Breaking News

မိုးမခကဗျာ - ဉာဏ်ရှင်း (နိုင်ငံရေးအကျဉ်းသားဟောင်း) "ဘာသာဗေဒမရှိတဲ့ ပုစ္ဆာ"

မိုးမခကဗျာ
သြဂုတ် ၂၁၊ ၂၀၂၁

"ဘာသာဗေဒမရှိတဲ့ ပုစ္ဆာ"
ဉာဏ်ရှင်း 

သတိရစိတ်တွေထဲက ရုပ်ပုံလွှာတွေ
တခါတရံ အတိတ်သမိုင်းကိုပါ ပြန်ပြောနေသလို
အဲဒီ့အလွမ်းမှာ တချို့က နှုတ်ဆက်ထွက်ခွာလို့ ... ။
ချန်ရစ်ထားခံရသူတွေမှာ
သွေးကြွေးမဆပ်နိုင်သမျှတော့
လက်ပြနှုတ်ဆက်ဖို့ မဝံ့ရဲပါ ... ။
ရဲဘော်တို့ရေ .. 
တဒင်္ဂ စိတ်ထဲရောက်လာတဲ့ ရုပ်ပုံလွှာတွေ
ငါငေးကြည့်နေရတာ မောပန်းလွန်းလှပြီ
ရာဇဝင်ကြွေးအတွက် မင်းတို့နှုတ်ထွက်မသွားတာကိုက
ငါတို့တွေအကြွေးသစ်တင်ရတယ် ... ။
လွမ်းတယ် 
တယောက်စီတိုင်းကို သတိရစိတ်နဲ့လွမ်းတယ်
မင်းတို့ရဲ့ရုပ်ပုံလွှာတွေ မျက်စေ့တဖြတ်မှာအမြဲမြင်ချင်လှပါဘိ 
တည်ရှိခဲ့ကြတဲ့ စာမျက်နှာဟောင်းတွေအကြောင်း ပြုစုကြရဦးမယ် ... ။
သမိုင်းဟာ ရေချိုတခွက်ပါပဲ
ငါတို့အတူခပ်သောက်ခဲ့ကြတယ်
ဒီလိုပဲ မျိုးဆက်အလီလီ သောက်ယူရင်း
ငါတို့ရဲ့ပုစ္ဆာအဖြေမှန်ကိုရှာနေကြတုန်းပေါ့ ... ။

ဂျွန်ဂလင်း/ဉာဏ်ရှင်း (နိုင်ငံရေးအကျဉ်းသားဟောင်း)
ဩဂုတ်လ (၂၀)ရက်၊ ၂၀၂၁ ခုနှစ်
ညနေ (၅) နာရီ (၁၀)မိနစ်
-

t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar