Breaking News

အောင်ဒင် - နွေဦးတော်လှန်ရေးအတွက် မိတ်ပျက်ဆွေပျက် သဘောတရားများ



အောင်ဒင် - နွေဦးတော်လှန်ရေးအတွက် မိတ်ပျက်ဆွေပျက် သဘောတရားများ

(မိုးမခ) ဇူလိုင် ၆၊ ၂၀၂၁

မြန်မာ့နွေဦးတော်လှန်ရေးလို့လဲ တင်စားခေါ်ဝေါ်ကြ၊ ဒုတိယအကြိမ်မြောက် ဖက်ဆစ်တော်လှန်ရေးလို့လည်း အမည်ပေးကြတဲ့ မြန်မာပြည်သူများရဲ့ စစ်အာဏာရှင်စနစ် ဆန့်ကျင်တော်လှန်မှုတွေက အာဏာသိမ်းပြီး ၅ လကျော်တဲ့အထိ မင်းအောင်လှိုင်စစ်အုပ်စုကို မြန်မာပြည်သူများကို အုပ်ချုပ်ခွင့်အပြည့်အဝ မရစေနိုင်ခဲ့၊ နိုင်ငံတကာအစိုးရများရဲ့ အသိအမှတ်ပြုမှု မရရှိစေခဲ့ပါ။

မြေပြင်ပေါ်မှာ စစ်အုပ်စုရဲ့ အကြမ်းဖက်မှုတွေက ပိုပြီး ရက်စက်ပြင်းထန်လာသလို ပြည်သူလူထုရဲ့ တော်လှန်မှုကလည်း လမ်းပေါ်မှာ ဆန္ဒပြတဲ့အဆင့်၊ ရုံးမတက်၊ ကျောင်းမတက်ပဲ ဆန့်ကျင်တဲ့အဆင့်ကနေ ရနိုင်သမျှ လက်နက်တွေ ရှာဖွေပြီး စစ်အုပ်စုရဲ့ အကြမ်းဖက်မှုတွေကို ခုခံကာကွယ်နေတဲ့အဆင့်ကို တိုးမြှင့်ရောက်ရှိနေပါပြီ။ ဒီလိုအချိန်မျိုးမှာ ပြည်သူလူထုရဲ့ စိတ်ဓာတ်ကို ဝေဝါးစေနိုင်တဲ့ အတွေးအခေါ်တွေ၊ ဖြေရခက်တဲ့ မေးခွန်းတွေလည်း ပိုပြီး ပျံ့နှံ့နေပါတယ်။ ဒီအတွေးအခေါ်တွေ၊ ဒီမေးခွန်းတွေကြောင့်ပဲ မြန်မာ့ဒီမိုကရေစီအရေး လှုပ်ရှားကြသူတွေများအကြား ကွဲပြားမှုတွေ၊ သံသယတွေ ဖြစ်ပေါ်နေပါတယ်။ အဲဒီ သဘောထားတွေကြောင့်ပဲ အရင်းနှီးဆုံးမိတ်ဆွေတွေ မိတ်ပျက်ဆွေပျက် ဖြစ်ခဲ့ကြပါပြီ။ ဖြစ်နေကြပါတယ်။ အဲဒီ အတွေးအခေါ်တွေကို အောက်ပါအတိုင်း ပြန်လည်ရှင်းပြချင်ပါတယ်။

[(၁) စစ်တပ်က အာဏာသိမ်းတာ မကောင်းဘူး။ ဒါပေမယ့် တစ်နှစ်အတွင်း ရွေးကောက်ပွဲပြန်လုပ်ပေးပြီး အာဏာပြန်လွှဲမယ်လို့ ကတိပေးထားတယ်။ အဲဒါကို စောင့်ကြည့်သင့်တယ်။ သူ့ကတိနဲ့ သူ့ကို ပြန်ချည်နှောင်ပြီး ရွေးကောက်ပွဲတကယ်လုပ်ပေးအောင်သာ ဖိအားပေးသင့်တယ်။]

ဒီအတွေးအခေါ်က အင်မတန်စိတ်ပျက်စရာ ကောင်းပါတယ်။ "ဖွဲ့စည်းပုံအခြေခံဥပဒေအရ အာဏာလွှဲပြောင်းရယူ ရပါတယ်" ဆိုပြီး လိမ်လည်လှည့်ဖျား အာဏာလုယူခဲ့တဲ့ မင်းအောင်လှိုင်ရဲ့ "ကတိ" ဆိုတာကို ဘယ်လိုမှ ယုံကြည်လက်ခံစရာ မရှိပါ။ အာဏာလုယူခါစက တစ်နှစ်အတွင်း ရွေးကောက်ပွဲပြန်လုပ်ပေးမယ်လို့ ပြောခဲ့ပေမယ့် အခုတော့ ၂ နှစ်လောက်လည်း ကြာနိုင်တယ်လို့ ပြောနေပြန်ပါပြီ။ ပြီးတော့ သူပြန်လုပ်ပေးမယ့် ရွေးကောက်ပွဲဟာ ဘယ်လို ပုံစံမျိုးဖြစ်မယ်ဆိုတာကိုလည်း အလွယ်တကူ ခန့်မှန်းမြင်သာနိုင်ပါတယ်။ မင်းအောင်လှိုင်ခန့်ထားတဲ့ သိန်းစိုးကော်မရှင်က ၂၀၂၀ ရွေးကောက်ပွဲရလဒ်ကို ဖျက်သိမ်းမယ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို ရွေးကောက်ပွဲမသမာမှုတွေ လုပ်ခဲ့တယ်ဆိုပြီး ဖျက်သိမ်းမယ်။ တင်းကြပ်တဲ့ စည်းကမ်းတွေ၊ အမိန့်တွေနဲ့ နိုင်ငံရေးပါတီတွေကို ပြန်လည်မှတ်ပုံတင်ခိုင်းမယ်။ ဘယ် နိုင်ငံရေးပါတီကမှ လွှတ်တော်ထဲမှာ ခိုင်မာလုံလောက်တဲ့ မဲအများစု မရအောင် "အချိုးကျရွေးချယ်မှုစနစ်" (PR System) ကို အသက်သွင်းမယ်။ သူတို့ အလိုမကျတဲ့ ပါတီတွေ၊ နိုင်ငံရေးသမားတွေ ရွေးကောက်ပွဲ ဝင်ခွင့်မရှိအောင် ကန့်သတ်မယ်။ မတရားတဲ့ မမျှတတဲ့ ရွေးကောက်ပွဲကို မဲပေးသူအရေအတွက် ဘယ်လောက်ပဲ နည်းနည်း မဖြစ်မနေကျင်းပပြီး ရာနှုံးပြည့်နီးပါး မဲပေးကြကြောင်း ကြေညာမယ်။ စစ်တပ်ကို ထောက်ခံတဲ့ ပါတီတွေရဲ့ မဲနဲ့ စစ်တပ်ရဲ့ ၂၅ ရာခိုင်နှုံးမဲတွေပေါင်းပြီး မင်းအောင်လှိုင်ကို နိုင်ငံတော်သမ္မတ အဖြစ်တင်မြှောက်မယ်။ နောက်ဆုံးမှာ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က သမ္မတ ဦးမင်းအောင်လှိုင်ကို အာဏာလွှဲမယ်။ ဒီလောက်အထိ ရုပ်ပျက်ဆင်းပျက် အရှက်မဲ့မဲ့ စီစဉ်ထားတဲ့ ဇာတ်လမ်းကို အမှန်တကယ်အကောင်အထည်ဖော်လာအောင် စောင့်ကြည့်ရမယ်။ တကယ်လုပ်အောင် ဖိအားပေးရမယ်ဆိုတာ အင်မတန် စိတ်ပျက်စရာကောင်းတဲ့ အယူအဆပါ။

[(၂) စစ်တပ်နဲ့ ဆွေးနွေးညှိနှိုင်းအဖြေရှာဖို့လိုတယ်။ ဒိုင်ယာလော့လုပ်ဖို့လိုတယ်။ ပြည်တွင်းက ဝါရင့်နိုင်ငံရေးသမားတွေက ဖြစ်စေ၊ နိုင်ငံတကာအစိုးရတွေက ဖြစ်စေ စစ်တပ်နဲ့ အတိုက်အခံတွေကြား ဝင်ရောက်ညှိနှိုင်းဖြေရှင်းပေးသင့်တယ်။]

စေ့စပ်ဆွေးနွေးညှိနှိုင်းတယ် ဆိုတာ ဘယ်လို နိုင်ငံရေးအခင်းအကျင်းမှာမဆို ရှိတတ်ပါတယ်။ နောက်ဆုံး တစ်ဘက်ဘက်က အရေးနိမ့်တဲ့အချိန်မှာတောင်မှ ဘယ်လိုပုံစံနဲ့ လက်နက်ချမလဲဆိုတာကို ညှိနှိုင်းကြရတာမျိုး ရှိပါတယ်။ ဒါပေမယ့် နှစ်ဘက်စလုံးက ညှိနှိုင်းချင်စိတ်ရှိဖို့ လိုပါတယ်။ ညိနှိုင်းဆွေးနွေးဖို့ လိုအပ်နေပြီဆိုတာ လက်ခံဖို့ လိုပါတယ်။ လက်ရှိအခြေအနေမှာ စစ်တပ်ဘက်က CRPH၊ NUG တို့နဲ့ စေ့စပ်ဆွေးနွေးဖို့ ဆန္ဒမရှိသလို CRPH၊ NUG တို့ဘက်ကလည်း စေ့စပ်ဆွေးနွေးစရာ မရှိပါ။ နှစ်ဖက်စလုံးရဲ့ ရပ်တည်ချက်တွေကလည်း အရှေ့နဲ့ အနောက် ဖြောင့်ဖြောင့်ကြီး ဆန့်ကျင်နေတာပါ။ မြန်မာစစ်တပ်က CRPH၊ NUG တို့ကို လက်နက်ချ၊ အရှုံးပေးပြီး စစ်တပ်ရဲ့ ဦးဆောင်မှုကို လက်ခံတာကိုသာ လိုချင်ပါတယ်။ CRPH၊ NUG ကလည်း စစ်တပ်က အကြမ်းဖက်မှုတွေရပ်၊ ဒေါ်အောင်ဆန်းစုကြည်အစိုးရကို အာဏာပြန်လွှဲပေး၊ ပြီးရင် စစ်တပ်တစ်ခုလုံး နိုင်ငံရေးဦးဆောင်မှုနေရာကနေ ထွက်ခွါပြီး အရပ်သားအစိုးရရဲ့ အမိန့်အာဏာကို နာခံစေချင်တာပါ။ ဒီလို ဆန့်ကျင်ဘက်အတွေးအခေါ်ရှိတဲ့ အင်အားစု ၂ စု စေ့စပ်ဆွေးနွေးဖို့ဆိုတာ တစ်ဘက်ဘက်က အလွန်အရေးနိမ့်နေတဲ့အချိန်မျိုး၊ ဒါမှမဟုတ် နှစ်ဘက် အင်အားချိန်ခွင်လျှာညီမျှပြီး ရှေ့မတိုးနိုင်၊ နောက်မဆုတ်နိုင်ကြတဲ့ အချိန်မျိုးမှာသာ ဖြစ်နိုင်မှာပါ။

ကျနော်ကတော့ စစ်တပ်ကို မြန်မာ့နိုင်ငံရေးဦးဆောင်မှုနယ်ပယ်ကနေ အပြီးတိုင် ဖယ်ရှားချင်သူမို့ ကျနော်တို့ဘက်က အားသာပြီး အနိုင်ရမယ့်အချိန်ကျမှ စစ်တပ်က ဘယ်လိုပုံစံနဲ့ လက်နက်ချမလဲဆိုတာကို ဆွေးနွေးညှိနှိုင်းမှာကိုပဲ လက်ခံနိုင်ပါတယ်။ အခုအချိန်မှာ အာဆီယံနိုင်ငံများရဲ့ ကြားဝင်စေ့စပ်မှုဆိုတာကို အယုံအကြည်မရှိသလို ပြည်တွင်းက စေ့စပ်ရေးသမားများရဲ့ အားထုတ်မှုကိုလည်း မထောက်ခံနိုင်ပါ။

[(၃) ကြိုက်ကြိုက်၊ မကြိုက်ကြိုက် စစ်တပ်ဟာ မြန်မာ့နိုင်ငံရေးနယ်ပယ်မှာ အရေးကြီးတဲ့ အင်အားစုဖြစ်တယ်။ စစ်တပ်မပါပဲ မြန်မာ့နိုင်ငံရေးပြဿနာတွေကို မဖြေရှင်းနိုင်ဘူး။ စစ်တပ်ဟာ မြန်မာ့နိုင်ငံရေးရဲ့ ဦးဆောင်မှုကဏ္ဍမှာ ဆက်လက်ရှိနေဖို့ လိုအပ်တယ်။]

ဒါဟာလည်း စစ်တပ်ဟာ မြန်မာနိုင်ငံမှာ ပြဿနာများကို ဖန်တီးသူဖြစ်သလို အဖြေရှာရာမှာ မလွဲမသွေပါဝင်ရမယ့် အင်အားစုဖြစ်တယ်ဆိုတဲ့ စစ်တပ်ကို အလွန်အကျူး ဗဟိုပြုထားတဲ့ အယူအဆနဲ့ အတူတူပါပဲ။ ကျနော်တို့မှာလည်း စစ်တပ်ရဲ့ အခန်းကဏ္ဍကို အလွန်အကျူး ချယ်မှုံးထားတဲ့ သမိုင်းအတုအယောင်တွေကို တစ်သက်လုံး သင်ကြားခဲ့၊ ဖတ်ရှူခဲ့ရတာကိုး။ မြန်မာ့တပ်မတော်ကို တည်ထောင်ခဲ့တဲ့ ရဲဘော်သုံးကျိတ်ဆိုတာကို ဒဏ္ဍာရီထဲက သူရဲကောင်းကြီးများလို အမွှန်းတင်ထားတဲ့ သမိုင်းတွေ ဖတ်ခဲ့ရပေမယ့် ရဲဘော်သုံးကျိတ်ကို ဖက်ဆစ်ဂျပန်တွေက ဖက်ဆစ်စစ်ပညာတွေ၊ စစ်တပ်ဗဟိုပြုအတွေးအခေါ်တွေနဲ့ စစ်ဘုရင်အယူအဆတွေ လေ့ကျင်သင်ကြားပေးခဲ့တယ်ဆိုတာကို ဖော်ထုတ်ရေးသားခဲ့သူ မရှိသလောက်ပါ။ ရဲဘော်သုံးကျိတ်တည်ထောင်ခဲ့တဲ့ ဘီအိုင်အေ (BIA) ဆိုတဲ့ ဗမာ့လွတ်လပ်ရေးတပ်မတော်ကိုလည်း တိုင်းပြည်ကို ဗြိတိသျှနယ်ချဲ့တွေလက်အောက်က ကယ်တင်ခဲ့တဲ့ တပ်မတော်ကြီးအဖြစ် သမိုင်းစာအုပ်တွေထဲမှာ ဂုဏ်ပြုရေးသားခဲ့ကြပေမယ့် စစ်လမ်းကြောင်းတလျှောက် အလွယ်တကူ လက်ခံခဲ့တဲ့ ဘီအိုင်အေစစ်သားတွေထဲမှာ လူဆိုးတွေ၊ သူခိုးတွေ၊ ဓားပြတွေ အများကြီးပါဝင်ခဲ့ကြတာ၊ စစ်ဦးဘီလူးဆိုတဲ့ ပုံစံမျိုးနဲ့ ပြည်သူတွေအပေါ် အနိုင်ကျင့်ခဲ့ကြတာ၊ တိုင်းရင်းသားတွေ အထူးသဖြင့် ကရင်လူမျိုးတွေအပေါ် ရက်စက်ကြမ်းကြုပ်မှုတွေ ကျူးလွန်ခဲ့ကြတာ၊ ဘီအိုင်အေရဲ့ သုံးရောင်ချယ်လက်ပတ် လက်မောင်းမှာစည်းထားတဲ့ လူမိုက်တွေက ရန်ကုန်မြို့ကို စိုးမိုးအုပ်ချုပ်ခဲ့တာတွေကိုတော့ သိကြပေမယ့် မပြောရဲခဲ့ကြ၊ မရေးရဲခဲ့ကြပါ။

တကယ်တော့ ဒီ မြန်မာ့တပ်မတော်ဆိုတဲ့ စစ်တပ်ကြီးဟာ ဖက်ဆစ်ဂျပန်တွေရဲ့ လေ့ကျင့်သင်ကြားမှုတွေနဲ့ စတင်မွေးဖွားခဲ့ပြီး ဖက်ဆစ်အတွေးအခေါ်ကို လက်ခံတဲ့ ဗိုလ်နေဝင်းက ဖက်ဆစ်တပ်ကြီးဖြစ်အောင် ဆက်လက်လေ့ကျင့်ပျိုးထောင်ခဲ့တာပါ။ ၁၉၆၂ ခုနှစ် စစ်တပ်က အာဏာသိမ်းချိန်ကစပြီး စစ်တပ်ကို တိုင်းပြည်ရဲ့ ကယ်တင်ရှင်ကြီးအဖြစ် သမိုင်းတင်ခဲ့ကြလို့ တချို့ရဲ့ အမြင်မှာ စစ်တပ်ဟာ မြန်မာနိုင်ငံရဲ့ အရေးအကြီးဆုံးအဖွဲ့အစည်း၊ စစ်တပ်မပါပဲ တိုင်းပြည်ရဲ့ ပြဿနာတွေကို ဖြေရှင်းလို့ မရဘူးလို့ အမြင်အတွေး မှောက်မှားနေကြပါတယ်။

မြန်မာ့တပ်မတော်ဆိုတာ ဖက်ဆစ်စစ်တပ်ကြီး ဖြစ်ကြောင်း ပြည်နယ်တွေမှာ နေထိုင်ကြတဲ့ တိုင်းရင်းသားလူနည်းစုတွေက လွန်ခဲ့သော နှစ်ပေါင်းများစွာကထဲက သူတို့ရဲ့ ဘဝတွေ၊ အသက်တွေ၊ အနာဂတ်တွေနဲ့ရင်းပြီး သိရှိနားလည်ခဲ့ကြပါတယ်။ ပြည်မက မြန်မာပြည်သူတွေကတော့ အခု ဖေဖော်ဝါရီ ၁ ရက်နေ့၊ အာဏာသိမ်းပြီးနောက်မှပဲ မြန်မာစစ်တပ်ရဲ့ ဖက်ဆစ်သဘာဝကို ကိုယ်တိုင်ကြုံတွေ့ကြရတာပါ။ ဒီ ဖက်ဆစ်စစ်တပ်ကြီးဟာ မြန်မာနိုင်ငံပြဿနာများရဲ့ တစ်စိတ်တစ်ပိုင်းမဟုတ်ပါ။ မြန်မာနိုင်ငံရဲ့ ပြဿနာများ အားလုံးကို ဖန်တီးသူဖြစ်ပါတယ်။ ဒီပြဿနာများ ဖြေရှင်းရာမှာ အကောင်းဆုံးသော နည်းလမ်းက ဒီစစ်တပ်ကြီးကို လုံးဝဖျက်သိမ်းပြီး ဖက်ဆစ်အတွေးအခေါ်တွေ လုံးဝကင်းရှင်းပြီး ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးတွေကို အာမခံကာကွယ်မယ့်၊ အရပ်သားအစိုးရရဲ့ အမိန့်ကို နာခံမယ့် ပြည်သူ့တပ်မတော်သစ်ကို ဖွဲ့စည်းခြင်းပဲ ဖြစ်ပါတယ်။

[(၄) အကြမ်းဖက်တုန့်ပြန်တာ မှားတယ်။ အကြမ်းဖက်နည်းလမ်းကို ဒီမိုကရေစီအင်အားစုကြီးက ရွေးချယ်လိုက်ခြင်းဖြင့် တစ်ချိန်မှာ အောင်မြင်မှုရရင်တောင်မှ လက်နက်ရှိသူတွေက အာဏာကို လွှမ်းမိုးရယူနိုင်တဲ့ အစဉ်အလာကြီးက ဆက်လက်တည်ရှိနေလိမ့်မယ်။]

၁၉၈၈ ဒီမိုကရေစီအရေးတော်ပုံကြီးကာလမှာ "ရိုက်ရဲတာ သတ္တိမဟုတ်ဘူး၊ ခံရဲတာ သတ္တိ" ဆိုတဲ့ ကြွေးကြော်သံတစ်ခု ပေါ်ပေါက်ခဲ့ပါတယ်။ ကျနော်လည်း အဲဒီတုံးက အဟုတ်မှတ်ပြီး လိုက်အော်ခဲ့ဘူးပါတယ်။ ဒါပေမယ့် သေသေချာချာ ပြန်စဉ်းစားကြည့်တော့မှ "ရိုက်ရဲတာ သတ္တိမဟုတ်ဘူး" ဆိုတာကို လက်ခံနိုင်ပေမယ့် "ခံရဲတာ သတ္တိ" ဆိုတာကတော့ မဖြစ်နိုင်ပါ။ မတရားအနိုင်ကျင့်တာကို မခုခံပဲ၊ မရှောင်တိမ်းပဲ ခံရဲတာဟာ "မိုက်မဲမှု" ပဲ ဖြစ်ပါလိမ့်မယ်။ ၁၉၈၈ ခုနှစ်တုံးက အဲဒီလို အတွေးအခေါ်ကြောင့်ပဲ "အကြမ်းမဖက် အာဏာဖီဆန်ရေး" ဆိုတဲ့ လှုပ်ရှားမှုခေါင်းစဉ်အောက်မှာ ကျနော်တို့ သူငယ်ချင်းတွေ၊ မိတ်ဆွေတွေ၊ ရဲဘော်တွေ အကြိမ်ကြိမ်၊ အခါခါ ခံခဲ့ကြရ၊ သေဆုံးခဲ့ကြရ၊ နာကျင်ခဲ့ကြရ၊ ဘဝတွေ ပျက်ခဲ့ကြရတာပါ။ ၁၉၈၈ တုံးက ကျနော်တို့ကို အရေးနိမ့်စေခဲ့တဲ့ အတွေးအခေါ်ကို ၂၀၂၁ မှာ မကျင့်သုံးစေလိုပါ။ ၂၀၂၁ ခုနှစ်မှာ ဖက်ဆစ်စစ်တပ်ကြီးရဲ့ ပြည်သူတွေအပေါ် ကြမ်းကြုတ်ရက်စက်မှုတွေက ၁၉၈၈ မှာထက် ပိုပြီးကြီးမားပါတယ်။ ဘယ်နိုင်ငံကမှ ကျနော်တို့ကို လာမကယ်နိုင်ပါ။ ကျနော်တို့ ပြည်သူတွေ ကိုယ့်ကိုယ်ကို ခုခံကာကွယ်ရပါလိမ့်မယ်။ ကိုယ့်အချင်းချင်းကိုယ် စောင့်ရှောက်ကြရပါလိမ့်မယ်။ ခံရဲတာ သတ္တိမဟုတ်ပါ။

အကြမ်းဖက်နည်းလမ်းကို ကျင့်သုံးလို့ ကျနော်တို့ နိုင်ခဲ့ရင်ရော လက်နက်အင်အားနဲ့ အာဏာတည်ဆောက်မှုအစဉ်အလာက ဆက်ရှိနေလိမ့်ဦးမယ်လို့ တချို့က ပူပင်ကြပါတယ်။ ကျနော်ကတော့ အဲဒီလို ဖြစ်မယ်မထင်ပါ။ သေချာတာကတော့ ကိုယ့်ကိုယ်ကိုရော၊ ကိုယ့်အသိုင်းအဝိုင်းကိုရော ခုခံကာကွယ်ခြင်းလုံးဝမရှိပဲ အနိုင်ကျင့်သမျှ သတ္တိရှိရှိ ခံခဲ့ကြဆိုတဲ့ နိုင်ငံရေးဦးဆောင်မှုကြောင့် ၁၉၈၈ ဒီမိုကရေစီအရေးတော်ပုံကြီးမှာ ကျနော်တို့ အားနည်းအရေးနိမ့်ခဲ့တာပါ။ ရှုံးတယ်ဆိုတဲ့ ဇာတ်သိမ်းခန်းကို အသေအချာသိထားတဲ့ စာအုပ်အဟောင်းကြီးကို ပြန်မဖတ်ချင်တော့ပါ။ ဇာတ်သိမ်းခန်းကို အသေအချာမသိသေးပေမယ့် တစ်မျက်နှာ ဖတ်တိုင်း မျှော်လင့်ချက်အသစ်တွေရှိနေတဲ့ စာအုပ်အသစ်ကိုပဲ ဆက်ဖတ်ချင်ပါတယ်။

[(၅) မြန်မာစစ်တပ်ကြီးက စနစ်တကျဖွဲ့စည်းထားပြီး လူသတ်ဝါဒနဲ့ ကျွမ်းဝင်ယဉ်ပါးပြီး ဖြစ်တယ်။ တိုက်လေယဉ်တွေ၊ စစ်သင်္ဘောတွေ၊ အမြောက်ကြီးတွေ၊ ဒရုံးတွေသုံးပြီး ရန်သူကို တိုက်ခိုက်နိုင်တယ်။ ရန်သူကို ရှာဖွေထောက်လှမ်းနိုင်တယ်။ အတိုက်အခံတွေကို အလွယ်တကူ အနိုင်ရသွားလိမ့်မယ်။]

ဒါလည်း စစ်တပ်ကို အလွန်အကျူးအထင်ကြီးထားတဲ့ အတွေးအခေါ်ပါ။ ဒီကနေ့ မြန်မာစစ်တပ်မှာ ခေတ်မီလက်နက်တွေ ပိုင်ဆိုင်ထားတာ၊ နည်းပညာအထောက်အပံ့တွေရှိနေတာ အသေအချာပါ။ ဒါပေမယ့် သူတို့မှာ လုံးဝမရှိတာက "ယုံကြည်ချက်" ပါ။ ဒီစစ်တပ်ကြီးမှာ အရာရှိက များပြီး တပ်သားက နည်းပါတယ်။ အရာရှိတွေက စစ်ဗိုလ်ဖြစ်ရတာဟာ "အခွင့်ထူးခံ" ဘဝကို ရောက်တာပဲလို့ မျှော်လင့်ပြီး စစ်တပ်ထဲဝင်ကြတာဖြစ်ပြီး တပ်သားတွေက ဝမ်းရေးနဲ့ နေရေးထိုင်ရေးအတွက် စစ်တပ်ထဲဝင်ကြတာပါ။ ဒီစစ်တပ်ကြီးကို "ယုံကြည်မှု" နဲ့ တည်ဆောက်ထားတာမဟုတ်ပဲ "အခွင့်အရေး" ဆိုတာနဲ့ တည်ဆောက်ထားတာပါ။ ဒါပေမယ့် စစ်ဗိုလ်တွေ ရရှိခံစားနေရတဲ့ အခွင့်အရေးတွေနဲ့ မြေပြင်က တပ်သားတွေ ခံစားရတဲ့အခွင့်အရေးတွေက အလွန်အမင်းကွာခြားလှပါတယ်။ ဒါကြောင့်ပဲ ဒီစစ်တပ်ကြီးဟာ ဘယ်လောက်ပဲ လက်နက်အင်အား သာလွန်ကောင်းမွန်သည်ဖြစ်စေ ပြည်သူတွေကို အကာအကွယ်ပေးပြီး ပြည်သူတွေအတွက် ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးတွေ၊ တရားမျှတမှုတွေ၊ တန်းတူညီမျှမှုတွေကို ပြန်လည်ဆောင်ကျဉ်းပေးမယ်ဆိုတဲ့ ယုံကြည်ချက်နဲ့ ဖွဲ့စည်းတည်ဆောက်ထားတဲ့ "ပြည်သူ့ကာကွယ်ရေးတပ်မတော်" ကို အနိုင်ရနိုင်မှာ မဟုတ်ပါ။

[(၆) နိုင်ငံတကာ စီးပွါးရေးပိတ်ဆို့မှုတွေ၊ အရေးယူမှုတွေဟာ မြန်မာစစ်ခေါင်းဆောင်တွေအပေါ် ဘယ်လိုမှ ထိခိုက်စေမှာမဟုတ်ဘူး။ စစ်ခေါင်းဆောင်တွေက ဒီဖိအားတွေကို အလွယ်တကူ ရှောင်လွှဲနိုင်လိမ့်မယ်။ ဒီအရေးယူမှုတွေကြောင့် သာမာန်ပြည်သူတွေပဲ ထိခိုက်နစ်နာကြလိမ့်မယ်။]

ဒီအတွေးအခေါ်ဟာလည်း လွန်ခဲ့တဲ့ နှစ်များ၊ နဝတ၊ နအဖ စစ်အစိုးရများ ခေတ်ကထဲကပါ။ ဆန်ရှင် (Sanctions) သည် စစ်ခေါင်းဆောင်တွေကို မထိခိုက်ပဲ မြန်မာပြည်သူတွေကိုသာ ထိခိုက်တာမို့ ဆန်ရှင်တွေ ရုပ်သိမ်းသင့်ကြောင်း မြန်မာ့အရေးကျွမ်းကျင်သူဆိုသူတွေက လှုံ့ဆော်ခဲ့ကြတာပါ။ အခုအချိန်မှာတော့ အဲဒီလို စစ်အုပ်စုဘက်ယိမ်းတဲ့ ပညာရှင်ဆိုသူတွေအပြင် မြန်မာပြည်သူအချို့ပါ ကုလသမဂ္ဂနဲ့ နိုင်ငံတကာအသိုင်းအဝိုင်းအပေါ် အားမလိုအားမရ ဖြစ်နေကြတာပါ။ တကယ်တော့ နိုင်ငံတကာအစိုးရများရဲ့ စီးပွါးရေး၊ သံတမန်ရေး ပိတ်ဆို့အရေးယူမှုတွေဟာ စစ်အုပ်စုအပေါ် အတိုင်းအတာတစ်ခုအထိ ထိုက်ခိုက်ပါတယ်။ မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းပြီးပြီးချင်း အမေရိကန်အစိုးရက အမေရိကန်ဘဏ်များမှာ မြန်မာအစိုးရက အပ်နှံထားတဲ့ အမေရိကန်ဒေါ်လာ သန်းတစ်ထောင်ကျော်ကို စစ်အုပ်စုလက်ထဲ အရောက်မခံပဲ သိမ်းထားလိုက်နိုင်တာ သက်သေပါ။ အမေရိကန်အစိုးရနဲ့ ကမ္ဘာ့ဒီမိုကရေစီနိုင်ငံများက မြန်မာစစ်ခေါင်းဆောင်တွေနဲ့ အပေါင်းအပါတွေ၊ မိသားစုဝင်တွေ၊ စစ်တပ်ပိုင်စီးပွားရေးလုပ်ငန်းတွေကို စီးပွားရေးပိတ်ဆို့အရေးယူတာ အင်မတန်ထိရောက်မှု ရှိပါတယ်။ အရေးကြီးဆုံးက ဒီအရေးယူမှုတွေဟာ စစ်အုပ်စုမျှော်လင့်တဲ့ အသိအမှတ်ပြုမှု (Recognition/ Legitimacy) ဆိုတာကို ငြင်းဆန်လိုက်တာပါ။

ပိုပြီး ထိရောက်တဲ့ နိုင်ငံတကာအရေးယူမှုက မကြာခင်မှာ ရောက်လာနိုင်ပါတယ်။ လာမယ့် စက်တင်ဘာလမှာ စတင်ကျင်းပမယ့် ၇၆ ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံကနေ မြန်မာစစ်အုပ်စုကို မြန်မာနိုင်ငံကို ကိုယ်စားပြုတဲ့ တရားဝင်ကိုယ်စားလှယ်အဖြစ် အသိအမှတ်မပြုပဲ NUG ကိုသာ မြန်မာနိုင်ငံကို ကိုယ်စားပြုခွင့်ပေးလိုက်ရင် မြန်မာစစ်အုပ်စုဟာ လက်နက်ကိုင် သောင်းကျန်းသူအဖွဲ့အစည်းဘဝကို ကူးပြောင်းသွားရမှာ ဖြစ်ပြီး သူအင်မတန် အားထားနေရတဲ့ တရုတ်၊ ရုရှား နိုင်ငံတွေကတောင် ပစ်ပယ်ခံရတဲ့ ဘဝကို ရောက်သွားမှာပါ။ တစ်ဘက်မှာလည်း စစ်အုပ်စုက အနိုင်ရပြီး တရားဝင်အစိုးရအဖြစ် အသိအမှတ်ပြုခံလိုက်ရရင် NUG နဲ့ ကျနော်တို့ ပြည်သူတွေအတွက် အရေးနိမ့်မှုခံစားရမှာပါ။

[(၇) ကျောင်းမတက်ရေး လှုံ့ဆော်ကြတာ မှားတယ်။ ကျောင်းသားတွေပဲ နစ်နာဆုံးရှုံးကြလိမ့်မယ်။ နိုင်ငံတစ်နိုင်ငံမှာ ကလေးတွေရဲ့ ပညာသင်ကြားခွင့်ကို ပိတ်ပင်ခြင်းဟာ ကလေးတွေရဲ့ အနာဂတ်ကို ဖျက်ဆီးခြင်းသာဖြစ်တယ်။]

နွေဦးတော်လှန်ရေးကြီးက နိုင်ငံရေးပါတီတွေ၊ နိုင်ငံရေးခေါင်းဆောင်တွေရဲ့ ဦးဆောင်မှုနဲ့ ပေါက်ဖွားလာတာ မဟုတ်ပါ။ သာမာန်ပြည်တွေရဲ့ အာဏာဖီဆန်မှုနဲ့ စတင်ခဲ့တာပါ။ အစောပိုင်းမှာ ဂျင်ဇီ (Generation Z) လို့ခေါ်ကြတဲ့ လူငယ်လေးတွေ လမ်းပေါ်ကို ထွက်လာကြတယ်။ ဆရာဝန်တွေ၊ သူနာပြုတွေစတဲ့ ကျန်းမာရေးဝန်ထမ်းတွေက အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) ကို စတင်ကြတယ်။ နိုင်ငံတဝှမ်းက ဝန်ထမ်းတွေ ပါဝင်လာကြတယ်။ တက္ကသိုလ်တွေ၊ ကောလိပ်တွေ၊ အထက်တန်းကျောင်းတွေက ဆရာ၊ ဆရာမတွေ၊ ကျောင်းသား၊ ကျောင်းသူတွေပါဝင်လာကြတယ်။ အားလုံးက ကိုယ့်တာဝန် ကိုယ်ယူပြီး စစ်အုပ်စုကို ဆန့်ကျင့်တော်လှန်နေကြတာပါ။ အခု ကျောင်းတွေ ပြန်ဖွင့်တဲ့အချိန်မှာ ကျောင်းမတက်ဖို့ လှုံ့ဆော်ကြတာဟာ ဝန်ထမ်းတွေကို "ရုံးမတက်နဲ့ ရုန်းထွက်" လို့ စည်းရုံးခဲ့ကြသလို တော်လှန်ရေးရဲ့ တာဝန်တစ်ရပ်ကို ထမ်းဆောင်ကြတာပါ။ ဆရာတွေ၊ ကျောင်းသားတွေ စာသင်ခန်းထဲ ပြန်မရောက်ကြတာလည်း သူတို့ရဲ့ ကိုယ်ပိုင်ယုံကြည်မှုကြောင့်ပဲ ဖြစ်ပါလိမ့်မယ်။

ကျောင်းမတက်ခြင်းဖြင့် ကလေးတွေအတွက် ဆုံးရှုံးမှုတွေ ကြီးမားလိမ့်မယ်။ အနာဂတ်ပျောက်လိမ့်မယ်လို့ စိုးရိမ်တတ်ကြသူတွေအတွက် ကျောင်းပြန်တက်ရင်ရော ကလေးတွေအတွက် အနာဂတ်ကြီးက လှပမှာလားဆိုတာ ပြန်မေးချင်ပါတယ်။ စစ်သားတွေ လက်နက်အပြည့်အစုံနဲ့ စောင့်ကြပ်နေတဲ့ ကျောင်းစာသင်ခန်းထဲ သံသယမျက်လုံးများရဲ့ ခြိမ်းခြောက်မှုအောက်မှာ ကလေးတွေခံစားရမယ့် ကြောက်ရွံ့တုန်လှုပ်မှုတွေ၊ အရည်အချင်းမပြည့်ဝတဲ့ ဆရာ၊ ဆရာမတွေရဲ့ သင်ကြားပို့ချချက်တွေကသာ ကလေးတွေရဲ့ အနာဂတ်အတွက် ပိုပြီးစိုးရိမ်စရာ ကောင်းမှာပါ။

[(၈) တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေကို ယုံကြည်စိတ်ချလို့ မရဘူး။ သူတို့က ဒီလိုအခြေအနေကို အခွင့်ကောင်းယူပြီး ခွဲထွက်ဖို့ ကြိုးစားကြလိမ့်မယ်။]

တကယ့်မေးသင့်တာက ဗမာအများစုနဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ကို ကိုယ်စားပြုထားတဲ့ NUG ကို တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေ (EAO) တွေက ယုံကြည်သင့်ရဲ့လား ဆိုတာပါ။ တိုင်းရင်းသားတွေမှာ ဗမာလူများစုနိုင်ငံရေးခေါင်းဆောင်တွေအပေါ် ယုံကြည်ရင်းနဲ့ သူတို့ရဲ့ ကိုယ်ပိုင်အခွင့်အရေးတွေ ဆုံးရှုံးပြီးရင်း ဆုံးရှုံးခဲ့ကြရတာ နှစ်ပေါင်းများစွာ ကြာခဲ့ပါပြီ။ ကိုယ့်ထီးကိုယ့်နန်းနဲ့ ကိုယ်ပိုင်အုပ်ချုပ်နိုင်ခဲ့ကြတဲ့ သူတို့ရဲ့ နယ်မြေဒေသတွေကို ဗြိတိသျှကိုလိုနီအစိုးရက မြန်မာနိုင်ငံလို့ အခုအားလုံး နားလည်ထားတဲ့ နယ်နမိတ်မြေပုံထဲ ထည့်သွင်းဖွဲ့စည်းပြီးတဲ့အချိန်ကစပြီး စစ်ခေါင်းဆောင်တွေအပါအဝင် ဗမာလူများစုခေါင်းဆောင်အဆက်ဆက်က တိုင်းရင်းသားတွေကို လက်အောက်ခံလူနည်းစုများအဖြစ်ပဲ ဆက်ဆံခဲ့ကြတာပါ။ တိုင်းရင်းသားတွေရဲ့ လွတ်မြောက်ရေးတိုက်ပွဲတွေကို အကြမ်းဖက်ချိုးနှိမ်ခဲ့ကြ၊ တိုင်းရင်းသားအချင်းချင်း သွေးခွဲအုပ်ချုပ်ခဲ့ကြတာပါ။

ဒီကနေ့ စစ်အာဏာရှင်စနစ်ကို အပြီးတိုင်ဖျက်သိမ်းမယ့် နွေဦးတော်လှန်ရေးကြီးမှာ တိုင်းရင်းသားလက်နက်ကိုင်အင်အားစုများရဲ့ ပူးပေါင်းပါဝင်မှုဟာ အင်မတန်အရေးကြီးပါတယ်။ အခုလက်ရှိအခြေအနေမှာတင် ကေအန်ယူ၊ ကေအိုင်အေ အဖွဲ့ကြီးများက စစ်အုပ်စုရဲ့ ငြိုငြင်မှုနဲ့ ရန်လိုမှုကို ရင်ဆိုင်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကို စစ်ပညာ လေ့ကျင့်သင်ကြားပေးနေကြပါတယ်။ တချို့နေရာတွေမှာ သူတို့တွေက ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ တွဲဖက်ပြီး ဖက်ဆစ်တပ်တွေကို တိုက်ခိုက်နေပါတယ်။ သူတို့ရဲ့ စိုးမိုးရာဒေသတွေမှာလည်း ပြည်မက ထွက်ပြေးတိမ်းရှောင်လာတဲ့ ဒီမိုကရေစီလှုပ်ရှားသူတွေကို လက်ခံစောင့်ရှောက်ပေးနေကြပါတယ်။

အဲဒီလို ပူးပေါင်းကူညီတဲ့အတွက် အကျိုးဆက်က မြန်မာစစ်တပ်က ကချင်ပြည်နယ်၊ ကရင်ပြည်နယ်နဲ့ ကရင်နီပြည်နယ်တွေမှာ လေကြောင်းက ဗုံးကြဲတိုက်ခိုက်မှုတွေ၊ လက်နက်ကြီးတွေနဲ့ တိုက်ခိုက်မှုတွေနဲ့ အကြီးအကျယ် အကြမ်းဖက်တာပါ။ တိုင်းရင်းသားတွေ သိန်းနဲ့ချီပြီး ဘဝတွေပျက်ကြ၊ အသက်တွေဆုံးကြ၊ စစ်ပြေးဒုက္ခသည်တွေ ဖြစ်နေကြပါပြီ။ ဒီဒုက္ခတွေကို သူတို့ခံစားနေရတာ ထိုက်တန်အောင် NUG က သူတို့တွေ ပိုပြီး ယုံကြည်အောင် စည်းရုံးနိုင်ဖို့ လိုပါတယ်။ အဲဒီလို စည်းရုံးရာမှာ စစ်မှန်သော ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတော်ကြီး တည်ဆောက်ပေးမယ်ဆိုပြီး လက်ရှိ မြန်မာနိုင်ငံမြေပုံကို အထိအခိုက်မခံပဲ ကတိပေးလို့ မရနိုင်တော့ပါ။ ရခိုင်တို့၊ “ဝ” တို့မှာ ဖက်ဒရယ်အဆင့်ထက်ပိုတဲ့ မျှော်လင့်ချက်တွေ ရှိနေပါပြီ။ သူတို့ရဲ့ ပူးပေါင်းဆောင်ရွက်မှုကို လိုချင်ရင် သူတို့တွေရဲ့ လွတ်လပ်လိုစိတ်နဲ့ လွတ်လပ်ခွင့်ကို NUG က အသိအမှတ် ပြုသင့်ပါတယ်။

နောက် လိုအပ်ရင် ဆက်ရေးပါ့မယ်။
(ဇူလိုင် ၅၊ ၂၀၂၁)

Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar