Breaking News

ကောင်းဇေလူ - စစ်ကောင်စီဖန်တီးလိုက်တဲ့ စီးပွားရေးပျက်ကပ် နဲ့ COVID19 တတိယလှိုင်း ပြဿနာ

ကောင်းဇေလူ - စစ်ကောင်စီဖန်တီးလိုက်တဲ့ စီးပွားရေးပျက်ကပ် နဲ့ COVID19 တတိယလှိုင်း ပြဿနာ

(မိုးမခ) ဇူလိုင် ၅၊ ၂၀၂၁

စစ်တပ်က အာဏာသိမ်းပြီဆိုတာနဲ့ တပြိုင်နက် အရင်ဆုံး ကျဆုံးတာက ‘ငြိမ်းချမ်းရေး’ ပါပဲ။ နိုင်ငံအနှံ့မှာ ဗုံးသံ သေနတ် သံတွေ အဆက်မပြတ် ကြားလာရတာက သက်သေပါပဲ။ ဒုတိယ ကျဆုံးတာက ‘တရားဥပဒေ စိုးမိုးရေး’ ဖြစ်တယ်။ ပြည်သူ က တရားဝင်ရွေးကောက်တင်မြှောက်ထားတဲ့ တိုင်းပြည်ခေါင်းဆောင်တွေကို မတရားအမှုဆင် တရားစွဲနေပုံကို ကြည့်ရင် တရားရေးမဏ္ဍိုင် ချိုးဖျက်ခံရတာ ထင်ရှားပါတယ်။ တတိယ ကျဆုံးတာက ‘ကုန်သွယ်စီးပွားယန္တရား’ ဖြစ် တယ်။ ‘ငြိမ်းချမ်းရေး’ ကျဆုံးပြီ ဆိုတာနဲ့ သေနတ်ပြောင်းဝမှာ အာဏာတည်တယ်လို့ ဆိုတဲ့ စစ်အာဏာရှင်အုပ်စုတွေက မာရှယ်လော (Martial Law) နဲ့ ပြည်သူ လူထုအပေါ် ဖိနှိပ်ဗိုလ်ကျတော့တာပါပဲ။ ဒါကြောင့် တရားဥပဒေပြုရေးနဲ့ တရားစီရင်ရေးဆိုတဲ့ မဏ္ဍိုင်တွေလည်း မာရှယ်လော သို့မဟုတ် (Military Rule) လက်အောက် ကျရောက်တော့တာပဲ။ တနည်းအားဖြင့် ပြည်သူတဦးချင်း အနေ နဲ့ တရားဥပဒေရဲ့ ကာကွယ်စောင့်ရှောက်မှုကို မရရှိနိုင်တော့။ တချိန်တည်းမှာ ငြိမ်းချမ်းရေး၊ တန်းတူရေးနဲ့တရားမျှတရေး ဆိုတဲ့ စကားလုံးတွေဟာလည်း အနှစ်မရှိတော့ပဲ အခွံသက်သက်ဖြစ်သွားတော့ တာပါပဲ။

ဒါကြောင့် စစ်အာဏာသိမ်းမှုရဲ့ နောက်ဆက် ပြဿနာတွေကတော့ အကြမ်းဖက် အနိုင်ကျင့်မှု လွှမ်းမိုးခံရပြီး၊ ဘဏ်တွေ စက်ရုံအလုပ်ရုံတွေအပါအဝင် စီးပွားရေးယန္တရား လည်ပတ်မှုရပ်ဆိုင်းသွားတော့တာပဲ။ တဆက်တည်းမှာ ကုန်ဈေးနှုန်း မြင့်တက်လာပြီး၊ အလုပ်လက်မဲ့ ပြဿနာ ထိန်းမနိုင်သိမ်းမရ ကျယ်ပြန့်လာတယ်။ စစ်တပ်အာဏာသိမ်းပြီးနောက် နိုင်ငံ ရေး၊ စီးပွားရေး၊ လုံခြုံရေး မတည်ငြိမ်မှုတွေဖြစ်နေတာကြောင့် စက်ရုံအလုပ်ရုံ လုပ်ငန်းကြီးတွေ တခုပြီး တခု ပိတ်နေကြ တယ်။ မကြာသေးခင်ကပဲ အလုပ်သမား ထောင်ချီရှိတဲ့ ရန်ကုန်တိုင်း၊ လှိုင်သာယာစက်မှုဇုံက ဟန်မောက်အထည်ချုပ် ပိတ်တယ်လို့ ကြေညာခဲ့ကြောင်း ဗွီအိုအေသတင်းအရသိရတယ်။ အလုပ်သမားရာချီရှိတဲ့ စက်ရုံ ၂ ခုလည်း ထပ်ပိတ်ဖို့ ပြင်ဆင်နေတယ်လို့ဆိုတယ်။ စက်ရုံတွေပိတ်နေလိုက်ရတဲ့အတွက် စက်ရုံအလုပ်သမားတွေ အလုပ်လက်မဲ့ ဖြစ်ကြရတဲ့ ပြဿနာရှိလာနေတယ်လို့ အလုပ်သမားသမဂ္ဂတွေက ထောက်ပြကြတယ်။ စစ်ကောင်စီအာဏာသိမ်းပြီးနောက် ရပ်ဆိုင်း သွားတဲ့ အထည်ချုပ်စက်ရုံပေါင်း မြန်မာနိုင်ငံတဝန်း ၂၀၀ ကျော်သွားပြီလို့ အလုပ်သမားသမဂ္ဂတချို့က ဆိုတယ်။ ဝန်ထမ်း လစာမပေးနိုင်တာ၊ ကုန်ကြမ်းသွင်းဖို့ ခက်ခဲလာတာ၊ ကုန်ချောပို့လို့မရတော့တာ ဒီလိုအကျပ်အတည်းတွေကြောင့် စက်ရုံ ပိတ်သိမ်းတာတွေ ဆက်ဖြစ်လာလိမ့်မယ်လို့ ဆိုတယ်။ ဒါဟာ စီးပွားရေး ပျက်ကပ်တခုဆီ လုံးဝ ဦးတည်နေပြီ ဖြစ်တယ်။

လက်ရှိ မြန်မာ့သမိုင်း မြေပြင်ပေါ်က ဖြစ်ရပ်တွေအရ မတရားတဲ့ စစ်အာဏာသိမ်းမှုကို တရားမျှတတဲ့ နွေဦးတော်လှန်ရေး ဆင်နွှဲပြီး ခုခံတော်လှန်လာကြတယ်။ တော်လှန်ရေးကို စိတ်ဓါတ်စွမ်းအင် အပြည့်နဲ့ဦးစီး သယ်ဆောင် လာကြသူတွေက တော့ ဂျန်ဇီးလို့ခေါ်တဲ့ (Gen-XYZ) တွေပါပဲ။ တနိုင်ငံလုံးအတိုင်းအတာနဲ့ ဖြစ်ပေါ်လာခဲ့တဲ့ ဂျန်ဇီးလူငယ်တို့ရဲ့ နိုင်ငံရေး သန္နိဋ္ဌာန်ဟာ ကြိုတင်တိုင်ပင်ထားခြင်း မရှိပဲ ထပ်တူကျနေပုံက အံ့သြစရာလို ဆိုနိုင်တယ်။ ကျွန်တော်တို့မှာ အိပ်မက်တွေ ရှိတယ်။ ကျွန်တော်တို့မှာ အနာဂတ်ရှိတယ်။ စစ်ဖိနပ်အောက်မှာ ဒူးမထောက်နိုင်ဘူး - ဆိုတဲ့ ဂျန်ဇီးတို့ရဲ့ကြွေးကြော်သံ တသံတည်းထွက်လာတာ အားတက်စရာကောင်းလှတယ်။

အလုပ်သမားအရေး ဆောင်ရွက်နေသူတွေ စာရင်းပြုစုထားချက်အရ ဖေဖော်ဝါရီလဆန်းကနေ ဇွန်လအထိ အလုပ်သမား ဆယ်သိန်း (၁,၀၀၀,၀၀၀) ထက်မက အလုပ်လက်မဲ့ဖြစ်သွားပြီလို့ ဆိုတယ်။ အထူးသဖြင့် အမျိုးသမီးလုပ်သားတွေ အလုပ် လက်မဲ့ဖြစ်ကြရတာ များတယ်။ နောက်ဆက်ဆိုးကျိုးတွေကတော့ မိသားစု နေ့စဉ် စားဝတ်နေရေးနဲ့ ကျန်းမာရေးကိစ္စတွေ အပေါ် ပြင်းပြင်းထန်ထန် ထိခိုက်တာ တွေ့ရတယ်။ ရန်ကုန်စက်မှုဇုံတွေက အထည်ချုပ်လုပ်ငန်း တခုတည်းမှာ လုပ်ကိုင် နေတဲ့ လုပ်သားက (၇၀၀,၀၀၀) လောက်ရှိတယ်လို့ ဆိုတယ်။ မန္တလေးတိုင်း၊ ပဲခူးတိုင်း၊ ဧရာဝတီတိုင်း စတဲ့ဒေသတွေမှာ လည်း စက်မှုဇုံအထည်ချုပ်လုပ်ငန်းတွေ မလည်ပိတ်နိုင်တော့လို့ ဝန်ထမ်းလစာ အပြည့်အဝ မပေးနိုင်ကြတော့တဲ့ သတင်း တွေလည်း ကြားရတယ်။ ဒါဟာ စစ်အာဏာသိမ်းမှုကြောင့် ဖြစ်ပေါ်လာတဲ့ နောက်ဆက် ဆိုးကျိုးတွေထဲက တခုပါပဲ။

အာဏာသိမ်းမှုကြောင့် ပေါ်ပေါက်လာတဲ့ အကြမ်းဖက်မှုတွေ၊ လုယက်မှုတွေ၊ လူသတ်မှုတွေ၊ ရပ်ရွာအိုးအိမ်တွေ အများ အပြား မီးရှို့ခံရတာတွေနဲ့ စက်ရုံအလုပ်ရုံတွေ ပိတ်သိမ်းခဲ့ရခြင်းရဲ့ လက်သည်တရားခံဟာ စစ်အာဏာသိမ်း ခေါင်းဆောင် မင်းအောင်လှိုင်နဲ့ စစ်ကောင်စီဝင်လူတစု ဖြစ်တယ်။ တပ်စည်းမျဉ်းဥပဒေအရ အငြိမ်းစားယူရမယ့် မင်းအောင်လှိုင်ဟာ သူ အာဏာအလွဲသုံးပြီ မတော်မတရား ပိုင်ဆိုင်ထားတဲ့ စည်းစိမ်ဥစ္စာတွေနဲ့ တပ်ချုပ်အာဏာကို မစွန့်လွှတ်လိုတာကြောင့် အကြောင်းမရှိ အကြောင်းရှာ စစ်အာဏာသိမ်းခဲ့တာ ဖြစ်တယ်။ ဒါကြောင့် လက်ငင်း ဖြစ်ပေါ်နေတဲ့ နိုင်ငံ ဖရိုဖရဲဖြစ်ရခြင်း ရဲ့ တကယ့်တရားခံဟာ မင်းအောင်လှိုင်သာ ဖြစ်တယ်။ သူ့လုပ်ရပ်ကြောင့် အညွန့်တက် အောင်မြင်ခါစ နိုင်ငံရဲ့ စီးပွားရေး ဖွ့ံဖြိုးတိုးတက်မှု ပြိုကျပျက်စီးခဲ့ရတယ်။

နိုင်ငံရဲ့ အနာဂတ် လူငယ်လူရွယ်တွေရဲ့ အိပ်မက်တွေနဲ့အတူ နိုင်ငံရဲ့ ပညာရေး အဆောက်အအုံလည်း ပြိုလဲပျက်စီးခဲ့ရ တယ်။ အဆိုးဆုံးကတော့ တရာဥပဒေစိုးမိုးရေး လုံးဝပျက်သုဉ်းခဲ့ရခြင်း ဖြစ်တယ်။ တရားဥပဒေရဲ့ အကာအကွယ် မရရှိ တော့တဲ့အတွက် နိုင်ငံသူ နိုင်ငံသားတွေဟာ အကြမ်းဖက်စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေရဲ့ လုယက်သတ်ဖြတ်မှုကို နေ့စဉ် နဲ့အမျှ ကြုံတွေ့နေကြရတယ်။ အကြမ်းဖက်စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေဟာ လုယက်ခွင့်နဲ့ အကြမ်းဖက်နှိပ်စက်ခွင့်နဲ့ လူသတ်ခွင့်လိုင်စင်တွေပါ ရထားကြတယ်။ သာမန်ပြည်သူတွေအဖို့ စစ်တပ်ကျူးလွန်တဲ့ မတရားမှုတွေအတွက် တင်ပြ တိုင်တန်းစရာ နေရာမရှိဘဲ ဥပဒေရဲ့ ကာကွယ်စောင့်ရှောက်မှု ဆုံးရှုံးနေကြရတယ်။

အဲဒီလို အခြေအနေတွေ ပေါ်ပေါက်နေတာကြောင့် စစ်ကောင်စီကျူးလွန်ခဲ့တဲ့ အကြမ်းဖက် ပစ်ခတ်သတ်ဖြတ်မှုဖြစ်စဉ် ပေါင်း တစ်သိန်းငါးသောင်းကျော်ကို အထောက်အထားနဲ့ မှတ်တမ်းပြုစုထားတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ ပြောရေးဆိုခွင့် ရှိသူ ‘ဒေါက်တာဆာဆာ’ က ပြောကြောင်း ကြားသိရတယ်။ ၂၀၂၁ ဖေဖော်ဝါရီ ၁ ရက်နေ့ စစ်ကောင်စီ အာဏာသိမ်းပြီး နောက်ပိုင်း ကျူးလွန်ခဲ့တဲ့ အကြမ်းဖက်မှု၊ ပစ်ခတ်မှု၊ ထိခိုက်ဒဏ်ရာရမှု၊ သေဆုံးမှုဖြစ်စဉ်ပေါင်း ၁၅၁၀၀၀ ကျော်ကို နိုင်ငံ တကာစံချိန်စံညွှန်းတွေနဲ့အညီ အချက်အလက်တိတိကျကျနဲ့ မှတ်တမ်းတင်ထားတယ်လို့ ‘အမျိုးသား ညီညွတ်ရေးအစိုးရ’ (NUG) ပြောရေးဆိုခွင့်ရှိသူ ‘ဒေါက်တာဆာဆာ’ က ဇွန်လ၂၅ ရက်နေ့ သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့ ကြောင်း သိရတယ်။ မှတ်တမ်းတွေမှာ လိုအပ်တဲ့ ဗွီဒီယိုသက်သေ၊ ဓာတ်ပုံနဲ့ အချက်အလက်တွေကို စစ်ကောင်စီက ငြင်းလို့မရအောင် စီစဉ်ထားတယ်လို့လည်း သိရတယ်။

"ပြည်သူတွေ မတရားသတ်ဖြတ်ခံရတာကို အတိအကျ စာရင်းပြုစုထားတယ်။ ကလေးတွေ အသတ်ခံရတာ ၅၂ ယောက် အထိရှိတယ်။ ကိစ္စတစ်ခုချင်းစီတိုင်းကို ဓာတ်ပုံနဲ့တကွ ကမ္ဘာ့စံချိန်စံညွှန်းနဲ့ညီအောင် မှတ်တမ်းတင်ထားပါတယ်။ ဒီလို လုပ်ထားတယ်ဆိုတာ စစ်ကောင်စီကို သတိပေးချင်တယ်။ စစ်သားတွေကိုလည်းသတိပေးချင်တယ်။ လူသတ်သမားတွေ ကိုလည်းသတိပေးချင်တယ်။ ကမ္ဘာကိုလည်း ကြေညာမယ်။ ငြင်းလို့မရအောင် စီစဉ်ထားတယ်ဆိုတာကို ပြောချင်ပါတယ်။ အချက်အလက်ပေါင်း ၁၅၁၀၀၀ ကျော်ကို မှတ်တမ်းပြုစုထားတယ်။ အချက်အလက်မှာ ငြင်းလို့မရအောင် အသေးစိတ် အတိအကျ လုပ်ထားပါတယ်။ တရုတ်နဲ့ ရုရှားက ဝယ်နေတဲ့လက်နက်တွေ၊ အမြောက်တွေ လက်နက်တွေနဲ့ ပြည်သူလူထု ကို ရက်ရက်စက်စက် သတ်နေပါတယ်ဆိုတာကို ကျွန်တော် သက်သေပြနေတာဖြစ်ပါတယ်။ ၉၁၅ ယောက် အသတ်ခံရ တာကို ဘယ်လိုမှ လက်ခံလို့မရဘူး။ အရေးယူရမှာ ဖြစ်ပါတယ်။ မင်းအောင်လှိုင်က အချုပ်ထဲမှာနေရမှာ ဖြစ်တယ်။ အရေးယူနိုင်အောင် နိုင်ငံတကာဥပဒေအဖွဲ့အစည်းကိုလည်း ပိုက်ဆံပေးပြီး ငှားထားပါတယ်။ ရက်စက်မှုကို ကုလသမဂ္ဂ ကလည်းလက်မခံဘူး။ နိုင်ငံတကာကလည်းလက်မခံဘူး။ အာဆီယံကလည်း လက်ခံလို့မရဘူး။ ရက်စက်မှုကို ကမ္ဘာက သိအောင် မှတ်တမ်းတင်ထားတာဖြစ်ပါတယ် " လို့ ဒေါက်တာဆာဆာက ပြောတယ်။

နောက်ထပ် စိတ်ထိခိုက်စရာ ကိစ္စကတော့ COVID-19 ကမ္ဘာ့ကပ်ရောဂါ ပြဿနာပါပဲ။ တကယ်တော့ ကပ်ရောဂါဖြစ်နေ ခိုက်မှာ စစ်ကောင်စီက အာဏာသိမ်းခဲ့တာကိုက ပြည်သူလူထုအပေါ် စာနာထောက်ထားမှု ကင်းမဲ့လွန်းတာကို ပြသလိုက် တာပါပဲ။ မြန်မာနိုင်ငံမှာ ကိုဗစ်စတင်ဖြစ်ပွားခဲ့တဲ့ ၂၀၂၀ မတ်လကစပြီး ဇွန် ၂၆ ရက် ည ၈ နာရီအထိ COVID-19 ဓာတ်ခွဲ အတည်ပြုလူနာသစ် ရ၈၃ ဦး၊ သေဆုံးသူ ရှစ်ဦး၊ အတည်ပြု လူနာစုစုပေါင်း ၁၅၂,၃၅၆ ဦး၊ သေဆုံးသူစုစုပေါင်း ၃,၂၉၀ ဦးရှိတယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာန က ထုတ်ပြန်ခဲ့ကြောင်း RFA သတင်းက ဆိုတယ်။

စစ်ကိုင်းတိုင်း၊ ကလေးမြို့မှာ ကိုဗစ်အတည်ပြုလူနာဦးရေ ဇွန်လ ၂၂ရက်ကနေ ၂၈ ရက်အထိ ရ ရက်အတွင်း ၃၄၅ ဦး အထိ ရှိတယ်လို့ ဆိုတယ်။ ဒါဟာ ဓာတ်ခွဲအတည်ပြုနိုင်တဲ့ စာရင်းဖြစ်ပြီး၊ တကယ်တမ်း မစစ်ဆေးနိုင်ဘဲ ရောဂါပိုးကူးစက် ခံရသူ အရေအတွက်ဟာ ဒီထက်မကများနိုင်တယ်လို့ ကိုဗစ်လူနာတွေကို ကူညီဆောင်ရွက်ပေးသူတွေက ပြောကြောင်း ဗွီအိုအေ သတင်းအရ သိရတယ်။ ကူးစက်သူအတည်ပြုလူနာနဲ့ ရောဂါသံသယရှိသူတွေအပြင် သေဆုံးသူတွေ နေ့စဉ်ရှိနေ တဲ့ ကလေးမြို့ရဲ့ ကိုဗစ်အခြေအနေဟာ စိုးရိမ်စရာကောင်းတယ်လို့ ကိုဗစ်တိုက်ဖျက်ရေး ကူညီဆောင်ရွက်ပေးနေတဲ့ စေတနာရှင် လုပ်အားပေးတဦးက ဗွီအိုအေကိုပြောတယ်။

ဖူလိုင်လ ၃ ရက်နေ့က ၂၄နာရီအတွင်း ကိုဗစ်အတည်ပြုလူနာသစ် ၂၃၁၈ ယောက်ကို စစ်ဆေးတွေ့ရှိတယ်လို့ စစ်ကောင်စီ ကျန်းမာရေးဝန်ကြီးဌာနက ကြေညာတယ်။ ကိုဗစ်တတိယလှိုင်း ကာလအတွင်း ပိုးတွေ့လူနာ အများဆုံးနဲ့ ပိုးတွေ့နှုန်း အများဆုံး စံချိန်တင် တွေ့ရှိခဲ့တာဖြစ်တယ်။ ဒါကြောင့် မြန်မာနိုင်ငံမှာ ကိုဗစ် အတည်ပြုလူနာပေါင်း ၁၆၅,၄ဝ၅ ယောက် ရှိပြီ ဖြစ်တယ်။ သေဆုံးသူ ၃၅ ယောက် မနေ့က ထပ်ပြီးတိုးလာလို့ ကိုဗစ်ကြောင့် သေဆုံးသူပေါင်း မြန်မာနိုင်ငံမှာ ၃၄၁၉ ယောက် ရှိပြီ။ ကူးစက်မှု ပိုမြန်ပြီး ပိုပြင်းထန်တဲ့ ကိုဗစ်ဗီဇပြောင်း ပိုးသစ်တွေ မြန်မာနိုင်ငံမှာရှိနေပြီလို့ ကျန်းမာရေးဌာနက ပြီးခဲ့တဲ့ ဇွန်လအတွင်း ကြေညာခဲ့ပြီး သေဆုံးသူနဲ့ ကူးစက်သူ အရေအတွက်လည်း ပြီးခဲ့တဲ ဇွန်လကစလို့ သိသိသာသာ မြင့်တက် လာခဲ့တယ်။

ကျန်းမာရေးဌာနရဲ့ ဖူလိုင်လ ၃ ရက်နေ့ ထုတ်ပြန်ချက်အရ ပိုးတွေ့လူနာသစ် အများဆုံးတွေ့တဲ့ ဒေသတွေက ရန်ကုန်တိုင်း၊ ပဲခူးတိုင်း၊ ဧရာဝတီတိုင်း၊ စစ်ကိုင်းတိုင်း၊ ရှမ်းပြည်နယ်နဲ့ မန္တလေးတိုင်းတို့ ဖြစ်ပါတယ်။ ကပ်ရောဂါပိုးကူးစက်မှုတွေ မြင့်တက်လာနေလို့ နေအိမ်မှာပဲ နေထိုင်ကြဖို့ ကန့်သတ်ချက် ထုတ်ပြန်ထားတဲ့ မြို့နယ်ပေါင်း ၂၆ ခုရှိနေပြီ ဖြစ်တယ်။

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ထုတ်ပြန်ထားချက်အရ မေလ ၂၇ ရက် ပိုးတွေ့သူ ၉၆ ယောက်ဖြစ်ပြီး၊ ဇွန်လ ၂၈ ရက်မှာ ပိုးတွေ့သူ ၁,၂၂၅ ဦး ကူးစက်ခဲ့တဲ့အထိ တရက်အတွင်း ကူးစက်မှုနှုန်း အမြင့်ဆုံး မြင့်တက်လာခဲ့တယ်။ ကိုဗစ် တတိယလှိုင်းနဲ့အတူ ကိုဗစ်ကြောင့် ဇွန်လ ၂၈ ရက် တနေ့တာအတွင်း သေဆုံးမှု အမြင့်ဆုံး ၁၂ ဦးအထိ မြင့်တက်လာ တာတွေ့ရတယ်။ ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုတွေ ပြန်လည်မြင့်တက်လာတဲ့အပေါ် စိုးရိမ်တဲ့အတွက် ပြည်သူများ ပိုမိုဂရု စိုက်ကြရန် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ဇွန်လ ၂၈ ရက်နေ့ ရုံးချိန်းမှာ ရှေ့နေတွေက တဆင့် သတိပေးစကား ပြောခဲ့ကြောင်း ဧရာဝတီသတင်းက ဖေါ်ပြတယ်။

ကိုဗစ်တတိယလှိုင်းမှာ နေရာတခုတည်း အစုအပြုံလိုက် ကူးစက်ခံရတာ တွေ့ရပြီး၊ ဒီဗီဘီ သတင်းအရ နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်က ၁၀၉ ယောက် ကူးစက်ခံရတယ်လို့ဆိုတယ်။ ဘုန်းတော်ကြီးကျောင်း တကျောင်းမှာ ကူးစက်မှု များ တယ်လို့ သိရတယ်။ အခြေခံပညာကျောင်းတချို့ ကိုဗစ်ကပ်ရောဂါကြောင့် ပိတ်ထားကြရပြီ ဖြစ်တယ်။ လက်ရှိ အခြေ အနေအရ ကိုဗစ် တတိယလှိုင်းဟာ ပညာရေးဆိုင်ရာ ကျောင်းများဆီ ဦးတည်နေပြီလို့ ဆိုတယ်။ စစ်ကောင်စီရဲ့ အာဏာ လောဘကြောင့် ကိုဗစ် တတိယလှိုင်း ဖြစ်နေစဉ် ကျောင်းတွေ အတင်းဖွင့်ခိုင်းခဲ့တဲ့ အမှားဟာ ကျောင်းသူကျောင်းသား ကလေးသူငယ်တွေကို အန္တရာယ်အတွင်း တွန်းချရာရောက်နေတယ်။

မြန်မာနိုင်ငံမှာ ဖူလိုင်လ ၃ ရက်နေ့ တရက်တည်းမှာတင် ကိုဗစ်ပိုးစမ်းသပ်မှု ၁၀,၀၀၀ ကျော် ပြုလုပ်ခဲ့ရာမှာ အတည်ပြု လူနာသစ် ၂,၃၀၀ ကျော် တွေ့ခဲ့ရပြီး သေဆုံးရသူက ၃၅ ဦး ရှိနေတယ်လို့ အားကစားနဲ့ ကျန်းမာရေးဝန်ကြီးဌာနက သတင်း ထုတ်ပြန်ပါတယ်။ ကိုဗစ်ကူးစက်မှုရှိတဲ့ အတည်ပြုလူနာဟာ ၂၂ ရာခိုင်နှုန်းကျော် ရှိနေတာဖြစ်ပြီး ဒါဟာ မနှစ်က နှစ်ကုန်ပိုင်းလောက် ကိုဗစ်ကူးစက်မှုနှုန်း မြင့်တက်ချိန်ကထက်ကို ကူးစက်မှုနှုန်း ပိုများနေတာ ဖြစ်တယ်။

ဖေဖော်ဝါရီ ၁ ရက် စစ်တပ်အာဏာသိမ်းပြီးချိန်ကစပြီး ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ရေးဆိုင်ရာ အလုပ်တွေ ကောင်းကောင်း မလုပ်နိုင်တော့တဲ့ မြန်မာနိုင်ငံမှာ မကြာခင် သီတင်းပတ်တွေအတွင်း ကိုဗစ်ကူးစက်မှု နှုန်းက တဟုန်ထိုး မြင့်တက်လာနေ တာ ဖြစ်တယ်။ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အရပ်သားအစိုးရ လက်ထက်မှာ ကိုဗစ်ကူးစက်မှု မြင့်မားတာ ၂ ကြိမ်ရှိ ခဲ့ပြီး ဒီကူးစက်မှုလှိုင်း ၂ ခုစလုံးအတွက် ကိုဗစ်စမ်းသပ်မှုနဲ့ သီးခြားခွဲနေရမယ့် ကွာရန်တင်းစင်တာတွေ ဖွင့်ပြီး အခြေအနေ တည်ငြိမ်အောင် ထိန်းထားနိုင်ခဲ့တယ်။ နိုင်ငံတလွှား ကာကွယ်ဆေးတွေ စထိုးပေးဖို့ လုပ်နေချိန်မှာ စစ်တပ်က အာဏာသိမ်း ခဲ့တာကြောင့် အစီအစဉ်တွေ ကောင်းကောင်း ဆက်မလုပ်နိုင်ဘဲ ဖြစ်ခဲ့ရတဲ့အပြင် ဆေးဝန်ထမ်းအများစုက အကြမ်းမဖက် အာဏာဖီဆန်တဲ့ CDM ဝင်နေကြတာကြောင့် ကျန်းမာရေး စောင့်ရှောက်ကုသရေးမှာပါ အခက်ကြုံနေရတာပါ။

လက်ရှိမှာ ဓာတ်ခွဲနမူနာ ၂.၈ သန်းနီးပါး စစ်ပေးနိုင်ခဲ့ပြီး အတည်ပြုလူနာ ၁၆၀,၀၀၀ ကျော် ရှိနေသလို သေဆုံးရသူ စုစုပေါင်းက ၃,၄၁၉ ယောက် ရှိနေတယ်လို့ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။ Stay at home ကန့်သတ်ထားတဲ့ မြို့နယ်ပေါင်းက ၂၆ မြို့နယ်ရှိနေပြီး တနင်္လာနေ့ကစပြီး ရန်ကုန်မှာ စားသောက်ဆိုင်တွင်း ထိုင်ပြီး စားသောက်ခွင့်ကို ပိတ်ပင်လိုက်ပါတယ်။

မြန်မာ့နွေဦးတော်လှန်ရေးကာလမှာ ကူသူကယ်သူမဲ့နေတဲ့ စစ်ကောင်စီဟာ ပြည်သူလူထုကို အမျိုးမျိုး ဒုက္ခပေးနေတာ အထူး သတိပြုကြဖို့လိုတယ်။ အကြမ်းဖက် စစ်ကောင်စီရဲ့ လတ်တလော အစီအမံတွေကို လေ့လာကြည့်ရင် ကိုဗစ် တတိယလှိုင်းကို နိုင်နိုင်နင်းနင်း ကာကွယ်ပေးနိုင်မယ့် အရိပ်အရောင်မတွေ့ရ။ ပြည်သူတွေ အနေနဲ့ နွေဦးတော်လှန်ရေး ကို စိတ်မဝင်စားအောင်၊ အကူအညီမပေးနိုင်အောင် ကိုဗစ်ကပ်ရောဂါ တတိယလှိုင်းကို အသုံးချနေတဲ့ သဘောတွေ့လာရ တယ်။ ကိုဗစ်ကြောင့် ကျူဝင်ရတဲ့အခါ ယခင်အစိုးရခေတ်က လူနာအနေနဲ့ငွေကြေး ဆေးဝါးကိစ္စ ဘာမှ မပူပင်ရပေမယ့်၊ အခု စစ်ကောင်စီအောက်မှာ ရောဂါရလာရင် ကိုယ့်စရိတ်နဲ့ကို တာဝန်ယူရမယ်လိုသိရတယ်။ ဒါကိုကြည့်ရင် ပြည်သူတွေ အပေါ်ထားတဲ့ စစ်တပ်ရဲ့ စေတနာကို မြင်နိုင်တယ်။

အာဏာသိမ်းလိုက်တဲ့အတွက် ကျန်းမာရေးဝန်ထမ်းတွေဟာ အကြမ်းမဖက် စစ်အာဏာဖီဆန်ရေး CDM လှုပ်ရှား မှုတွေမှာ ပါဝင်နေကြတာကြောင့် ကိုဗစ်ရောဂါ ထိန်းချုပ်ကာကွယ်ရေးလုပ်ငန်းတွေ အခက်အခဲကြုံတွေ့ခဲ့ကြရတယ်။ အစိုးရဆေးရုံ တွေမှာ ဆရာဝန် မလုံလောက်၊ ကိုဗစ်ရောဂါ စစ်ပေးမယ့်သူလည်းမရှိတာကြောင့် ကိုဗစ် ကူးစက်ခံရသူ လူနာ တွေ့ရှိမှုနှုန်း နည်းနေတာဖြစ်ပြီး အရင်ကလို ပိုစစ်နိုင်ရင် ပိုးတွေ့တဲ့လူနာ ပိုများနိုင်တယ်လို့ ဆရာဝန်တွေကဆိုတယ်။ ပရဟိတအဖွဲ့ တွေကို စစ်တပ်က ရန်သူသဖွယ် ပစ်ခတ်တိုက်ခိုက်မှုတွေ ရှိခဲ့တဲ့အတွက်လည်း ကိုဗစ်ကိစ္စမှာ ပရဟိတအဖွဲ့ တွေထံက အကူအညီမရဘဲ ဖြစ်နေတယ်။ နစ်နာတာကတော့ ပြည်သူတွေပဲ ဖြစ်တယ်။ COVID-19 ကမ္ဘာ့ကပ်ရောဂါ ပြဿနာဟာ မကြာခင် နိုင်ငံနဲ့ပြည်သူတို့အတွက် ကပ်ဘေးတခုဆက်လက်ရင်ဆိုင်ကြရမယ့် အခြေအနေဖြစ်နေတယ်။ ဒီအခင်း အကျင်းကို ကြည့်ရင် စစ်အာဏာရှင် လူမိုက်တစုဟာ သူတို့အာဏာရလိုမှုကြောင့် ကိုဗစ် တတိယလှိုင်းနဲ့ ပြည်သူ လူထုကို ဒုက္ခပင်လယ်ဝေအောင် တမင်ဖန်တီးလိုက်တာပဲလို့ ဆိုရပေလိမ့်မယ်။။။


Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar