Breaking News

ခင်လေး (Aotearoa) - နယူးဇီလန်ကို ဒယ်လ်တာရောက်လာတဲ့နေ့

Source- 1NEWS
နယူးဇီလန်ကို ဒယ်လ်တာရောက်လာတဲ့နေ့
ခင်လေး (Aotearoa)
(မိုးမခ) သြဂုတ် ၂၁၊ ၂၀၂၁

ဒယ်လ်တာမျိုးခွဲအကြောင်းကြားနေရတာ အတော်ကြာနေပေမယ့် နယူးဇီလန်ကိုရောက်မလာသေးတော့ တော်သေးပါရဲ့လို့စဉ်းစားနေတုန်း ဝုန်းဒိုင်းဆို ဆိုင်းမပါဗုံမဆင့်ပဲ အဂ္လါနေ့ကရောက်လာခဲ့ပါတယ်။ နယူးဇီလန်တဝန်းက ဆရာမတွေကို အော်ကလန်ခေါ်ပြီး  မွမ်းမံသင်တန်းပေးနေတုန်းဆိုတော့ ၃ နာရီကျော်ကျော်လောက် သတင်းတွေစဝင်လာတဲ့အချိန်မှာ ကိုယ်တို့တွေအားလုံး စာသင်တာရပ်ပြီး မရေရာတဲ့နေ့တွေအကြောင်း၊ စိုးရိမ်စရာတွေအကြောင်း ဘယ်လိုပြင်ဆင်ဖို့လိုမယ်ဆိုတဲ့အကြောင်း အရင်ကဘာတွေလုပ်ခဲ့တဲ့အကြောင်း၊ စတဲ့ ကိုးဗစ်စကားတွေပြောရင်း ဆုံးဖြတ်ချက်ကိုစောင့်နေတဲ့အချိန်မှာ အဆိုးဆုံးကိုရင်ဆိုင်ဖို့ ပြင်ဆင်ကြရပါတော့တယ်။ အဲဒီနေ့ကလေတွေထန်ပြီး လေယာဉ်နောက်ကျလို့ မနက် ၉ နာရီအစား ညနေ ၃ နာရီထိုးမှရောက်လာကြတဲ့ဆရာမတွေလဲ ပြန်ဖို့စဉ်းစားကြရပါတော့တယ်။ စာရေးမလေးက လေယာဉ်တွေအားလုံး အချိန်ပြောင်းဖို့တွေလုပ်၊ ကိုယ်တို့က သိမ်းစရာရှိတာတွေသိမ်း၊ ပိတ်စရာရှိတာတွေပိတ်၊ ကျောင်းပိတ်ခါနီးပြင်တဲ့အတိုင်း အကုန်ပြင်ပြီးမှ အော်ကလန်ကလူတွေ ၄ နာရီကျော်ကျော်မှာ အိမ်ပြန်ကြပါတယ်။ မိုးရွာ ကားပိတ်နဲ့ တချို့ မြောက်ပိုင်းမှာနေတဲ့သူတွေ ၂ နာရီခွဲလောက်ကြာအောင် ကားမောင်းပြန်ကြရပါတယ်။ ကျောင်းက တောင်ပိုင်းမှာဆိုတော့ ဟိုဘက်စွန်းနဲ့ ဒီဘက်စွန်းပေါ့။ ပုံမှန်အတိုင်းဆို ၄၅ မိနစ် တစ်နာရီ အလွန်ဆုံးပေါ့။ 

ညနေ ၆ နာရီလောက်ကျတော့ အော်ကလန်မြောက်ပိုင်းက အသက် ၅၈ နှစ်အရွယ်အမျိုးသားကြီးတစ်ယောက်မှာပိုးတွေ့ပြီး ဒယ်လ်တာအမျိုးအစား ဖြစ် လာနိုင်တဲ့အတွက် အားလုံးကိုကာကွယ်နိုင်ဖို့ သတိရှိရှိတုံ့ပြန်တဲ့အနေနဲ့ နယူးဇီလန်တစ်နိုင်လုံး သတိပေးချက်အဆင့် ၄ ကို ညသန်းခေါင်ကစပြီးဝင်ကြဖို့ ဝန်ကြီးအဖွဲ့က ဆုံး ဖြတ်လိုက်တဲ့အကြောင်း ဝန်ကြီးချုပ်က ပြောသွားပါတယ်။  အော်ကလန်ကလူတွေ ၇ ရက် ကျန်တဲ့သူတွေ ၃ ရက်တဲ့။ နေ့လည်က ဆရာမတယောက်ရဲ့မိတ်ဆွေက အော်ကလန်က အဆင့် ၄၊ ကျန်တဲ့မြို့တွေက ၂ ဆို နောက်နေတာမဟုတ်ဘူးပေါ့။ ဒယ်လ်တာဟာ ကူးစက်နှုန်းမြန်လွန်းပြီး ပြင်း ပြင်းထန်ထန်တိုက်ခိုက်တတ်လို့ ဒီလိုလုပ်ရတာပါ၊ လူ ၅ သန်းအသင်းဝင်တွေ ညီညွတ်ပေးကြပါဦးလို့လဲ ဝန်ကြီးချုပ်က ပြောသွားပါတယ်။

အဆင့် ၄ ဆိုတော့ ဟင်းချက်စရာအတွက် စျေးဝယ်နဲ့ဆေးဝယ်ပဲထွက်၊ ဘယ်သွားသွားနှာခေါင်းစည်းတပ်ပေါ့။ ပြီးခဲ့တဲ့အပတ်က သွေးစစ်ထားတာအတွက် ဆရာဝန်နဲ့တွေ့ဖို့ရှိတာလဲ လူကိုယ်တိုင်သွားလို့မရတော့ပဲ ဖုန်းနဲ့ပြောပြီးဆွေးနွေးရတယ်။ လိုတဲ့ဆေးတွေကို ဆေးဆိုင်မှာသွားယူလို့ရတော့ တော်သေးတာပေါ့။ အလုပ်က ထုံးစံအတိုင်း ပိုများပေါ့။ သင်တန်းပေးလက်စဆိုတော့ ကျန်တဲ့စာတွေကို အွန်လိုင်းကနေ ဘယ်လိုသင်မယ်၊ ဘယ်လိုဆက်သွယ်မယ် ဘယ်အချိန် အသေးစိတ်များစွာကို ပြောင်းစီစဉ်ရတာတမျိုး၊ ကလေးငယ်လေးတွေရဲ့မိဘတွေကိုတွေ့ပြီး သူတို့အိမ်မှာ ကလေးတွေအတွက် အသုံးကျမယ့်နည်းတွေ ပြောပြ၊ လုပ်ပြရတာက တမျိုး၊ အိမ်ကကောင်တွေ ကစားနေလား စာလုပ်နေလား ကြည့်ရတာတမျိုး၊ မက်သျူးလေး (ပူစီညောင်လေး) အဆင် ပြေရဲ့လားကြည့်ရတာတမျိုး၊ ကိုးဗစ်လူနာတွေရှိနေတဲ့ဆေးရုံကမီးစက်ကိုသွားပြင်နေရတဲ့ အိမ်ကစံပြလုပ်သားကြီးကို စိတ်ပူရတာက တမျိုး၊ ချက်ရပြုတ်ရတာက တမျိုး၊ အိမ်အလုပ်ရယ် ကျောင်းအလုပ်ရယ်ရောပြီး ရှုပ်ရှက်ကိုခတ်နေရော။ 

အတင်းကျပ်ဆုံးသတိပေးချက်အဆင့်ကို တယောက်ထဲမှာပိုးတွေ့တာနဲ့ တင်လိုက်လို့ လူအတော်များများက အစိုးရကို အပြစ်တင်ကြတယ်။ ဒါပေမယ့် တစ်နေ့ ၁၀ ယောက်နှုန်းနဲ့တက်လာလိုက်တာ ဒီနေ့မနက်စာရင်းအရ ဒယ်လ်တာအကူးခံရတဲ့သူ ၃၀ ကျော်နေပြီ။ တကယ်လို့များ အဲဒီလူတွေ လျှောက်သွားနေရင် တပြည်လုံး ကူးမှာသေချာတယ်။ ဒီတခေါက် ဒူနီဒင်ဆိုတဲ့ တောင်ပိုင်းကမြို့လေးတမြို့မှာ ဆန္ဒပြတဲ့သူတွေ ရှိသတဲ့။ ရဲက ၃ ယောက်လောက် ဖမ်းလိုက်ရတယ်ပြောတယ်။ တစ်နာရီလောက် ကားမောင်းပြီး ရေလွှာလျှောစီးဖို့ လာတဲ့သူတစ်ယောက်ရယ်၊ စူပါမားကက်မှာ နှာခေါင်းစည်းမတပ်တဲ့သူ နှစ်ယောက်ကိုလဲ ဖမ်းရသတဲ့။ သူတို့အစိုးရက ကောင်းကောင်းမွန်မွန်လုပ်ပေးနေတော့ ကျေးဇူးတင်ရကောင်းမှန်းမသိတဲ့သူတွေပေါ့။

တိုးလာတဲ့ကိုးဗစ်လူနာတွေထဲမှာ ဝယ်လင်တန်ဆိုတဲ့ နယူးဇီလန်ရဲ့မြို့တော်က လူ ၃ ယောက်ပါနေတယ်။ အော်ကလန်ရော ဝယ်လင်တန်ရောက မြောက်ကျွန်းမှာ။ contact tracing ဒေတာအရ ကူးနိုင်ခြေရှိတဲ့လူတွေထဲမှာ တောင်ကျွန်းက လူတွေလဲပါနေတာတွေ့လာတော့ တနိုင်ငံလုံးကို ၇ ရက်ပြည့်အောင် ဟင်းစားနဲ့ဆေးဝယ်တာကလွဲလို့ ဘယ်ကိုမှမထွက်ပဲ အိမ်ထဲမှာ နေကြဖို့ အမိန့်ထုတ်လိုက်တယ်။ 

အင်္ဂါနေ့ကျရင် ၇ ရက်ပြည့်မယ်။ ကိုယ်ထင်တာတော့ အဆင့် ၄ မှာ ဆက်မထားတောင် အများဆုံးဆင်းရင် အဆင့် ၃ ပဲ၊ အဲဒီအခါကျရင် အွန်လိုင်းက စျေးဝယ်လို့ရပြီး ထိတွေ့မှုမရှိတဲ့ပို့ဆောင်မှုတွေ လုပ်လို့ရမယ်။ စီးပွားရေးလုပ်ငန်းတချို့ ပြန်လုပ်လို့ ရမယ်ပေါ့။ ကျောင်းတွေကတော့ အဆင့် ၂ အထိချမှ ပြန်ဖွင့်လို့ရမယ်ဆိုတော့ အနည်းဆုံ ၂ ပတ်လောက်တော့ ကိုယ်အိမ်ကနေ အလုပ်လုပ်ရမယ့်ကိန်းရှိတယ်။ အဲဒိထက် မပိုပါစေနဲ့လို့ပဲ ဆုတောင်းရတော့မှာပဲ။

ကျန်းမာရွှင်လန်းကြပါစေ။
ခင်လေး (Aotearoa)
 08:16 a.m. 21.08.2021 Saturday 
-

Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar