထမအကြိမ် ကျခံနေစဉ် အတွင်း ထွက်ခဲ့သော ‘Freedom from Fear’ စာအုပ်မှာ သူ့နာမည် သူ့ဂုဏ်သတင်း တွေနှင့် တွဲဖက် ကျော်ကြားသည်။ ‘Letters from Burma’ မြန်မာပြည် မှ ပေးစာများ ဟူသော အမည် နှင့်လည်း စာအုပ်ထွက်သေးသည်။
အင်္ဂလိပ် လိုသာမက ပြင်သစ်လိုပါ သူ ကျွမ်းကျင်သည်။ ဂျပန်တွင် ပညာရေးတာဝန် တစ်ခု ဖြင့် နေဖူးသူ ဖြစ်၍ ဂျပန်လိုလည်း သူ ရသည် ကြားဖူးသည်။ တစ်နေရာမှာတော့ အခမ်းအနား တစ်ခု တွင် သူ ပြင်သစ်လို ပြောသည် ဟု သိရတော့ ကျွန်တော် အံ့သြမိသေးသည်။ တကယ်က ပြင်သစ်စာ ပြင်သစ်စကား နှင့် သူ ဘယ်လိုမှ မြန်မာပြည် သို့ ပြန်ရောက်ပြီး နောက်ပိုင်း နှစ်များတွင် တွေ့ထိစရာ အကြောင်းမရှိ လေရာ အခမ်းအနား မှာ စကားပြောနိုင်သည် အထိ သူ တတ်နိုင်သောကြောင့် အံ့အားသင့်မိ ရတာဖြစ်သည်။
နောက်တစ်ခုက သူသည် စာဖတ်တာ စာရေးတာလည်း ဝါသနာပါသူ ဖြစ်သောကြောင့် နိုင်ငံရေး ဆိုင်ရာ ကိစ္စရပ် များတွင် သူ ရွေးချယ်သုံးစွဲသော စကားစုကလေး များမှာ အဓိပ္ပာယ် ပါ ရုံမက ကျစ်လျစ်လှပ နေတတ်တာ ဖြစ်လေသည်။
‘Freedom from Fear’ ၊ ‘Dialogue or Utter devastation’ ၊ ‘Use your liberty to promote ours’
အစရှိတာတွေနှင့် ပင် သက်သေပြ၍ ရသည်။
သူ ပြောသော စကား၊ သူ ရေးသောစာ တွေက အစမဖွာ၊ မအီ၊ မဖွယ်၊ မပွ။ ကျစ်ကျစ်လျစ်လျစ် သေသေ သပ်သပ် ရှိသည်။ ပျော့ပျောင်းသည်။ အင်္ဂလိပ်စာ၊ စကား ၏ အငွေ့အသက်တွေ အများကြီး ပါလေသည်။
……………………………… ……………………………. ……………………………
ကျွန်တော် အရွယ်ရောက်စအချိန်တွင် သူ လျှမ်းလျှမ်းတောက် နေပြီဖြစ်ကာ ကမ္ဘာ့ငြိမ်းချမ်းရေး နိုဗယ်ဆုကြီး ကို ဆွတ်ခူးပြီးလေပြီ။ ထိုမျှမက အခြားသောလူ့အခွင့်အရေး ဆိုင်ရာ ဆုတံဆိပ်များကိုလည်း ပိုင်ဆိုင်ပြီးနေပြီ ဖြစ်သည်။
သို့သော် ၁၉၈၈ ခုနှစ် မှစတွက်လျှင် တတိယအကြိမ်လားမသိ နေအိမ်အကျယ်ချုပ်မှပြန်လွတ်သည့် ၂၀၁၀ အထိတိုင်အောင် နှစ်နှစ်ဆယ်ကျော်အတွင်း လေးပုံသုံးပုံ မျှသောသူ့ဘဝသည် သူ ငယ်စဉ်ဘဝ ကြီးပြင်းရာ တက္ကသိုလ်ရိပ်သာလမ်း၊ အင်းလျားကန်စပ်ရှိ သူ့ ခြံဝန်းထဲမှာပင် အကျယ်ချုပ်ဘဝဖြင့် ကုန်လွန်ခဲ့ရလေရာ ဘာဆုရရ များသောအားဖြင့် သူက အချုပ်အနှောင်ခံ ဘဝ နှင့်သာ ဖြစ်လေသည်။
သူ နိုဗယ်ဆု ရစဉ်က သူ့ခင်ပွန်း ဖြစ်သူ နှင့် သူ့သား အကြီးကောင်လား မသိ၊ နော်ဝေး မှာ သွားတက်၍ ဆု ယူရသည်။ ဆုရသောငွေများကို မြန်မာနိုင်ငံပညာရေးလုပ်ငန်းများအတွက် သူ သုံးစွဲမည်ရည်ရွယ်ကြောင်း ကျွန်တော် ကြားရဖူးသည်။
ကမ္ဘာ့နိုင်ငံကြီးများနှင့် မြို့ကြီးများ ၏ဂုဏ်ထူးဆောင် နိုင်ငံသား၊ ဂုဏ်ထူးဆောင် မြို့သား ဘွဲ့များရဖူးသူ ဆိုလို့ ကျွန်တော်သိသမျှတော့ ကျွန်တော်တို့ မြန်မာနိုင်ငံသားများထဲတွင် သူတယောက်တည်း ရှိလေသည်။ ထို့ပြင် ကမ္ဘာ့သြဇာအလွှမ်းမိုးဆုံး လူပုဂ္ဂိုလ် (၁၀၀) အစရှိသည့်စာရင်းများတွင်လည်း သူ ကာလအတန်ကြာပါခဲ့ဖူးလေသည်။ နိုင်ငံတကာ တွင် မြန်မာနိုင်ငံကို သူနှင့်တွဲစပ်၍ သိသည်အထိ ကမ္ဘာကျော် ခဲ့လေသည်။
သို့သော် နိုင်ငံရေးလောကဓံတလှည့်တပတ်တွင် လွန်ခဲ့သော သုံးလေးနှစ်က ရခိုင်ပြည်နယ်တွင် ရိုဟင်ဂျာ ပြဿနာပေါ်ပေါက်ကာ သူပဲ နိုင်ငံတော်အကြီးအကဲတစ်ယောက်အနေဖြင့် တာဝန်ခံရ၍ သူရခဲ့သော ဆုတံဆိပ်များနှင့်တကွ ဂုဏ်ထူးဆောင်ဘွဲ့အချို့ကို ပြန်လည် ရုပ်သိမ်းခံခဲ့ရလေသည်။
ထိုကိစ္စနှင့်ပတ်သက်၍ သူ့မှတ်ချက်ကတော့ ‘ဆုတွေ ဆိုတာလည်း လူတွေလိုပါပဲ၊ သွားလိုက်ပြန်လိုက် နဲ့ပါပဲ’ သဘောမျိုး သူ ပြန်ပြောခဲ့သည်။
ကျွန်တော်ကတော့ ကျွန်တော်တို့ ဆယ်တန်းတုန်းက သင်ခဲ့ရသည့် ‘For men may come and men may go, but I go on forever ဆိုသည့် ကဗျာတစ်စ ပဲ ပြန်သတိရမိသည်။
…………………………… ……………………… ……………………….
နိုင်ငံရေးလောကဓံခံရသည့်နေရာတွင်ကား သူ နှင့် ယှဉ်နိုင်သော နိုင်ငံရေးသမား ရှားလိမ့်မည် ထင်သည်။ ကျွန်တော် သိနေသလောက်တော့ သူ့လို ထောင် နှစ်အကြာကြီးကျခဲ့သည့် နယ်လ်ဆင်မင်ဒဲလားပင် သူ့လိုတော့ အသက်ကိုအလုပ်ကြံမခံရဖူး ဟု ထင်သည်။ သူ့ ယာဉ်တန်း ကို ရန်ကုန်မြို့ထဲမှာပင် တုတ်တွေ ဓားတွေ လေးခွတွေနှင့် အစိုးရ မွေးထားသည့် လူမိုက်တွေ ဝိုင်းတိုက်ခိုက်တာ ခံရဖူးသည်။ သူ စီးမည့် ရထားတွဲ ကို ဖြုတ်ချထားခဲ့ဖူးသည်။ တစ်ခါမှာလည်း သူ ပုသိမ်သို့အသွား လမ်းမှာ ဆက်၍ ပေးမသွားဘဲ ပိတ်ဆို့ထားသောကြောင့် သူ ဆီးချုပ်ဝမ်းချုပ် နှင့် ကားပေါ်မှာ ၁၂ ရက်ကြာနေခဲ့ရပြီး နောက်ဆုံး အတင်းအဓမ္မ ချုပ်နှောင်ခံခဲ့ရသည်။ သူ့ကို သေနတ်နှင့် ပစ်မည်တကဲကဲ လုပ်ခံခဲ့ရဖူးသည်။ ဝန်ကြီးတယောက်က သူ့ကို အပြတ်ရှင်းပစ်ရမည်၊ သတ်ပစ်ရမည်ဟု လူပုံအလယ်တွင် အတိအလင်း ထုတ်ပြောခဲ့ဖူးသည်။ နောက်ဆုံး သူ့ကို ဒီပဲယင်းတွင်လုပ်ကြံဖို့ကြိုးစားရာ ကံကောင်း၍ သူလွတ်ခဲ့ရသည်။ သူ့ပါတီ၏လှုပ်ရှားမှုတွေ အကြီး အကျယ်ကန့်သတ်ခံခဲ့ရသည်။ ပါတီဆိုင်းဘုတ်တွေ ဖြုတ်ချခံရသည်။ သူ့ ပါတီဝင်တွေ ထောင်ထဲမှာ ညှင်း ပန်းနှိပ်စက်မှုကြောင့် အသက်ပါပေးခဲ့ရတာ ရှိသည်။ အတင်းအကြပ်ဖိအားပေးပြီး ထွက်ခိုင်းသောကြောင့် သူ့ ပါတီဝင် တွေ ပါတီဝင်အဖြစ်မှ နှုတ်ထွက်ကြောင်းသတင်းတွေပါလာတာက နေ့စဉ်နှင့်အမျှ ဖြစ်သည်။ ဒီပဲယင်းလုပ်ကြံမှုမှာ သူ့ပါတီဝင်တွေ အစုလိုက်အပြုံလိုက် အသတ်ခံခဲ့ရသည်။
စိတ်ပိုင်းဆိုင်ရာ မှာလည်း သူ့ကို အင်္ဂလိပ်လူမျိုးတယောက်ကို ယူရကောင်းလားဆိုပြီး မတရားရှုတ်ချခံခဲ့ရသည်။ သူတို့နှစ်ယောက်သည် ဂုဏ်ရည်အလွန်တူသည့်အပြင် ချစ်၍ယူထားကြသူများဟုလည်း ကျွန်တော်နားလည်လေရာ သူ့ ခင်ပွန်းဖြစ်သူ ကင်ဆာရောဂါခံစားနေရပြီး နောက်ဆုံးအချိန် တွင် သူနှင့် လာတွေ့ခွင့်မပေးဘဲ သူကသွားတွေ့လိုလျှင်သာ တွေ့နိုင်သည် ဟု အောက်တန်းကျကျ အကြပ်ကိုင်ခံရပြီး သေသည်အထိ တွေ့ခွင့်မရသည့် အဖြစ်ကို သူရင်ဆိုင်ခဲ့ရသည်။ တိုက်တိုက်ဆိုင်ဆိုင် မိုက်ကယ်အဲရစ် မှာ သူ့မွေးနေ့ မှာပင် သူပြန်ကွယ်လွန်သွားလေရာ ဒေါ်အောင်ဆန်းစုကြည်တယောက် အတော်ခံစားရမည်ဟု ကျွန်တော် တွေးမိဖူးသည်။ အဲဒါတွေတင်မက သူ နေအိမ်အကျယ်ချုပ်ကျနေစဉ် သူ့ခြံထဲတွင် ကျန်းမာရေး လေ့ကျင့် ခန်းလုပ်သည်ကိုပင် အဘွားကြီး အေရိုးဗစ်ကနေသည်ဆိုပြီး သတင်းစာမှာ ရိုင်းရိုင်းစိုင်းစိုင်း ရေးခဲ့ဖူးသည်။ ကျွန်တော့်သူငယ်ချင်းတယောက်မှာ သူ နှင့် မျက်စောင်းထိုး ခြံတွင်နေထိုင်လေရာ ထိုသူငယ်ချင်းအိမ်သို့ ကျွန်တော် သွားလည်တိုင်း သူ့အိမ်ရှေ့က စစ်သားများ ထာဝရစောင့်ကြပ်နေသည့်အရံအတားများကို ဖြတ်ရသည်။ အဲဒီတုန်းက သူ့အိမ်ရှိရာ ကြည့်လိုက်လျှင် အရောင်လွင့်ပြယ်စပြုနေပြီဖြစ်သော ‘ဒီမိုကရေစီဝါဒ သာလျှင် လွတ်လပ်ရေးနှင့် ဆီလျော်သည်’ ဟူသည့် ဗိုလ်ချုပ်အောင်ဆန်းမိန့်ခွန်းကောက်နုတ်ချက်ကို တွေ့ရသည်။ ခြံစည်းရိုးအကာအရံများက နှစ်ပေါင်းများစွာ ထိန်းသိမ်းပြုပြင်မှုမရှိသောကြောင့် ဖုန်အလိမ်း လိမ်းနှင့် ယိုင်ရွဲ့ပြိုပျက်နေသည်။ သူ့ပါတီဌာနချုပ် ရှိရာ ရွှေဂုံတိုင်က ရုံးမှာတော့ အပိတ်ခံထားရသော ကြောင့် သော့ခလောက်တန်းလန်း နှင့် တွေ့ရတာ နှစ်ပေါင်းများစွာ ဖြစ်သည်။
အခြား သူ့ကို လူမျိုးရေးဘာသာရေးတို့နှင့်နှီးနွယ်၍ ဝေဖန်တိုက်ခိုက်မှုမျိုးတွေကတော့ ဖော်ပြဖို့ မလိုအောင်ပင် ရိုးနေပြီ ဟု ထင်ပါသည်။
သူက ဆူးခက်သရဖူ ဆောင်းထားသော လူတစ်ယောက် ဖြစ်သည်။
……………………….. …………………………. …………………………..
လူထု က သူ့ကို ချစ်ပုံမှာတော့ လက်ဖျားခါ ရလောက်မည် ထင်ပါသည်။
စကတည်းက တစ်ခါတည်း တန်းပြီး ကျွန်တော် အပါအဝင် လူဦးရေ သန်းဝက်လောက် သူ ပြောတာ နားထောင်ရန် စုဝေးခဲ့ကြသည်။ နောင်မှာလည်း သူ ရောက်လေရာ မဆုံးနိုင်သည့် လူပင်လယ်ကြီး ကိုသာ အမြဲ တွေ့တွေ့ နေရသည်။ လူပင်လယ်ကြီး ထဲတွင် ချီထားသည့် ကလေးအရွယ် က အစ အသက် ခုနစ်ဆယ် ရှစ်ဆယ် အဆုံး၊ မွတ်စလင်၊ ခရစ်ယာန်၊ ဘုန်းကြီး၊ ဟိန္ဒူ၊ မစွမ်းမသန် ကအစ အကုန်ပါသည်။ ပါရဂူ ကနေပြီး အသုံးလုံး အဆင့်အထိ ပါသည်။ ကျွန်တော် ထင်တာတော့ သူ့အဖေ ဗိုလ်ချုပ်အောင်ဆန်း ထက်ပင် သူ့ကို လူတွေ ထောက်ခံကြသည် ထင်သည်။ ချစ်ကြသည် ထင်သည်။ လူထု က သူ့ကို ချစ်ပုံမှာ တောက်လျှောက်ကြီး လူထုဘက်က နေပြီး စစ်အာဏာရှင် တွေ၏ အရိုက်အပုတ် အထုအထောင်း ကို ခံနေရသူ ဖြစ်၍ ကရုဏာ သက်သည့် သဘောကလေးလည်း ပါသည်။ သူ့ကို ချစ်သော လူထုထဲတွင် မြီးကောင်ပေါက် ကလေး တွေ ဆယ်ကျော်သက် ကလေးတွေ၊ လူငယ်လူရွယ် ကလေးတွေလည်း အများကြီး ပါသည်။ လူတန်းစား အနေဖြင့်လည်း ဆင်းရဲသူ ဆင်းရဲသား ကအစ သောင်သာသူ အဆုံး အားလုံးက သူ့ကို ချစ်ကြလေသည်။
၁၉၈၈ ခုနှစ် သူ လူထု ရှေ့မှောက် မှာ မိုးပေါ်က ကျသလို ပေါ်လာကတည်းက သူ့ကို ချစ်လိုက်ကြသည်မှာ ယခု အမယ်အိုအရွယ် ခုနစ်ဆယ်ကျော် ရှစ်ဆယ်နီး အဖမ်းထပ်ခံနေရသည် အထိ မပြောင်းမလဲ တညီတညွတ်တည်း သူ့ကို လူထု က ချစ်ကြသည် မှာ သံသယ ရှိစရာ မလိုသည့် အဆင့် အထိပင် ဖြစ်ပါသည်။
သူ့ကို မလိုမုန်းတီး သူ တွေ၊ ပုဂ္ဂိုလ်ရေး မကျေနပ်သူတွေ သူ နှင့် သဘောကွဲလွဲသူ တွေ မုချရှိမည် ဖြစ်သော်လည်း သူ့ကို ချစ်ကြသူ က အများစု ဆိုတာ ထင်ရှားလေသည်။
…………………………. ………………………… ……………………………..
သူ့ ခရီးစဉ်မှာ မြန်မာနိုင်ငံ တွင် ဒီမိုကရေစီ ပြန်လည်ထွန်းကားရေးဆိုလျှင် သူ့ခရီးစဉ်ကို သူ့တစ်သက်တွင် ပြီးမြောက်အောင်မြင် နိုင်ခြင်းရှိမရှိ စဉ်းစားကြည့်လျှင် မြင်နေရတာတွေက ဝေဝါးလှပါသည်။
၁၉၈၈ ခုနှစ် မှ စ၍ ၂၂ နှစ်လုံးလုံး စစ်အစိုးရ ကို နိုင်ငံရေးအံတုမှုပြုလုပ်ခဲ့ပြီး ဆယ့်လေးငါးခြောက်နှစ် နေ အိမ်အကျယ်ချုပ် ကျခံခဲ့ရသည်။ နောက် လွှတ်တော်ထဲအမတ်တစ်ယောက်အဖြစ် ရောက်သည်။ နောက် တောင်ပြိုကမ်းပြိုအနေအထားဖြင့် ရွေးကောက်ပွဲတွင်နိုင်ပြီး ‘နိုင်ငံတော် ၏အတိုင်ပင်ခံပုဂ္ဂိုလ်’ ဘဝ နှင့် တစိတ်တပိုင်း အာဏာရလာသည်။ အခု နောက်တခါရွေးကောက်ပွဲတွင် အရင်တခါကထက် ပိုပြီး ပြတ် သားစွာအနိုင်ရပြန်သည်။ သို့သော် မဲစာရင်းမသမာမှုများရှိသည်ဟူသော အဓိပ္ပာယ်ကင်းမဲ့သည့်အကြောင်း ပြချက် ဖြင့် အာဏာအသိမ်းခံရပြီး ယခုလက်ရှိ စွပ်စွဲခံထားရသော ပုဒ်မများကို တရားရုံးတွင် အမှုရင်ဆိုင် ဖြေရှင်းနေရသည်။ အသက်က ၇၆ နှစ်ပင်ကျော်ခဲ့ပြီ ဖြစ်၍ ဇရာဖိစီးလာမည့် နှစ်ကာလများကို မကြာမီ ရင်ဆိုင်ရတော့မည်။ သူ့ဘဝတွင် ပထမဆုံးအနေဖြင့် ဆယ်စုနှစ်တခုကြာ လွတ်လပ်နေရာမှတဖန် နရသိန် အကျဉ်းစခန်း ၏အဝင်ဝ သို့ ရောက်ရှိနေပြန်လေသည်။
အမည်မဖော်ပြနိုင်သည့်နေရာတွင် မည်သူနှင့်မျှ ဆက်သွယ်ခွင့်မရဘဲ ဖမ်းဆီးထိန်းသိမ်းခံထားရသော သူ့အတွက် ဖြစ်ဟန်ရှိသည့် လက္ခဏာမှာ သူ့ကို ပြင်ပသတင်းအချက်အလက်များနှင့်လည်း အဆက်အသွယ် ဖြတ်တောက်ထားပုံ ရသည် ဟု ယူဆမိပါသည်။ အကယ်၍သာ သူ အမှောင်ပိတ်ခံ နေရစဉ် ဖြစ်ပျက်နေသော လူရှစ်ရာကျော် သေဆုံးခဲ့ပြီး ဖြစ်သည့် ‘နွေဦး တော်လှန်ရေး’ ကိုသာ သူ သိရှိပါက သူ ဘာတွေ ဆက်လုပ်ပါမည်နည်း။
ဒီမိုကရေစီ ရရှိရေး နှင့် စစ်အာဏာရှင် စနစ် လက်အောက်မှ လွတ်မြောက်ရေး ဆိုတာတွေကတော့ တစ်တိုင်းပြည်လုံး အရေးကိစ္စ ဖြစ်၍ သူတစ်ဦးတည်း အပေါ် ပုံ၍ မရကောင်း သည်မှာ ထင်ရှားလှပါသည်။
၁၉၈၈ အရေးတော်ပုံကြီး ပြီးကာစလောက်က လူငယ်တစ်ယောက် က ထိုစဉ်က စင်ပြိုင်အစိုးရ ဖွဲ့စည်းခဲ့သည့် ဝန်ကြီးချုပ်ဟောင်း ဦးနု ကို အဘယ်ကြောင့် စင်ပြိုင်အစိုးရ ဖွဲ့စည်းတာ အထမမြောက် ခဲ့ပါသနည်း ဟု မေးတာ ကြားရဖူးသည်။ ဦးနု က အစိုးရ တစ်ရပ် သည် စစ်တပ်၏ ထောက်ခံမှု နှင့် ရပ်တည်ရတာ ဖြစ်၍ တပ်မရှိဘဲ မတည်နိုင် ဟု ပြန်ပြောခဲ့ဖူးပါသည်။
‘ဖေဖေ ထူထောင်ခဲ့တဲ့ တပ်မတော်’ ဟု သူ အကြိမ်ကြိမ် ပြောဖူးခဲ့လေသည်။
သို့သော် ထို တပ်မတော် သည် လူထုဘက်တွင် မည်သည့်အခါတွင်မှ ရပ်တည်ပါမည်နည်း။
အဲဒါကပဲ သူ နှင့်တကွ ကျွန်တော်တို့ အားလုံး အခုထက်ထိ ရင်ဆိုင်နေခဲ့ရသော ပြဿနာ ဖြစ်ပါသည်။
………………………… ………………………….. ……………………………
တနေ့ကပဲ သူ ၇၆ နှစ် ပြည့်သောကြောင့် အဖမ်းခံနေရသောသူ့အတွက် ရည်ရွယ်သော ဆုတောင်းသဝဏ် လွှာများ Facebook ပေါ်တွင် လျှံသွားခဲ့ပါသည်။
မော်ဒယ် ကောင်မလေးတွေ၊ Facebook ပေါ်က ထင်ရှားကျော်ကြားသူတွေ၊ လူမသိသူမသိ အညတရာ မြန်မာမလေးတွေ…အချို့ အမျိုးသားတွေ အလွှာစုံ မှ လူစုံတက်စုံ သူ့အတွက် နှင်းဆီပန်းတွေ ပန်ထားသော ဓာတ်ပုံတွေကို ကျွန်တော် ရှောင်လို့ မလွတ်အောင် သူ့ မွေးနေ့က မြင်ခဲ့ရပါသည်။
သူ့ မွေးနေ့ ကိုပင် ‘မြန်မာနိုင်ငံ အမျိုးသမီးများနေ့’ အဖြစ် တခါက သတ်မှတ်ခဲ့ကြပါသည်။ စစ်အစိုးရက သတ်မှတ်ခဲ့သော ‘မြန်မာနိုင်ငံ အမျိုးသမီးများ’ နေ့ မှာ သူ့မွေးနေ့ကို လူတွေက သတ်မှတ်ပြီးမှ သတ်မှတ်ခြင်းသာ ဖြစ်ပါသည်။
သူ့မွေးနေ့သည် ယခုထက်တိုင် ပြည်တွင်းပြည်ပ နှစ်စဉ် တခုတ်တရကျင်းပရသော နေ့ရက်တစ်ရက် ဖြစ်ပါသည်။ ထိုနေ့တွင် သူ့ ဓာတ်ပုံက စင်ပေါ်တွင်နေရာယူထားမည်။ လမ်းဆုံလမ်းခွ လူစည်ကားရာ ပန်းခြံ လို နေရာတွေမှာလည်း ဖြစ်နိုင်သည်။ ဘေးမှာကတော့ သူ့ပါတီအလံနီကို ထူထားမည်။ အလံနီက တခါတခါ ပစိဖိတ်၏လေထုထဲတွင်၊ တခါတခါ အတ္တလန်တိတ်၏လေထုထဲတွင်၊ တခါတခါ အာရှတိုက်တွင်လွင့်ပျံနေမည်။ သူ့ဓာတ်ပုံအောက်မှာတော့ သူ့ကမ္ဘာကျော်စာသား ဖြစ်သည့် ‘Freedom from Fear’ ဟု ရေး ထားမည်။ ၂၀၁၀ မတိုင်မီကဆိုလျှင် များသောအားဖြင့် နေအိမ်အကျယ်ချုပ်ကျခံနေရသည့် သူ့အတွက် ပြည်ပတွင်လုပ်သော မွေးနေ့ပွဲတွေသည် နိုင်ငံရေးအသွင်ဆောင်သောပွဲတွေ ဖြစ်လေသည်။
သူ နေအိမ်အကျယ်ချုပ်မှ လွတ်မြောက်လာပြီးနောက် လွှတ်တော်ထဲ မရောက်ခင်ကော လွှတ်တော်ထဲ ရောက်ပြီးပါ စည်းရုံးရေးခရီးစဉ်များအနေဖြင့် မြန်မာပြည် တနံတလျားသို့ လှည့်လည်ခဲ့ရာတွင် တွေ့ရသော လူထုပရိသတ်ကြီးမှာ ကျွန်တော်ပထမဆုံးအနေဖြင့် သူ့ကို အဝေးမှပျပျတွေ့ဖူးသည့် ၈၈ ခုနှစ် တုန်းကလိုပင် အုံလိုက်ကျင်းလိုက် ဖြစ်သည်။ သူမို့ လမ်းပေါ်မရောက်လိုက်နှင့် မိနစ်ပိုင်းအတွင်း လူရာနှင့်ချီ၍ စုဝေးပြီး ဖြစ်နေတာကို ကျွန်တော်ကွန်ပြူတာဖန်သားပြင်ပေါ်က ကြိမ်ဖန်များစွာ တွေ့ခဲ့ရလေသည်။ ‘အမေစု ကျန်းမာပါစေ’ ဟု လူထု ဆုတောင်းသံ တွေကို ကျွန်တော် ကြိမ်ဖန်များစွာ ကြားခဲ့ရပါသည်။
သူ့ကို ကျွန်တော် စသိစဉ်က ဒေါ်အောင်ဆန်းစုကြည်အနေနှင့် ဖြစ်သည်။ ဒေါ်စု ဟုလည်း လူထုက သူ့ကို ခေါ်သည်။ ထိုမှတဖန် ကျွန်တော် ပြည်ပသို့ ရောက်သွားသည်။ သူ ကော့မှူးအမတ်အဖြစ်ဖြင့် လွှတ်တော်ထဲ ဝင်ပြီးကာစ ကျွန်တော် မြန်မာပြည်သို့ ခဏ ပြန်ရောက်လာတော့ သူသည် ကျွန်တော့်ထက်ငယ်သော လူထုပါးစပ်ဖျားတွင် အမေစု ဖြစ်နေလေပြီ။ ယခုသော်ကား အချို့ ကလေး များ အတွက်မူ သူသည် အဖွားစု ဖြစ်နေလေပြီ။
သူနှင့်ကျွန်တော့်မိဘတွေမှာ အသက်မတိမ်းမယိမ်းတွေဖြစ်ပြီး ကျွန်တော်နှင့် သူ့သားနှစ်ယောက်မှာလည်း ထိုနည်းတူဖြစ်လေရာ ကျွန်တော့်မိသားစုနှင့် ထပ်တူယှဉ်၍ သူ့ဘဝကို ကျွန်တော်မြင်လို့ရပါသည်။
လူထုက သူ့အပေါ်ထားသော မေတ္တာတွေကား ကျွန်တော် ချာတိတ်ဘဝ စတွေ့ကတည်းကနေ အခု လူ ကြီးအရွယ်အထိမပြောင်းလဲ။ ဒေါ်စုကတည်းက ချစ်လိုက်ကြသည်မှာ အခု အမေစုအရွယ်အထိ ဖြစ်သည်။
ရွှေတိဂုံဘုရား အနောက်ဘက်မုခ် က ရုပ်ပုံလွှာ၊ ရွှေဝါရောင်တော်လှန်ရေး တွင် သူ့ခြံဝရောက်လာသော သံဃာတော်များကို ခြံဝသို့ထွက်၍ ဖူးတွေ့နေသည့် ရုပ်ပုံလွှာ၊ အကျယ်ချုပ်မှ လွတ်မြောက်လာလာချင်း လူထုထဲမှ ပေးလိုက်သော ပန်းတစ်ပွင့်ကို ခေါင်းမှာ ပန်ဆင်လိုက်သည့် ရုပ်ပုံလွှာ၊ လွှတ်တော်ထဲ အမတ်အနည်းငယ်အင်အားဖြင့်ရောက်သွားအပြီး လွှတ်တော်ထဲ မဲခွဲရာတွင် သူ့ပါတီက တင်သောအဆို အပြတ် အသတ် မဲရှုံးနိမ့်သွားသည် ကို ဝမ်းသာအားရ လက်ခုပ်တီးနေကြသော တပ်မတော်သား ကိုယ်စားလှယ် များအား သူ နောက်သို့ ခေါင်းလှည့်ကြည့်နေသည့် ရုပ်ပုံလွှာ၊ ရွေးကောက်ပွဲ အောင်ပွဲခံအပြီး လူထုကို နှုတ်ဆက်နေသည့် ရုပ်ပုံလွှာ၊ လက်ပံတောင်း တောင် ကိစ္စ ဖြေရှင်းရာတွင် ဒေသခံ များနှင့် စကားအနည်း ငယ် ကတောက်ကဆ ဖြစ်အပြီး ကားပြတင်းမှ လက်ပေါ်မေးတင်ပြီး ငေးနေသည့် ရုပ်ပုံလွှာ၊ covid-19 ကပ်ရောဂါ နှင့် ရင်ဆိုင်ရာတွင် တီဗီပေါ်မှာ ပေါ်လာခဲ့သည့် ရုပ်ပုံလွှာ၊ နယ်သာလန် နိုင်ငံ သည်ဟေ့ဂ် မြို့ တရားရုံးတွင် မြန်မာနိုင်ငံအားစွဲဆိုထားသော အမှုအတွက် သွားရောက် ရင်ဆိုင်ဖြေရှင်းနေသည့် တရားခွင် မှ ရုပ်ပုံလွှာ၊ အခု လတ်တလောအဖမ်းခံနေရစဉ် တွင် တရားရုံးမှ လူထုကို ကျန်းမာရေး ဂရုစိုက်ရန် မှာနေသည့် ရုပ်ပုံလွှာ၊ ရုပ်ပုံလွှာ ပေါင်းများစွာ ဖြင့် လူထုက သူ့ကိုအမှတ်ရနေကြမည် ဖြစ်ပါသည်။
သူ့နာမည်ကို တက်တူးထိုးတာ ကျွန်တော် တွေ့ဖူးသည်။ ပြည်ပမှ မိတ်ဆွေတယောက်၏ သမီးအမည်မှာ ‘အောင်ဆန်းစုကြည်’ ဖြစ်သည်။ သူ့အမည်နှင့် လမ်းရှိသည်။ သူ့ပုံတူ ပလပ်စတာရုပ်တုတွေ ရှိသည်။ သူ့ပုံတူ ပန်းချီကားချပ် တွေ ရှိသည်။ သူ့ပုံတူ ဖယောင်းရုပ်တု ရှိသည်။ သူ့ကိုရည်ရွယ်၍ ဆိုခဲ့သောသီချင်းတွေ ကမ္ဘာမှာကော မြန်မာမှာပါ ရှိသည်။ သူ့အကြောင်း ရုပ်ရှင်ရှိသည်။ သူ့အကြောင်းရေးသော ဆောင်း ပါးတွေ ကဗျာတွေ ရှိသည်။ တီရှပ်တွေအပေါ်မှာ သူ ရှိသည်။ အိမ်တွေ ဆိုင်တွေ မှာ သူ့ရုပ်ပုံနှင့် ပြက္ခဒိန် တွေချိတ်ဆွဲထားကြသည်။ သူဆွဲသောပန်းချီ၊ အမှတ်တရရေးပေးသော စာသား၊ ဆယ်စုနှစ်ချီ သူ အကျဉ်း ကျခဲ့ရာ သူ့နေအိမ်ခြံဝန်း၏ သံချေးတက်နေသောဝင်းတံခါး အစရှိသည်တို့ကို လေလံတင်ရောင်းချရာတွင် သိန်းထောင်ချီ ရသည်အထိ သူ အောင်မြင်ခဲ့သည်။ သူနှင့်ပတ်သက်ပြီး ထူထောင်ထားသောအဖွဲ့အစည်း များ၏ အထောက်အပံ့ ဖြင့် လူငယ် ထောင်ပေါင်းများစွာ အသက်မွေးဝမ်းကြောင်း ပညာ မှအစ သင်ယူနိုင်ခဲ့ကြသည်။
သူ့ကို ကျွန်တော် တွေ့ပုံမှာ ဖျတ်ခနဲ ဖျတ်ခနဲ၊ ကျွန်တော် က ပြည်တွင်း မှာ အမြဲ ရှိနေသူ မဟုတ်၍ အချို့ နှစ်ကာလ တွေမှာ သူ့သတင်းတွေ နှင့် အဆက်ပြတ်ချင် ပြတ်နေတတ်သည်။ သူ နိုင်ငံတော် အကြီးအကဲ နေရာ ရထားချိန် မှာတော့ သူ့ကို ဝေဖန်သံ တွေလည်း ရံဖန်ရံခါ ကြားရသည်။ သူ အုပ်ချုပ်သော ကာလ ကတော့ သူ့အရင် အုပ်ချုပ်သွားသော စစ်အစိုးရ အဆက်ဆက်ထက် စာလျှင် အဂတိ လိုက်စားမှု အပြတ်အသတ် လျော့နည်းတာကို ထင်ရှားစွာ တွေ့ရသည်။ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှု တွေတော့ သူ လုပ်နိုင်ခဲ့တာ မတွေ့ရ။ ပြောင်းလဲဖို့ ဆိုတာကလည်း ပြောင်းရမည့်ဘက်က ပြောင်းချင်စိတ် ရှိဦးမှသာ ဖြစ်နိုင်မည် ထင်သည်။
ဒီမိုကရေစီ အလင်းရောင် အောက်တွင် နေနိုင်ဖို့ ဆိုတာကလည်း ကိုယ်ကျင့်သီလ ဖြူစင်သူတို့ အဖို့သာ ဖြစ်နိုင်ပေလိမ့်မည်။
……………………….. ………………………. ……………………….
လူထုတရားပွဲကြီး တစ်ခုတွင် သူ စင်ပေါ်မှာ စကားပြောနေတာကို မျက်တောင်ခတ်ဖို့ ပင် မေ့နေသလား ထင်ရလောက်အောင် အောက်က ငေးကြည့်နေသည့် သူ့ပါတီ၏ အလံ ကို နဖူးတွင် စည်းထားသော ရွှေ ရောင်ဆံပင် နှင့် ကောင်မလေးတစ်ယောက်ကို ကျွန်တော် တွေ့ခဲ့ဖူးပါသည်။ သူသည် လူထုကို ကြီးစွာ ဆွဲဆောင်နိုင်သူ ဖြစ်လေသည်။
သူ့ကို လူထု က အူလှိုက်သည်းလှိုက် ချစ်ကြသည်။ ယုံကြသည်။ သူ့ကို အလွန် နှစ်လိုသည်။ သူ့အပေါ် လူထုက ထားသည့် မေတ္တာမှာ တကယ့်အံ့မခန်း ဖြစ်သည်။
မနှစ်က ထင်သည်။ မြန်မာပြည် သို့ covid-19 ကပ်ရောဂါ စ ရောက်လာကာစ တွင် သူ Facebook ကို စသုံးရာ သုံးစွဲပြီး နာရီပိုင်း အတွင်း ဖော်လိုဝါ သန်းကျော် ရရှိ၍ Bluemark ရသွားတာကို ကျွန်တော် တွေ့ခဲ့ရသည်။
သူ့ အုပ်ချုပ်ရေး အတွေ့အကြုံ ကို ကျွန်တော်မသိ။ သို့သော် သူ့မှာ ပင်ကို အရည်အချင်း နှင့် တစ်စုံတစ်ခု ကို လုပ်မိလျှင် စူးစူးစိုက်စိုက် ဖြစ်မြောက်အောင်မြင်အောင် လုပ်မည့် စိတ်ဇွဲသတ္တိ နှင့် ခံနိုင်ရည် အပြည့် ရှိလေသည်။ ထို့ကြောင့်လည်း မိသားစု ကို ငယ်ငယ်ရွယ်ရွယ် နှင့် စွန့်လွှတ်ပြီး အသက်ကိုပါ ပေး၍ သူ ပြောသည့် ‘ဒုတိယ လွတ်လပ်ရေး တိုက်ပွဲ’ ထဲမှာ ဘဝ ကို အပြီး မြှုပ်နှံ ခဲ့တာ ဖြစ်ပေမည်။
စကားပြောရာတွင် စိတ်လှုပ်ရှားဟန် မရှိ။ အေးဆေးတည်ငြိမ်စွာ ပြောတတ်သည်။ သူ့တွင် ဟာသဉာဏ် ရှိ၍ တခါတခါ ပရိသတ်ကို အရွှန်းဖောက်ရင်း အစိုးရကို သရော်တတ်သည်။ လေးနက်သော အကြောင် းအရာ နိုင်ငံရေးစကားများကိုပင် ရိုးရိုး နှင့် လွယ်လွယ် လူအများ ားလည်အောင် ပြောတတ်သည်။ အထူးသဖြင့် လူထု ကို လှုံ့ဆော်သော စကားဖြစ်စေ စည်းရုံးသော စကား ဖြစ်စေ လူတိုင်း ရင်ထဲရောက်အောင် လျှပ်တစ်ပြက် ဆောင်ပုဒ်ကလေး များ သဖွယ် ပြောနိုင်သည်။ ပညာတတ်သည်။ အင်္ဂလိပ်စကား ကျွမ်းကျင်၍ ကမ္ဘာ့အသိုင်းအဝန်းအလယ်တွင် ကောင်းစွာဝင်ဆန့်သည်။ ဥပဓိရုပ်အနေဖြင့်လည်း ငယ်ရွယ်စဉ် မှစ၍ အခုအထိ အထူးကြည်လင်ပြတ်သားစွာဖြင့် လူထုကို ဆွဲဆောင်နိုင်သူ ဖြစ်သည်။ သူက သံလိုက်တုံးကြီး ဆိုလျှင် လူထုက သံမှုန်သံစ ကလေးများသဖွယ် ဖြစ်လေသည်။
သူပြောသော စကားဆိုလျှင် လူထုကြီး က သူတို့၏ ဘဝတွေကို ပုံ၍ ယုံကြသည်မှာ မျက်မြင်ကိုယ်တွေ့ ပင် ဖြစ်ပါသည်။
မြန်မာပြည် တွင် ပြုလုပ်သည့် လွတ်လပ်၍တရားမျှတသည့် ရွေးကောက်ပွဲ မှန်သမျှတွင်လည်း သူ နှင့် သူ့ပါတီ က ထာဝရ အနိုင်ရနေမှာပဲ ဖြစ်ပါသည်။
ဒီမိုကရေစီ စနစ် တွင် လူထု က မဲပေးရွေးချယ် ရသည့် ရွေးကောက်ပွဲ များကို မလွဲမသွေ ဖြတ်သန်းရ၍ လူထု ကို ဆွဲဆောင်နိုင်သူ က သာ အမြဲ အနိုင်ရနေမည် ဖြစ်လေရာ အောက်ခြေလူထု ကို ဆွဲဆောင်ရာတွင် သူမတူအောင် ထူးချွန်သော သူ့ အတွက် မြန်မာနိုင်ငံ တွင် သာမက ဒီမိုကရေစီ စနစ် ကျင့်သုံးသော အခြား ကမ္ဘာ့နိုင်ငံ များတွင်ပါ သူ သည် ပြိုင်ဘက်များအတွက် ခက်ခဲသည့် ပြိုင်ဘက်တစ်ယောက် ဖြစ်နေဖို့ ရှိပြီး ထို နိုင်ငံ များတွင်ပါ သူ သည် တိုင်းပြည်ခေါင်းဆောင် ဖြစ်နိုင်သူ တစ်ယောက် ဟု မှတ်ချက် ချရမည် ဖြစ်ပါသည်။
စင်စစ် ဒေါ်အောင်ဆန်းစုကြည် သည် နိုင်ငံ့ခေါင်းဆောင် တစ်ယောက် ဖြစ်ဖို့ အဘက်ဘက်က အရည်အချင်း ပြည့်ဝသော ပုဂ္ဂိုလ် တစ်ဦး ဖြစ်ပါသည်။
သို့သော် သူ နိုင်ငံမှား၍ မွေးဖွားခဲ့ပါသည် ။ ။
စိမ်းစို
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar