Breaking News

ဗေဒါညို - Dday

Photo - BBC

Dday
ဗေဒါညို
(မိုးမခ) ဇူလိုင် ၂၊ ၂၀၂၁

အင်တာနက်တွေလိုင်းကောင်းသွားပြီ VPN ခံစရာမလိုတော့ဘူးလို့ မိတ်ဆွေတယောက်က ဝမ်းသာအားရနဲ့ပြောလိုက်ပေမယ့် ကောင်းလည်း VPN ခံပြီးသုံးရတာက စိတ်ချလက်ချရှိပါတယ်ဗျာ။ အင်တာနက်ကလည်း ကောင်းတလှည့် မကောင်းတလှည့်နဲ့ ထင်မိထင်ရာရယ်။ နို့ပြီး ကျွန်တော်တို့ကလည်း VPN ကို ဟင်းထဲမှာဟင်းချိုမှုန့်ခတ်ပြီးစားလိုက်ရမှကျေနပ်ရသလိုမျိုးနဲ့ စွဲသွားပြီကိုယ့်လူရဲ့။ အဲဒါကိုမခံဘဲနဲ့အင်တာနက်သုံးမိရင် စိတ်ထဲမှာတခုခုလိုနေသလိုလိုတောင်ထင်နေမိတယ်လို့ပြန်ပြောလိုက်ရတယ်။

အင်တာနက်လိုင်းကျသွားတော့ဟ-လာကြပါဦး ။ ဘယ့်နှယ်လုပ်ရမတုန်းဆိုပြီး ကိုယ့်တပည့်တွေကို လှမ်းအကူအညီတောင်းရတယ်။ ဒီတော့မှ VPN ကိုစတင်ကြားဖူးတာပါပဲ။ အဲဒီ VPN ဆိုသဟာတွေကလည်း ထောင်ချီပြီးရှိသတဲ့။ ပိုက်ဆံပေးရတာရော မပေးရတာရောအမျိုးစုံပဲ ကိုယ်ကြိုက်တာကိုရွေးချယ်လို့ရသတဲ့။ ဒီတော့ ဘာအထွေအထူးပြောစရာလိုတော့မှာတုန်း။ ကျွန်တော့်ခံယူချက်ကတော့ ပြတ်သားပါတယ်။ ပိုက်ဆံမပေးရရင် အောလ် အိုကေပဲ။VPN သုံးလေးခုလောက်ထည့်ပေးထားခဲ့ကွာလို့ ပြောလိုက်ရတယ်။ ခက်တာက ဖေ့စ်ဘွတ်သုံးတာ လေးငါးခြောက်နှစ်လောက်ရှိပေမယ့် အသက်ကကြီးလာပြီး ဉာဏ်ကလည်းလေးလာတော့ တဆင့်တက်သော် တတောင်မကျော်နိုင်ဘဲ အီလက်ထရောနစ်သင်ပုန်းကြီးပတ်ဝမ်းမှာပဲ သောင်တင်နေတယ်ဗျ။ နို့ပြီး ဖေ့စ်ဘွတ်ကြည့်ပြန်တော့လည်း ထူးထူးဆန်းဆန်းသုံးနှုန်းကြတဲ့စကားလုံးတွေကိုတွေ့ရပြန်လို့ ဦး နှောက်ခြောက်သွားရပါတယ်။ ဒန်ပေါက်တဲ့၊ ဆန်ပြုတ်တဲ့၊ ပန်းနုသွေးတဲ့၊ ခင်မို့မို့အေးတဲ့၊ နေ ခြည်ဦးတဲ့။ ခပ်ကြမ်းကြမ်းအသုံးအနှုန်းတွေတော့ မသင့်တော်လို့ ထည့်မရေးတော့ပါဘူး။ ဒါတွေကိုဖတ်ရင်းနဲ့ အင်-ဘယ့်နှာကြီးတွေတုန်း။ မြန်မာလိုရေးထားတာတောင် နားမလည်လို့ ငါတော်တော်ညံ့သေးတာပဲလို့ပဲ တွေးလိုက်ရပါတော့တယ်။ ပြီးတော့ ဖေ့စ်ဘွတ်မှာဂျင်းတွေကလည်းတော်တော်ပေါသဗျ။ အဲတော့ ပူစပ်ပူလောင်ဖြစ်တာခြင်းအတူတူ ဘယ်ဟာက ဂျင်း ဘယ်ဟာကဖြင့်ငရုပ်သီးဆိုတာ မနည်းခွဲခြားနေရတယ်။ ဤလည်းတစ်ဒုက္ခပေါ့။

အဖမ်းခံထားရတဲ့သူတွေပြန်လွှတ်ပေးလို့ဝမ်းသာမိတယ်။ မနေ့တုန်းကဖေ့စ်ဘွတ်မှာ အင်းစိန်ထောင်ရှေ့ သား သမီးလားမြေးလား ပြန်လွှတ်တာကို သပြေခက်ကလေးကိုင်ပြီးစောင့်မျှော်နေရှာတဲ့အမယ်အိုကို တွေ့လိုက်ရတယ်။ ဒါပေတဲ့ သူ့ဆုတောင်းမပြည့်ရှာဘူးတဲ့။ နေဝင်ခါနီးတော့ တက်စီငှားပြီး ပြန်သွားရှာသတဲ့။ 

ဒီနေ့မြစ်ကြီးနားမှာလည်း အကျဉ်းကျနေတဲ့သမီးအတွက် လွှတ်ပေးမှာကိုမျှော်ရင်းနဲ့ ဖခင်ဖြစ်သူခမျာ နှလုံး ရောဂါနဲ့ကွယ်လွန်သွားရှာသတဲ့။ ကြားရတဲ့သတင်းတွေကတော့ စိတ်မကောင်းစရာတွေချည်းပါပဲဗျာ။ ကျွန်တော့်သဘောကတော့ တပြုံတအုံကြီးအဖမ်းခံထားရသူအားလုံးကို အကုန်လွှတ်ပေးလိုက်စေချင်တာပါပဲ။ တိုင်းပြည်မှာထောင်တံခါးတွေပိတ်ထားရင် ဘယ်လောက်ကောင်းလိုက်မလဲ။ ကျွန်တော်တို့ရဲ့လူ့ကမ္ဘာနဲ့လူ့ အဖွဲ့အစည်းမှာ လူစိတ်(သို့မဟုတ်) သက်ရှိသတ္တဝါတွေအပေါ် သနားကြင်နာစိတ် (Humanitariansm) လွှမ်းခြုံထားနိုင်ကြရင် ဝမ်းသာပျော်ရွှင်စရာကြီးပ။

မနေ့တုန်းက လေဒီကစျေးကပြန်လာလာချင်း အမလေး စျေးထဲမှာကြိတ်ကြိတ်တိုးတဲ့။ ဘာဖြစ်လို့တုန်းလို့မေးလိုက်တော့ Dday ကြောင့်ဆိုလားတော်၊ အဲဒါ တကယ်လားဟင်တဲ့။ လေဒီပြောလိုက်တော့မှ ..သြော် ဒီလိုပါကလားလို့ သဘောပေါက်သွားမိလိုက်တယ်။ ဖေဖေါ်ဝါရီ ၁ ရက်နေ့တုန်းကလည်း စျေးထဲမှာရောဆန်ဆိုင်တွေမှာရော လူတွေအုံခဲပြီးကြိတ်ကြိတ်တိုးနေကြတယ်။ တခုခုဖြစ်ရင်ဆိုတဲ့စိုးရိမ်ပူပန်စိတ်နဲ့ပေါ့ဗျာ။ ကျွန်တော်တို့တတွေခမျာလည်း ခေတ်ကပေးတဲ့အတွေ့ အကြုံတွေကများနေတော့ ထစ်ခနဲဆိုရင် ဝယ်စရာရှိတာပြေးဝယ်ကြရမှာပေါ့။ ဒီအတွက်ဘယ်သူ့ကိုမှ အပြစ်မဆိုသာပါဘူး။

Dday အကြောင်း လွန်ခဲ့တဲ့နှစ်ပတ်လောက်ကတည်းက ဖေ့စ်ဘွတ်တခွင်မှာ​​ ရေးကြဝေဖန်ကြနဲ့ ပွဲဆူသွားခဲ့တယ်ဗျ။ Dday နဲ့ပတ်သက်ပြီးတချို့က အခုလိုပြောကြတယ်။ စစ်ရေးကိစ္စအတွက်လျှို့ဝှက်ရမှာကို စည်းမစောင့်တာက အန္တရာယ်ကြီးသတဲ့။ အာမချောင်ကြပါနဲ့တဲ့။ တချို့ကတော့ ဒါဟာ တမင်သက်သက်ဂျင်းထည့်လိုက်တာဖြစ်သတဲ့။ ဘယ်ဟာကိုယုံကြမလဲ။ ထို့ကြောင့် ယုံချင်လည်းယုံ မယုံလည်းနေကြ၊ ကိုယ်ကြိုက်သလိုဆုံးဖြတ်ကြရုံပါပဲ။ ဒီနေရာမှာကျွန်တော်ကတော့ယုံခြင်းမယုံခြင်းကိုခေတ္တရပ်ဆိုင်းထားပြီး Dday ကိုမြန်မာလို တိုက်ရိုက်အစားထိုးကြည့်လိုက်ပါတယ်။ 

D ဆိုတာက မြန်မာလိုဒီပဲပေါ့။ day ကတော့နေ့ပေါ့။ ဒါကြောင့်မို့ Dday သည်တခြားမဟုတ်၊ ဒီနေ့လို့ဆိုလိုတာဖြစ်တယ်။ မနက်ဖြန်ရောက်ရင်လည်း Dday ဆိုတဲ့ဒီနေ့ရှိနေမှာပဲ။ သန်ဘက်ခါလည်း ရှိနေမှာပဲ၊ နောက်ရက်တွေလည်း ထိုနည်းတူပေါ့ဗျာ။

အမှန်တော့ Dday ဆိုတဲ့သတိပေးအသံဟာ လူတွေတွေးနေသလိုမဟုတ်ဘူး။ ကိုဗစ်အန္တရယ်ကိုသတိပေးလိုက်တာပဲကွ။ ကိုဗစ်ကူးစက်မှုနှုန်းကမြင့်မားနေလို့ Dday နဲ့အသိပေးလိုက်တာဖြစ်တယ်။ ကိုဗစ်မပျောက်မချင်းဒီနေ့ဆိုတဲ့ Dday ရှိနေမှာပဲ။ ငါတို့တတွေ ..အပ္ပမာဒေနသမ္ပာဒေထ ..ဆိုတဲ့အတိုင်းမမေ့မလျော့ဘဲသတိရှိကြရမယ်လို့​လေ။ ဒီကိုခပ်တည်တည်နဲ့ရှင်းပြလိုက်ရပေတယ်။ ကိုဗစ်ကတတိယလှိုင်းမှ ာတော်တော်ကြောက်စရာကောင်းနေတယ်မဟုတ်ပါလား။ ဘာပဲဖြစ်ဖြစ် နေ့စဉ်သတိနဲ့နေနိုင်မှ တော်ရုံကျပါလိမ့်မယ်။ ဒါပေတဲ့ Dday ကို ကိုယ့်နည်းကိုယ့်ဟန်နဲ့အဲသလိုဒက်ဖနေရှင်းဖွင့်ပေးလိုက်ခြင်းကကိုယ့်ကြိုးနဲ့ကိုယ်ပတ်မိသလိုဖြစ်သွားမှန်းမတွေးလိုက်မိပါဘူး။

လေဒီကဝမ်းသာအားရနဲ့ဟုတ်တာပေါ့ မလိုအပ်ဘဲအပြင်မထွက်တာပဲကောင်းတယ်။ ဒေါ်အောင်ဆန်းစုကြည်ကလည်း အပြင်မထွက်ကြဖို့ပြောထားတယ်လေ။ တော်လည်း လက်ဖက်ရည်ဆိုင်မထိုင်နဲ့တော့။ သောက်ချင်ရင်ပါဆယ်ပဲဝယ်သောက်တဲ့။ လက်ဖက်ရည်ဆိုင်ထိုင်တာ ဘာများကောင်းလို့တုန်းတဲ့ဗျ။ ကျွန်တော်လည်းအရှိုက်ထိသွားသလို ငင့်-ခနဲ ပေါ့။​ ပြန်ပြောစရာစကားမရှိဘဲ ဖြစ်သွားပါတယ်။ ထားလိုက်ပါတော့ဗျာ။ 

Dday လို့ဆိုလိုက်တာနဲ့တပြိုင်တည်း ဘယ်လို Dday ပဲဖြစ်ဖြစ် အပ္ပမာဒေန သမ္ပာဒေထ.. ဆိုတဲ့အတိုင်း မမေ့မလျော့ သတိရှိနေကြဖို့ပဲ လိုပါတယ်။ အခုလိုကာလကြီးမှာ ရှေ့တခေါ် မျှော်ကြည့်ပြီး အနာဂတ်အကြောင်းမတွေးနိုင်အားပါဘူး။ Dday သို့မဟုတ် ဒီနေ့ကပဲအရေးကြီးဆုံးမဟုတ်ပါလား။ မနက်ဖြန်ရောက်တော့လည်းမနက်ဖြန်ရဲ့ Dday ပေါ့။

(နှိုးဆော်ချက် -Dday ကိုလေးစားသောအားဖြင့်လက်ဆေးကြပါ mask တပ်ကြပါ။)
ဤတွင်ကားလိပ်ချ

ဗေဒါညို
-
Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar