မြန်မာပြည်မှာ စစ်တပ်အာဏာသိမ်းပြီး ၆လ ၁၉ ရက် မြောက်နေ့ မြင်ကွင်း
မြန်မာပြည်မှာ စစ်တပ်အာဏာသိမ်းပြီး ၆လ ၁၉ ရက် မြောက်နေ့ မြင်ကွင်း
(မိုးမခ) ဩဂုတ် ၁၉၊ ၂၀၂၁ဒီနေ့ သတင်းတွေထဲမှာတော့ ယောပီဒီအက်ဖ် YPDF က ကလေးနဲ့ ဂန့်ဂေါကားလမ်းမှာ စစ်ကောင်စီတပ်ကားတန်းကို မိုင်းခွဲတိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီဘက်က စစ်သား ၂၀ လောက်သေဆုံးတယ်လို့ YPDF ဘက်က ထုတ်ပြန်ထားတဲ့ သတင်း၊ ရန်ကုန်မြို့ စမ်းချောင်းမြို့နယ်မှာ အရပ်သား ၉ ဦးဖမ်းဆီးခံရတယ်ဆိုတဲ့ သတင်း၊ အလားတူပဲ မင်းတပ် ပီဒီအက်ဖ်က ပြီးခဲ့တဲ့ ၄ ရက်အတွင်း စစ်ကောင်စီနဲ့ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲမှာ စစ်ကောင်စီဘက်က ၂၀ ကျော် သေဆုံးခဲ့တယ်ဆိုတဲ့ သတင်းထုတ်ပြန်လိုက်တဲ့ အကြောင်း၊ အခြားသတင်းတွေကတော့ နေ့စဥ် သတင်းတွေထဲ ပါနေကျ သတင်းမျိုးတွေ ဖြစ်တဲ့ မြန်မာနိုင်ငံရဲ့ မြို့နယ်၊ ကျေးရွာ အချို့မှာ ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေ ပစ်သတ်ခံရတဲ့သတင်း၊ ကြံ့ခိုင်ရေးပါတီထောက်ခံသူ စစ်ကောင်စီကို သတင်းပေးသူလို့ သံသယဖြစ်ခံရသူတွေ ပစ်သတ်ခံရတဲ့ သတင်းတွေ ဖြစ်ပါတယ်။
ဒီသတင်းတွေအပြင် သရက်လက်နက်စက်ရုံက စစ်သားအချို့နဲ့ ထားဝယ်မြို့ခလရ ၂၅ က စစ်သားတွေ လက်နက်နဲ့ ထွက်ပြေးတယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်နေပြီး စစ်ကောင်စီဘက်ကတော့ မဟုတ်ကြောင်း ငြင်းဆိုတဲ့ သတင်းတွေ ဖြစ်ပါတယ်။
ဒါ့အပြင် ကိုဗစ်ကူးစက်မှု သတင်းတွေလည်း ဆက်လက် ပေါ်ထွက်နေဆဲဖြစ်ပြီး ရန်ကုန်မြို့လို ကူးစက်မှုအမြင့်ဆုံးဖြစ်ခဲ့တဲ့ မြို့တွေမှာ ကျဆင်းလာနေပြီး နယ်မြို့တွေမှာ ဖြစ်ပွားမှု မြင့်တက်လာနေတဲ့ သတင်းတွေ ဖြစ်ပါတယ်။
ကိုဗစ်ကူးစက်မှုအရှိန်ကျဆင်းသွားအောင်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ မန္တလေး၊ မော်လမြိုင်၊ မုံရွာအပါအဝင် နယ်မြို့အတော်များများမှာ နေ့လည်နေ့ခင်း အပြင်မထွက်ရဆိုတဲ့ အမိန့်တွေထုတ်ပြန်ခဲ့သလို နေအိမ်ကနေ အပြင်ထွက်မယ်ဆိုလည်း တအိမ်တယောက် သဘောမျိုး အရေအတွက် ကန့်သတ်ကာ ကတ်ပြားထုတ်ပေးပြီး ကတ်ပြားပါခြင်းရှိမရှိ စစ်ဆေးတာမျိုးတွေ လုပ်ဆောင်နေတာ သတင်းတွေမှာ တွေ့နေရတာပါ။
ရန်ကုန်မြို့လို လူဦးရေငါးသန်းကျော်ရှိတဲ့ မြို့မှာတော့ အထက်ကမြို့တွေလို အသွားအလာကန့်သတ်တာ တွေ ကိုဗစ်ကူးစက်မှု အရှိန်မြင့်တဲ့ ပြီးခဲ့တဲ့ ဇူလိုင်ကလည်း လုပ်ဆောင်တာမတွေ့သလို အခုအချိန်မှာလည်း လုပ်တာမတွေ့ရပါဘူး။
ရန်ကုန်မြို့မှာ တရက်ကို ကိုဗစ်ကူးစက်မှုနဲ့ လူတထောင်ကျော်သေဆုံးခဲ့ရတဲ့ ဇူလိုင်လတုန်းကတောင် ကိုဗစ်နဲ့ပတ်သက်တဲ့ ပညာပေးတာ၊ စောင့်ကြည့်ကြပ်မတ်တာတွေ ရန်ကုန်မှာ လုပ်ဆောင်ခြင်း မရှိခဲ့ပါဘူး။
အုပ်ချုပ်ရေးအာဏာကို ရယူထားတဲ့ စစ်ကောင်စီဟာ ရန်ကုန်မြို့ကို ကူးစက်ပြန့်ပွားချင်သလောက် ပြန့်ပွားဆိုတဲ့ သဘောနဲ့ လွှတ်ပေးထားတဲ့ သဘောလား သိ့မဟုတ် ရန်ကုန်မှာ ကန့်သတ်ချက် ကို လိုက်နာအောင် ကြပ်မတ်မယ့် အထွေထွေအုပ်ချုပ်ရေး ဝန်ထမ်း၊ ရဲဝန်ထမ်း မရှိတဲ့သဘောကြောင့် မလုပ်တာလားဆိုတာတော့ မသဲကွဲပါဘူး။
ရန်ကုန်မြို့ဟာ ကိုဗစ်အရှိန်စတင်ခဲ့တဲ့ ဇွန်လက နေ အရှိန်အမြင့်ဆုံး ဇူလိုင်လအထိ ကိုဗစ်ရောဂါနဲ့ လူသောင်းနဲ့ သေဆုံးခဲ့ပြီး ဖြစ်ပါတယ်။ အသက်အရွယ်ကြီးရင့်သူတွေ အများဆုံးသေဆုံးကြရပြီး အချို့သော လူလတ်ပိုင်းအရွယ်တွေလည်း သေဆုံးကြတဲ့ အထဲအချိုးအစားတခုတော့ပါဝင်နေတာပါ။
နယ်မြို့တွေဖြစ်တဲ့ ရှမ်းပြည်နယ် တောင်ကြီး၊ မန္တလေး၊ မုံရွာ စတဲ့မြို့တွေမှာ ကူးစက်မှုက အရှိန်မြင့်နေဆဲ ၊ သေဆုံးမှုတွေလည်း မြင့်နေဆဲ ဖြစ်ပါတယ်။ မြို့ပေါ်တွေတင်မကပဲ ကျေးရွာတွေအထိ ကူးစက်မှုက ရောက်ရှိနေပြီး မှန်ကန်တဲ့ ဆေးဝါးကုသမှုမရှိတာကြောင့် သေဆုံးမှုတွေလည်း တခြားသောနိုင်ငံတွေနဲ့စာရင် အဆများစွာ မြင့်တက်နေတာလည်း ဖြစ်ပါတယ်။ ဒါကတော့ ကိုဗစ်နဲ့ပတ်သက်တဲ့ လက်ရှိ အခြေအနေဖြစ်ပါတယ်။
အထက်မှာ ဖေါ်ပြခဲ့သလိုပဲ ယော၊ ဂန့်ဂေါနဲ့ မင်းတပ်နယ်တွေဘက်မှာတော့ နယ်မြေအလိုက် ဖွဲ့စည်းထားကြတဲ့ ပီဒီအက်ဖ်တွေက စစ်ကောင်စီကားတန်းတွေနဲ့ စခန်းတွေကို အလစ်အငိုက် မိုင်းခွဲတာ တိုက်ခိုက်တာတွေ က ခုရက်ပိုင်း ဆက်တိုက်ဆိုသလို ဖြစ်ပွားနေတာ ကြားသိနေရပါတယ်။
ယောပီဒီအက်ဖ်နဲ့ မင်းတပ်ပီဒီအက်ဖ်တို့က စစ်ကောင်စီရဲ့ လက်နက်ကိုင် အယောက် ၂၀ လောက်စီကို သေဆုံးအောင် တိုက်ခိုက်နိုင်ခဲ့တယ်လို့ အသီးသီး ထုတ်ပြန်ထားကြပါတယ်။ စစ်ကောင်စီဘက်က အခုလို အကျအဆုံးတွေရှိနေတာကို အင်အားနဲ့ ဖိဖို့၊ သို့မဟုတ် ရွာတွေကို ဝင်ပြီး မြေလှန်ဖို့၊ အဲဒီဒေသရဲ့ မြို့တွေရွာတွေကို သယ်ယူရောင်းချတဲ့ ရိက္ခာတွေကို ကန့်သတ်ပြီး ဖြတ် ၄ ဖြတ်လို့ခေါ်တဲ့ နည်းလမ်းဟောင်းထဲက ရိက္ခာဖြတ်တဲ့နည်းလမ်း လုပ်ဖို့ လုပ်ဆောင်နေတာတွေ ရှိသလို မင်းတပ်မြို့ဆိုရင် အဲဒီနည်းလမ်းကို သုံးနှင့်နေပြီးဖြစ်ပါတယ်။
နောက်သတင်းတပုဒ်က တော့နေ့စဥ် သတင်းတွေထဲပါနေကျ ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေ၊ သတင်းပေး ဒလန်လို့ ယူဆရသူတွေ လုပ်ကြံ သတ်ဖြတ်ခံရတဲ့ သတင်းတွေဖြစ်ပါတယ်။ ဒီနေ့ သတင်းတွေမှာတော့ အင်းစိန်မြို့နယ်က ထွေ/အုပ် စာရေး သေနတ်ပစ်ခံရပြီး သေဆုံးတဲ့သတင်း၊ ဆောမြို့နယ်က ကျေးရွာတရွာမှာ ပြည်ခိုင်ဖြိုးပါတီ အလုပ်အမှုဆောင်တာဝန်ယူထားသူ အမျိုးသမီးနဲ့ အခြား ၂ ယောက် ညဘက်မှာ လက်နက်ကိုင်ထားသူတွေက ရွာကနေလာခေါ်ထုတ်သွားပြီး သတ်လိုက်တဲ့ သတင်း၊ ဖျာပုံမြို့နယ်မှာ သတင်းပေးလို့ အများက သံသယရှိသူ တဦး သေနတ်နဲ့ ပစ်ခံရပြီး သေဆုံးတဲ့ သတင်း၊ တန့်ဆည်မှာ ပျူစောထီးလို့ နာမည်ကြီးသူ ၂ ဦး အသတ်ခံရတဲ့ သတင်း ၊ ကသာမြို့နယ်က ရွာတရွာမှာ သတင်းပေးလို့ နာမည်ကြီးသူတဦး အသတ်ခံရတယ်ဆိုတဲ့ သတင်းတွေက သြဂုတ်လ ၁၉ ရက်တနေ့ထဲမှာ ဖေါ်ပြတဲ့ သတင်းတွေဖြစ်ပါတယ်။
တချိန်ထည်းမှာပဲ စစ်ကောင်စီတပ်တွေက ဖမ်းဆီးမှုတွေလည်း ဆက်ရှိနေဆဲ ဖြစ်ပြီး ရန်ကုန်မြို့ ကမာရွတ်မြို့နယ်မှာလည်း ဖမ်းဆီးမှုတွေ ရှိနေဆဲဖြစ်တာ သတင်းတွေမှာ ဖေါ်ပြထားတာတွေ့ရပါတယ်။
အခြားသတင်းတပုဒ်ကတော့ စစ်ကောင်စီအရာရှိနဲ့ တပ်သားတွေ လက်နက်နဲ့ တပ်ကနေ ထွက်ပြေးကြတယ်ဆိုတဲ့ သတင်းတွေ ဖြစ်ပါတယ်။ သရက်မြို့နယ်မှာရှိတဲ့ စစ်လက်နက် ပစ္စည်းစက်ရုံက စစ်ကောင်စီ တပ်သားတွေနဲ့ ထားဝယ်က ခြေလျင်တပ်ရင်း တခုက အရာရှိနဲ့ တပ်သား ၂၅ ဦးထွက်ပြေးကြတယ်ဆိုတဲ့ သတင်းတွေဖြစ်ပါတယ်။
စစ်ကောင်စီဘက်က အရာရှိနဲ့ တပ်သားတွေထဲက အခုလို စစ်အာဏာသိမ်းမှု ၊ လူထုကို သတ်ဖြတ်နေမှုတွေကို သဘောမတူကြလို့လား သို့မဟုတ် လက်နက်ကိုင် ပြီး တန်ပြန်တိုက်ခိုက်နေကြတာ၊ အလစ်အငိုက် လုပ်ကြံတိုက်ခိုက်ကြတာတွေကြောင့်လား တော့ မသိနိုင်ပါဘူး။
နောက်ဆုံးသတင်းကတော့ NUG အစိုးရက ၎င်းတို့၏ သတင်းထုတ်ပြန် အသိပေးစည်းရုံးနိုင်ရေး လက်တံအဖြစ် လှိုင်းတိုလေလှိုင်း ရေဒီယိုထုတ်လွှင့်မှုတွေကိုပါ ခြေလှမ်းလှမ်းလိုက်တာ ဖြစ်ပါတယ်။ မနေ့က NUG အစိုးရက Radio NUG စမ်းသပ်ထုတ်လွှင့်မယ်လို့ ထုတ်ပြန်ပြီးနောက် လူထုက ရေဒီယိုတွေ လိုက်လံ ဝယ်ယူကြ၊ ပြင်ဆင်ကြတယ်လို့ ဆိုပါတယ်။ စစ်ကောင်စီ ဆက်သွယ်ရေးနဲ့ ပြန်ကြားရေးဌာနတွေက လူတွေကလည်း လူထုနဲ့အတူ NUG ထုတ်လွှင့်မှုတွေ နားထောင်ဖမ်းယူဖို့ လုပ်နေကြပါတယ်။ CRPH နဲ့ NUG မှာ ပြန်ကြားရေးလုပ်ငန်းအဖြစ် PV TV ဆိုတဲ့ YouTube နဲ့ ရုပ်သံထုတ်လွှင့်မှု အစီအစဉ်လည်း ရှိနှင့်ထားပြီးသား ဖြစ်ပါတယ်။
Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar