Breaking News

မြန်မာပြည်မှာ စစ်တပ်အာဏာသိမ်းပြီး ၅ လ ၄ ရက် မြောက်နေ့ မြင်ကွင်း



မြန်မာပြည်မှာ စစ်တပ်အာဏာသိမ်းပြီး ၅ လ ၄ ရက် မြောက်နေ့ မြင်ကွင်း

(မိုးမခ) ဇူလိုင် ၄၊ ၂၀၂၁

ဒီပဲယင်း ၊ ကိုဗစ်နဲ့ တိုက်ပွဲခေါ်သံ

ဇူလိုင်လ ၂၊ ၃ ရက်နေ့တွေမှာတော့ လက်နက်ကိုင်ခုခံ တိုက်ခိုက်ကြတဲ့ သတင်းတွေထဲ အပြင်းထန်ဆုံးအကျအဆုံးအများဆုံးအဖြစ်အပျက်က မြန်မာနိုင်ငံရဲ့ အလယ်ပိုင်း ရွှေဘိုနဲ့ မုံရွာကြားက ဒီပဲယင်းမြို့နယ်က ကျည်ရွာ၊ ဆပ်ပြာကျင်းရွာတို့မှာ အပြန်အလှန်တိုက်ခိုက်မှုတွေ ဖြစ်ခဲ့ပြီး အဲဒီအနီးတဝိုက်က ရွာ၄၊ ၅ ရွာကလည်း တိမ်းရှောင်နေကြရတယ်လို့ သတင်းတွေထဲမှာ ပါရှိပါတယ်။

ခုလတွေအတွင်းမှာ စစ်ကိုင်းတိုင်း ဒီပဲယင်း၊ ယင်းမာပင် ၊ ကနီ၊ တန့်ဆည်၊ ကောလင်း၊ ခင်ဦး၊ ချောင်းဦးတို့မှာ အနည်းနဲ့အများ လက်နက်ကိုင် ခုခံမှုတွေ ဖြစ်ပျက်ခဲ့ကြပြီး ခုလတ်တလောမှာ တိုက်ခိုက်မှု သေဆုံးမှုတွေ ဖြစ်ပွားနေတာကတော့ ဒီပဲယင်း ဖြစ်ပါတယ်။

ဒီပဲယင်းမြို့နယ် ကျည်ရွာဟာ ၂၀၀၃ ခုနှစ် ဒေါ်အောင်ဆန်းစုကြည် စည်းရုံးရေးခရီးစဥ် ဖြတ်သန်းတုန်းက စစ်အစိုးရရဲ့ စီစဥ်တဲ့ လုပ်ကြံမှုဖြစ်ပွားခဲ့တဲ့နေရာလည်း ဖြစ်ပါတယ်။ ယခုတော့ စစ်အာဏာသိမ်းမှုနောက် စစ်တပ်ရဲ့ ဖိနှိပ်မှု ရက်စက်မှုတွေကို ရရာလက်နက်နဲ့ ခုခံတိုက်ခိုက်မှု ဖြစ်ပွားနေတာလည်း ဖြစ်ပါတယ်။ ယခုလို ရရာလက်နက်နဲ့ ခုခံတိုက်ခိုက်နေကြတဲ့ နေရာမှာ ကျေးရွာသားတွေကိုယ်၌ ကမကထလုပ်ပြီး ပီဒီအက်ဖ် ဖွဲ့စည်းကြတာလို့ ယူဆရပေမယ့် အမျိုးသားညီညွတ်ရေး အစိုးရက ဖွဲ့စည်းထားတဲ့ PDF နဲ့ ဆက်စပ်မှု ရှိတယ် မရှိဘူးဆိုတာတွေေတာ့ မသိရှိရပါဘူး။

ခုလို ကျေးရွာတွေ ဒေသခံတွေ အနေနဲ့ နွေဦးတော်လှန်ရေး သူတို့ဒေသက ကျေးရွာတွေ မြို့တွေမှာ စစ်ကောင်စီတပ်တွေက အနိုင်ကျင့် ဖမ်းဆီး သတ်ဖြတ်တာတွေကို မခံမရပ်နိုင်ဖြစ်ရာက ကိုယ့်ဒေသကိုယ် ကမကထလုပ်ပြီး လုပ်သေနတ် တူးမီးလိုမျိုးနဲ့ ခုခံတိုက်ခိုက်ကြတယ်လို့ အကြမ်းအားဖြင့်တော့ သိရှိထားကြပါတယ်။

ယခုရက်ပိုင်းအတွင်း ကျဆုံးမှုတွေက ကျေးရွာ ၂ ရွာ ၃ ရွာအနေအထားနဲ့ လူ ၂၄ ယောက်အထိ ရှိလာနေတယ်လို့လည်း သတင်းတွေထဲပါရှိပါတယ်။ ဒီအရေအတွက်ဟာ တော်တော်လေးများပြားတဲ့ အရေအတွက်လို့လည်း ဆိုနိုင်ပါတယ်။ ဒေသခံ ပီဒီအက်ဖ်တွေ တိုက်ပွဲမှာ အသက်ဆုံးရှုံးရတာတွေ အပြင် စစ်ကောင်စီတွေက ကျေးရွာတွေကို မြေလှန်ဖျက်ဆီးကြမယ့် အရေး ရိုက်နှက်ညှင်းပန်းနှိပ်စက်တာတွေ ဖမ်းဆီး မှာတွေလည်း ရှိလာမယ်လို့ မှန်းဆရပါတယ်။

အလားတူ အဖြစ်အပျက်မျိုးတွေ ကယားပြည်နယ် ဒီးမော့ဆိုဘက်မှာ ချင်းပြည်နယ် မင်းတပ်ဘက်မှာ မေလနဲ့ ဇွန်လတွေထဲက ဖြစ်ပျက်ခဲ့တာလည်း ဖြစ်ပြီး လူဦးရေ သောင်းဂဏန်းနဲ့ချီ တိမ်းရှောင်ပြီး တောထဲတောင်ထဲ ပုန်းအောင်းနေကြရသလို ယခုအချိန်ထိလည်း အရေအတွက် အများအပြား တိမ်းရှောင်နေရဆဲ ဖြစ်ပါတယ်။

ဒီနေရာမှာ မေးခွန်းထွက်ပေါ်လာတာက ခုလို ဒေသအလိုက် ရရာလက်နက်နဲ့ ခုခံတိုက်ခိုက်မှုတွေရဲ့ အောင်ပွဲအပေါ် အကျိုးသက်ရောက်မှု၊ အထိအခိုက်အကျအဆုံးနည်းအောင် အခြားေသာဒေသတွေ သို့မဟုတ် အမျိုးသားညီညွတ်ရေးအစိုးရရဲ့ ပီဒီအက်ဖ်က ဘာတွေ ဦးဆောင်မှုပေးနိုင်မလဲ နောက်တော့ ဘာတွေ ကူညီနိုင်မလဲဆိုတဲ့ မေးခွန်းတွေ ဖြစ်စေချင်တာတွေ ပေါ်ထွက်လာပါတယ်။

NUG အနေနဲ့ ခုလို အဖြစ်အပျက်တွေမှာ ဦးဆောင်မှု နဲ့ အထောက်အပ့ံ အကူအညီတွေ ပေးနိုင်ဖို့အရေးကြီးတယ်လို့လည်း မြင်မိပါတယ်။

နောက်တချက် အနေနဲ့ ထိပ်တိုက်ရင်ဆိုင်မှုတွေ တိုက်ခိုက်မှုတွေ ပေါ်ထွက်လာတဲ့ အချိန်ကို ရွေးချယ်အကြံပြုဖို့လည်း အရေးကြီးတယ်လို့မြင်ပါတယ်။ အခြားသောဒေသတွေ တပြိုင်ထဲလို တိုက်ပွဲမခေါ်နိုင်ခင် မှာ တမြို့နယ်ထဲ ကျေးရွာအုပ်စု တခုထဲ ဒေသတခုထဲက ခုခံမှုတိုက်ခိုက်မှုတွေကို စစ်ကောင်စီဘက်က အင်အား အများအပြားသုံးပြီး ဖြိုခွဲတာမျိုးကြောင့် ဒေသခံပီဒီအက်ဖ်တွေ လူထုရဲ့ ထောက်ခံမှု ၊ နောက်ပိုင်းက ထောက်ခံမှုက အင်အား ကုန်ခမ်းသွားပြီး တကယ့်တိုက်ပွဲခေါ်သံ ခေါ်တဲ့အချိန်မျိုးမှာ တိုက်ပွဲဝင်စရာ အင်အားသိပ်မကျန်တော့မှာ ဦးကျိုးသွားမှာကိုလည်း လေးလေးနက်နက် စဥ်းစား တွက်ချက်ကြစေချင်တ့ဲ့ သဘောလည်း ဖြစ်ပါတယ်။

ဒေသခံတွေ အနေနဲ့ ဒီလိုတိုက်ပွဲမျိုးကို နှစ်တိုင်း ခေါ်နိုင်ဖို့မလွယ်ကူပါဘူး။ အသက်တွေ နဲ့ ရင်းရသလို သူတို့ရဲ့ ရပ်ရွာနေအိမ် ပိုင်ဆိုင်မှုတွေပါ ရင်းပြီး ခုခံတိုက်ခိုက်ကြရတာ နောက်က အားပေးထောက်ခံသူတွေအနေနဲ့လည်း အရင်းအနှီးကြီးကြီးနဲ့ ထောက်ခံအားပေးကြရတာ ဖြစ်ပါတယ်။

ဒီလက်နက်ကိုင် တော်လှန်ရေးကို နိုင်ငံရေးအရ ဦးဆောင်တဲ့ အဖွဲ့အစည်းဖြစ်တဲ့ NUG အနေနဲ့ အချိန်အခါ ၊ အစီအစဥ် ၊ ပူးေပါင်းလုပ်ဆောင်မှုရှိတဲ့ စုစည်းမှုရှိပြီး အချိန်ကုိက်တဲ့ လက်နက်ကိုင် တိုက်ခိုက်မှု တခုဖြစ်အောင် အစီအစဥ်တွေ ဦးဆောင်မှုတွေ လုပ်ဆောင်စေချင်တာပါ။

လက်နက်ကိုင် ခုခံမှုတွေ နိုင်ငံရဲ့ အချို့နေရာတွေမှာ အပြင်းအထန် ဖြစ်ပွားနေချိန်မှာ တဖက်မှာ ကမ္ဘာ့ကပ်ရောဂါဖြစ်တဲ့ ကိုဗစ်ကူးစက်မှုကလည်း တနေ့ထက်တနေ့ အရှိန်အဟုန်မြန်ဆန်စွာ မြင့်တက်လာနေပါတယ်။

ချင်းပြည်နယ် မြို့နယ်တွေ၊ စစ်ကိုင်းတိုင်း နဲ့ချင်းပြည်နယ်အစပ်က ကလေးမြို့၊ ရှမ်းပြည်နယ် မြောက်ပိုင်း တရုတ်-မြန်မာ ကုန်သွယ်ရေးလမ်းတလျောက်က မြို့တွေ ၊ ပဲခူးတိုင်းက မြို့နယ်အချို့ မန္တလေးမြို့၊ ရန်ကုန်မြို့တွေမှာ နေ့စဥ်လိုလိုကိုဗစ် အတည်ပြုလူနာတွေ ရာနဲ့ချီတွေ့ရှိနေကြတာပါ။

ပြိုလဲရပ်ဆိုင်းလု ဖြစ်နေတဲ့ အများပြည်သူကျန်းမာရေး စောင့်ရှောက်မှု စနစ်နဲ့ ခုလို ကူးစက်ကပ်ဘေးကို ဘယ်လို ကာကွယ်ကုသကြမလဲဆိုတာ စဥ်းစားရခက်ခဲတဲ့ မေးခွန်းဖြစ်ပါတယ်။

အသေအပျောက်ကိန်းဂဏန်းက နေ့စဥ် ၂ဒါဇင်နဲ့ ၃ ဒါဇင်နီးပါးရှိနေပြီး တချို့သောမြို့တွေမှာ တမြို့ထဲ ကိန်းဂဏန်းက သိသိသာသာ မြင့်မားနေတာလည်း တွေ့ရမှာဖြစ်ပါတယ်။

ဒီနေ့ကစပြီး မြို့နယ်တိုင်းလောက်က စားသောက်ဆိုင်တွေ ကို ဆိုင်ထိုင်စားသောက်ခွင့် မရှိကြောင်း အမိန့်ထုတ်လိုက်တာလည်း ဖြစ်ပါတယ်။ အရင်နှစ် သြဂုတ် စက်တင်ဘာလကလည်း အခုလို အမိန့်မျိုးထုတ်ပြန်ခဲ့ပြီး လနဲ့ချီကြာမြင့်ကာ အလုပ်အကိုင်အခွင့်အလမ်းတွေ စီးပွားရေး လုပ်ငန်းတွေ ထိခိုက်ခဲ့ရာက ပြန်နလံမထနိုင်ခင်မှာ စစ်အာဏာသိမ်းမှုနဲ့ ထပ်မံရိုက်ခတ်ခံခဲ့ရတဲ့ စီးပွားရေးအလုပ်အကိုင်အခွင့်အလမ်းတွေ ခုတကျော့မှာ သက်ရောက်မှုက ကြီးမားဦးမယ့် အလားအလာတွေ မြင်တွေ့နေရပါတယ်။

နိုင်ငံရေးအရ စိတ်ဝမ်းကွဲမှု နက်နက်ရှိုင်းရှိုင်းရှိနေတဲ့ နိုင်ငံ၊ လက်နက်ကိုင်ပဋိပက္ခနဲ့ မြို့ရွာတွေ စွန့်ခွာပြီး တိမ်းရှောင်နေရတဲ့ နိုင်ငံကို ကိုဗစ်ကူးစက်ရောဂါက ထပ်မံနှိပ်စက်ဦးမယ့် အလားအလာတွေ မြင်တွေ့နေရပြီး လူထုအနေနဲ့ ခါးစည်းခံကြရဦးမယ့် အလားအလာတွေ မြင်တွေ့နေရပါတယ်။

Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar