Breaking News

မြန်မာပြည်မှာ စစ်တပ်အာဏာသိမ်းပြီး ၆လ ၁၂ ရက် မြောက်နေ့ မြင်ကွင်း



မြန်မာပြည်မှာ စစ်တပ်အာဏာသိမ်းပြီး ၆လ ၁၂ ရက် မြောက်နေ့ မြင်ကွင်း

(မိုးမခ) ဩဂုတ် ၁၂၊ ၂၀၂၁

ပြည်ပက မြန်မာတွေအတွက် စိတ်လှုပ်ရှားစရာနေ့တခု ဖြစ်ပါတယ်။ "ယုံကြည်ရာ ခြေတစ်လှမ်း၊ တော်လှန်ရေးအတွက် ငါးသန်း" အမည်ဖြင့် - NUG ကာကွယ်ရေးဝန်ကြီးဌာနကို ထောက်ခံအင်အားပြဖို့ ကံစမ်းမဲ ဒေါ်လာ ၅ သန်းဖိုး ပြည်ပက မြန်မာတွေ သက်ဆိုင်ရာနိုင်ငံတကာမြို့ရွာတွေက CRPH ၏ Offical Fund Rasier (OFP) အလှူခံအဖွဲ့တွေကနေ တိုက်ရိုက်ဝယ်ယူနိုင်ပြီလို့ စတင်ကြေညာလိုက်ပါတယ်။ လက်မှတ်တစောင် အမေရိကန်ဒေါ်လာ ၁၀ နှုန်းနဲ့ မိမိအီးမေး၊ ဖုန်းနံပါတ်၊ နေထိုင်ရာ မြို့ကို ထည့်သွင်း မှာယူရပါမယ်။ အမေရိကန်မှာတော့ OFP အလှူခံတွေ၏ အီးမေး၊ ဖုန်းနံပါတ်၊ Zelle, Paypal အကောင့်တွေကတဆင့် ဝယ်ယူနိုင်ပါတယ်။

နွေဦးတော်လှန်ရေးအစောပိုင်းကာလ GoFundMe အလှူခံလှုပ်ရှားမှု အခက်အခဲများနဲ့ ရင်ဆိုင်ရပြီးနောက် သီးခြား နိုင်ငံအလိုက် အဖွဲ့အလိုက် ဒေသအလိုက် တရားဝင်အလှူခံခွင့်ရသူ အဖွဲ့တွေ အုပ်စုတွေက CRPH OFP ရန်ပုံငွေ လှုပ်ရှားမှုနဲ့ အလှူကောက်ကြပါတယ်။ ရရှိတဲ့အလှူငွေတွေကို CRPH NUG ခွင့်ပြုချက်တွေနဲ့ ဆိုင်ရာတွေဆီ ပေးပို့ကြ လုပ်ခဲ့ကြတာပါတယ်။ အခု ကံစမ်းမဲလက်မှတ်ကတော့ နောက်ခြေတလှမ်းလို့ ဆိုနိုင်ပါတယ်။ GoFundMe ကနေ CRPH NUG အတွက် ပြည်သူ့အလှူငွေ အမေရိကန်ဒေါ်လာ ၉ သန်း ကောက်ခံရရှိခဲ့ပါတယ်။ မတ်-ဧပြီ လ အတွင်း ရရှိခဲ့ပြီး ရပ်နားခဲ့တာ ဖြစ်ပါတယ်။ ဧပြီလကစပြီး (ခန့်မှန်းရေးသားချက်) CRPH OFP ရန်ပုံငွေလှုပ်ရှားမှု စတင်ခဲ့ရာမှာ အခု ၄ လတာ ကာလအတွင်း ရန်ပုံငွေ အလှူစုစုပေါင်း အမေရိကန် ဒေါ်လာ ၃သန်း ကနေ ၄ သန်း ပြည်သူတွေက လှူဒါန်းခဲ့ကြတယ် လို့ အတည်မပြုရတဲ့သတင်းတွေက ဆိုပါတယ်။ OFP အလှူခံသူအဖွဲ့ပေါင်း ၁၀၀ ကျော်ကနေ ၂၀၀ နီးပါး ရှိတယ်လို့ တချို့က ခန့်မှန်းကြပါတယ်။

ဒီအလှူခံလှုပ်ရှားမှုတွေက မြန်မာပြည်ပက ရန်ပုံငွေလှူဒါန်းမှုတွေချည်း သက်သက်ကို အဓိက စုံစမ်းရေးသားတာ ဖြစ်ပါတယ်။

မြန်မာပြည်တွင်းက ပြည်သူတွေက CRPH NUG ကို သီးခြားအားပေးဖို့အတွက်ကတော့ “အောင်လံလွှင့်ချီ နွေဦးထီ” လှုပ်ရှားမှုဖြစ်ပါတယ်။ သူကတော့ ပြည်တွင်း ဆက်သွယ်ရေးနည်းပညာတွေ သုံးပြီး ထီလက်မှတ်ဝယ်ယူခြင်း၊ အကြောင်းကြားခြင်းတို့ လုပ်ပါမယ်။ ဒါကို NUG စီမံကိန်းနဲ့ ဘဏ္ဍာရေးဝန်ကြီးဌာန အမိန့်စာထုတ်ပြန်ချက်နဲ့ ဆောင်ရွက်တာ ဖြစ်ပါတယ်။ အဲသလို ထုတ်ပြန်လို့ စစ်ကောင်စီ၏ အိမ်စောင့်အစိုးရက နွေဦးထီကို တန်ပြန်နှိမ်နင်း အရေးယူမယ်လို့ စာထုတ်ပြန်ထားတယ် ဆိုပါတယ်။

ထီလက်မှတ်စနစ်မသုံးဘဲ လူထုဆီက အလှူငွေတွေ အခွန်ကောက်ခံငွေတွေနဲ့ စတင်ထူထောင် ရပ်တည်လည်ပတ်နေတဲ့ ၁၀နှစ်တာ သက်တမ်းကျော်လာတဲ့ တိုင်းရင်းသားလက်နက်ကိုင် နိုင်ငံရေးအဖွဲ့ကတော့ AA တပ်တော် ဖြစ်ပါတယ်။ ရခိုင်အမျိုးသားရေးစိတ်ဓာတ်ကို မြှင့်တင်ပြီး ရခိုင်တိုင်းရင်းသားတွေ ထည့်ဝင်လှူဒါန်းမှုတွေ ကူညီထောက်ပံ့အားပေးမှုတွေ ပါဝင်ပြီး မဟာမိတ်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေဖြစ်တဲ့ ကချင် KIA နဲ့ မြောက်ပိုင်းမဟာမိတ်များဆီမှာ စစ်ရေးလေ့ကျင် ပညာသင်ပြီး တိုက်ပွဲအတွေ့အကြုံယူခဲ့တဲ့ အေအေတပ်တော်နဲ့ နိုင်ငံရေးပါတီတို့ဟာ နွေဦးတော်လှန်ရေးကာလအတွင်း ပြည်မမှာ မြန်မာစစ်ကောင်စီ အကြပ်အတည်းဖြစ်နေချီိန် ၎င်း၏ အာဏာစက်တွေကို ချဲ့ထွင်လျက်ရှိတာကို အသိအမှတ်ပြုရပါမယ်။

ကိုဗစ်ကာလ ကျန်းမာရေးစည်းကမ်းချက်များ တင်းကြပ်ခြင်း၊ တရားစီရင်ရေးကို ချဲ့ထွင်ခြင်း၊ ဒေသတွင်း ရခိုင်နဲ့ မူဆလင်မိသားစုများကြား အငြင်းပွားမှုများကို ထိန်းသိမ်းထားနိုင်ခြင်း၊ မူဆလင်ရွာများကလည်း လုံခြုံရေးဆိုင်ရာအကူအညီများကို အေအေထံက တောင်းခံခြင်းတို့ကို တွေ့မြင်နေရပါတယ်။ မြန်မာစစ်ကောင်စီ စစ်တပ်များက ထိုကဲ့သို့ AA ဩဇာကြီးမားလာတာကို တွန်းလှန်ကန့်သန့်ဖို့ စစ်ရေး တိုးမြှင့် အင်အားပြတာတွေ လုပ်ဆောင်ပေမယ့် ထိရောက်ပုံမရဘူးလို့ အကဲခတ်တွေက ဆိုကြပါတယ်။

CRPH NUG လွှတ်တော်-အစိုးရ က ဖယ်ဒရယ်ပြည်ထောင်စု အစစ်အမှန်ထူထောင်နိုင်ရေး ကြိုးပမ်းနေချိန်မှာ ရခိုင်နဲ့ ၀ တို့ကတော့ သီးခြားလွတ်မြောက်သောနယ်မြေအဖြစ် ဆက်လက်ရပ်တည်နိုင်အောင် ခိုင်မြဲအောင် ကိုယ့်အစီအစဉ်နဲ့ကိုယ် ခြေလှမ်းတွေ လှမ်းနေကြမြဲ ဖြစ်ပါတယ်။ အဲသည်လို စစ်ရေး နိုင်ငံရေး အချက်အခြာကျတဲ့ နေရာမှာ ရပ်တည်နေတဲ့ ကချင်တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့နဲ့ ပါတီ (KIA / KIO) တို့ကလည်း ပြည်ထောင်စုနဲ့အတူ ရပ်တည်နေသည့်လမ်းစဉ်ရှိသော်လည်း သူတို့၏ အမှီအခိုမဲ့ လွတ်လွတ်လပ်လပ် လှုပ်ရှားနေမှုတွေရှိတာကို တွေ့ရပါတယ်။ ဩဂုတ်လ ၁၀ ရက်နေ့က ကချင်အာဇာနည်နေ့အထိမ်းအမှတ်ပွဲ အခမ်းအနားမှာ ကချင်ခေါင်းဆောင်တွေက စစ်အာဏာရှင်ကို အမြစ်ပြတ်ချေမှုန်းသွားမယ်လို့ ထပ်လောင်းပြောလိုက်ပါတယ်။

ကိုဗစ်ကပ်ဆိုးကျော်လွှားနိုင်ဖို့အတွက် ကိုဗစ်ကာကွယ်ဆေးထိုးနိုင်တဲ့အခြေအနေကို ရောက်ရှိအောင် မြန်မာနိုင်ငံရေးအင်အားစုများက ဘက်စုံထောင့်စုံက ကြိုးပမ်းနေကြပါတယ်။ လွန်ခဲ့တဲ့တပတ်ကစပြီး တရုတ်ပြည်က ပေးပို့ထားတဲ့ ကိုဗစ်ဆေးထိုးပေးနေပြီလို့ စစ်ကောင်စီက ထပ်လောင်းပြောကြားပါတယ်။ ယခင်က တရုတ်ဆေး ၄ သန်း၊ ယခုလအတွင်း နောက် ၂ သန်း ရမယ်လို့ ဆိုပါတယ်။ ရပ်ကွက်အတွင်းမှာ အသက် ၆၀ ကျော်တွေကို ထိုးပေးနေပြီး အချို့ ၆၀ အောက်တွေကလည်း ကိုယ့်နည်းကိုယ့်လမ်းတွေနဲ့ (အဆက်အသွယ်တွေ လမ်းကြောင်းတွေပေါ့) ကိုဗစ်ဆေးထိုးနေကြတယ်လို့ ဆိုပါတယ်။ အပြင်စျေးကွက်မှာ တရုတ်ဆေးတလုံးကို အနည်းဆုံး ၈သောင်းကနေ တသိန်းအထက်ပေးရတယ်လို့ ကြားသိရပါတယ်။ တရုတ်ဆေးမထိုးချင်သူတွေက အမေရိကန်ဆေးကို မှာယူပြီး ထိုးကြတယ်လို့ ပြောပေမယ့် ဖိုင်ဇာ၊ မော်ဒါနာဆေးတွေက ထိန်းသိမ်းစောင့်ရှောက်နည်းအဆင့်မြင့်တာမို့ ဘယ်လောက်စစ်မှန် စိတ်ချရတယ်ဆိုတာ ဘယ်သူမှ အာမ မခံပါဘူး။ အမေရိကန်က မြန်မာပြည်ကျန်းမာရေး အငတ်ဘေး စစ်ဘေးရှောင် နယ်စပ် တိုင်ရင်းသား စတဲ့ခေါင်းစဉ်တွေနဲ့ အကူငွေ ဒေါ်လာ သန်း ၅၀ ပေးမယ်လို့ ကြေညာထားပါတယ်။ အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတွေ အကူအညီအဖွဲ့တွေကတဆင့် အားလုံး စောင့်ရှောက်ကူညီမှု ပေးနိုင်အောင် လုပ်သွားမယ် ဆိုပါတယ်။ ဒေါက်တာစင်သီယာမောင်နဲ့ အမေရိကန်တို့ ဆွေးနွေးကြသလို၊ NUG အဖွဲ့တွေ EAO တွေနဲ့အပြင် စစ်ကောင်စီနဲ့ ပါ အမေရိကန်ဘက်က ဆွေးနွးကြပြီး ကိုဗစ်ကာကွယ်ရေး ကုသရေးတွေ လုံခြုံစိတ်ချမှု အာမခံမှု ရှိရေး ဆွေးနွေးတာ၊ တွေ့ဆုံဆွေးနွေးမှုတွေ လုပ်ဆောင်နိုင်ဖို့ ဆွေးနွေးတယ်လို့ ဆိုပါတယ်။

Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar