မြန်မာပြည်မှာ စစ်တပ်အာဏာသိမ်းပြီး ၆လ ၁၁ ရက် မြောက်နေ့ မြင်ကွင်း
မြန်မာပြည်မှာ စစ်တပ်အာဏာသိမ်းပြီး ၆လ ၁၁ ရက် မြောက်နေ့ မြင်ကွင်း
(မိုးမခ) ဩဂုတ် ၁၁၊ ၂၀၂၁မြေအောက်လှုပ်ရှားမှုနဲ့ ပေးဆပ်ရတဲ့ အသက်တွေ
သြဂုတ်လ ၁၀ ရက်နေ့က ဗိုလ်တထောင် ၄၄ လမ်းအောက်ဘလောက်က တိုက်ခန်းတခန်းမှာ စစ်ကောင်စီတပ်တွေ ဝိုင်းဖမ်းဆီးလို့ ခေါင်မိုးပေါ်က ခုန်ချအဆုံးစီရင်သွားတဲ့ အဖြစ်အပျက်မှာ ခုန်ချခြင်း မပြုပဲ ကျန်ရစ်လို့ ဖမ်းဆီးခံရသူတွေ အနက်က ၂ ဦးရဲ့ ထွက်ဆိုချက်တွေကို စစ်ကောင်စီရုပ်သံက ယနေ့ညမှာ ပြသွားပါတယ်။
စစ်ကောင်စီဘက်က အခုလောက် မြန်ဆန်စွာ စစ်ဆေးပြီး ဖမ်းဆီးခံရသူရဲ့ ထွက်ဆိုချက်အချို့ကို ၄င်းတို့ထိန်းချုပ်ထားတဲ့ မီဒီယာ တီဗွီကနေ ပြသနိုင်တယ်ဆိုတာ အတော်လေး မြန်ဆန်လို့ အံ့သြစရာကောင်းပါတယ်။
ဝါဒဖြန့်မီဒီယာကနေ ဖမ်းဆီးမိပြီးနောက်တရက်အတွင်း ထုတ်လွှင့်တာ အဖြစ်အပျက်ကို စစ်ကောင်စီဘက်က ပြောစေချင်တဲ့အတိုင်း ပြောခိုင်းနိုင်အောင် လုပ်နိုင်တာကို အံ့အားသင့်မိတာ ဖြစ်ပါတယ်။ စစ်ကောင်စီဘက်က စစ်ကြောရေး ထောက်လှမ်းရေးတွေ ဒိလောက် မြန်မြန်ဆန်ဆန် စစ်ဆေးထုတ်ပြန်နိုင်တာ ဘာကြောင့်လဲလို့ အတွေးပေါ်မိပါတယ်။
ကျနော်တို့ အရေးတော်ပုံဘက်သားတွေက စည်းရုံးထားတဲ့သူတွေ၊ ပါဝင်လှုပ်ရှားသူတွေက ကြံ့ကြံ့မခံနိုင်ကြလို့လား ၊ အချက်အလက်တွေ ၊ လက်စလက်နတွေ၊ ခြေရာလက်ရာတွေ မဖျောက်နိုင်ကြလို့လား ဆိုတဲ့ အတွေးလည်း ပေါ်မိပါတယ်။
အခုဖမ်းဆီးခံရသူတွေ တိုက်ပေါ်က ခုန်ချသေဆုံးသွားရသူတွေကို ဖောက်ခွဲရေးသမားတွေအဖြစ် စစ်ကောင်စီက ပုံဖော်ထားပြီး ၊ မကြာခင် ရက်ပိုင်း၊ သီတင်းပတ်တွေက ရန်ကုန်မြို့ထဲ လမ်းအချို့မှာ ပေါက်ကွဲမှုတွေဟာ သူတို့အဖွဲ့က လုပ်တာလို့ ထွက်ဆိုထားတာတွေ့ရပြီး အမှန်တကယ် ဆက်စပ်တယ် မဆက်စပ်ဘူးဆိုတာတော့ ပြောဖို့စောပြီး အခြားသော အတည်ပြု ပြောဆိုချက်တွေ သက်သေအထောက်အထားတွေ မတွေ့ရသေးပါဘူး။
သည်အမှုကို ဖော်ထုတ်သတင်းစာရှင်းလင်းပွဲလုပ်တဲ့ပုံက လွန်ခဲ့တဲ့ ဇွန်လတုန်းက ထိုင်းမြန်မာနယ်စပ်က တော်လှန်ရေးအဖွဲ့တဖွဲ့ကို ဦးဆောင်လှုပ်ရှားခဲ့တဲ့ ဗိုလ်ခင်ကျော်တို့အဖွဲ့နဲ့ မန္တလေးက ပြောက်ကြားအဖွဲ့တို့ကို ဆက်စပ်ပြီး တသီတတန်းကြီး ဖမ်းဆီးမိပုံတွေ၊ အမှုတွေ ဖော်ထုတ်တဲ့ သတင်းစာရှင်းလင်းပွဲလုပ်ပုံတွေ၊ ဖမ်းဆီးခံရသူတွေကိုယ်တိုင် ကင်မရာကြည့်ပြီး ဝန်ခံကြပုံတွေနဲ့ ဆင်တူလှတာကို တွေ့နိုင်ပါတယ်။
စစ်အာဏာရှင်ကို တော်လှန်ဖို့ လျှို့ဝှက်လုပ်ကြတဲ့ လူငယ်တွေအနေနဲ့ ပိုင်းဖြတ်မှု ၊ ပေးဆပ် စွန့်လွှတ်မှုက အမှန်တကယ်လေးစားဖွယ်ကောင်းပါတယ်။ လုံခြုံရေး ရှုထောင့်ကကြည့်မယ်ဆိုရင်တော့ အခုထက်ပိုပြီး လုံခြုံရေးကို သတိထား လုပ်ဆောင်ဖို့လိုတယ်လို့ မြင်မိပါတယ်။ လူအများစုနေတာ၊ တနေရာထဲမှာ ၆ ယောက် ၇ ယောက်လောက် စုနေတာက အာရုံစိုက်ခံရနိုင်ပြီး လုံခြုံရေးစည်း ကျိုးပေါက်ခဲ့ရင် ဆုံးရှုံးခံရမယ့် အရေအတွက်က များလှပါတယ်။
အကယ်၍ ထွက်ဆိုချက်ထဲကလို စစ်အာဏာရှင် ဆန့်ကျင်တဲ့ လူငယ်တွေအနေနဲ့ ဗုံးဖေါက်ခွဲမှုတွေ လုပ်ဆောင်တယ်ဆိုခဲ့ရင် အခုလူငယ်တွေအနေနဲ့ မြို့ပြပျောက်ကြား နဲ့ပတ်သက်တဲ့ ဗျူဟာတွေ နည်းပရိယာယ်တွေ၊ လုပ်နည်းလုပ်ဟန်တွေ အခုထက်ပိုပြီး တင်းကြပ်စွာစီမံပြီး လုံခြုံအောင် လုပ်သင့်တယ်လို့ ထင်ပါတယ်။
အခုလို ဆန္ဒပြရာမှာ ပါဝင်ခဲ့သူ ထိတွေ့ဆက်စပ်သူအချင်းချင်း ကာလတိုအတွင်း ချိတ်ဆက်မိကြပြီး စုစည်းကာ လုပ်ဆောင်ကြတယ်ဆိုရင် တယောက်ရဲ့ အားသာချက် အားနည်းချက်တွေကို တယောက် သေသေချာချာ မသိနိုင်သေးခင်မှာ အခုလို အန္တရာယ်ရှိတဲ့ လျှို့ဝှက်ဖို့ အလွန်အရေးတကြီးလိုအပ်တဲ့ အလုပ်ကို တွဲလုပ်ကြရာမှာ အားနည်းချက်တွေ အများကြီးရှိနိုင်ပါတယ်။ ယိုပေါက်ဟာပေါက်တပေါက်က တဖွဲ့လုံးရဲ့ အသက်နဲ့ ရင်းရတဲ့ အရင်းအနှီးဖြစ်သွားနိုင်တာမျိုးကို ကောင်းကောင်းသင်ခန်းစာ ယူသင့်တယ်လို့ထင်ပါတယ်။
အခုလို အဖွဲ့တွေ မြို့ပြမှာ လှုပ်ရှားနေတာတွေနဲ့ပတ်သက်လို့လည်း တော်လှန်သောအစိုးရ - NUG အနေနဲ့ သဘောထား မှတ်ချက်တွေ ပေးပြီး လမ်းညွှန်တာ ၊ အကြံဥာဏ်ပေးတာ လမ်းစဥ်ချင်းတူညီတဲ့အနေအထားမှာ အကူအညီပေးတာတွေ ရှိသင့်တယ်လို့ထင်ပါတယ်။ NUG ကာကွယ်ရေးဝန်ကြီးဌာနက အခါအားလျော်စွာ လူထုပရိသတ်တွေ သတင်းစာအင်တာဗျုးတွေမျာ ရှင်းလင်းလေ့ ရှိတာက သူတို့မှာ PDF, ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)၊ SDF စတဲ့အဖွဲ့အမျိူးအစားတွေ ခွဲထားကြောင်း၊ သဘာ၀ချင်း မတူကြောင်း၊ NUG နဲ့ ဆက်စပ်ခြင်းမရှိတဲ့ တသီးပုဂ္ဂလ PDFတွေ ရှိကြောင်း ဒါတွေ ထပ်ခါတလဲလဲ ပြောပြ ရှင်းပြလေ့ရှိပါတယ်။ တသီးတခြားရပ်တည်နေသည့်အဖွဲ့များကိုလည်း ဆက်သွယ်ချိတ်ဆက်ဖို့ ကြိုးစားနေကြောင်း၊ အချို့ကလည်း လက်မခံကြောင်း စသည်ဖြင့် ပြောလေ့ရှိပါတယ်။ ပြည်သူလူထုကလည်း NUG ကာကွယ်ရေးကနေ တဆင့် တိုက်ရိုက်ကူညီကြသလို မိမိတို့အစီအစဉ်နဲ့ အဖွဲ့တခုချင်းဆီကို သီးသန့်ထောက်ပံ့နေကြတာတွေ ရှိကြောင်း ဒါတွေကိုပဲ ပြောလေ့ရှိပါတယ်။ သည်တေ့ာ အခုလိုဖြစ်ရပ်ဟာ ဝမ်းနည်းကြေကွဲရတဲ့ လူအဖိုးတန်အသက်များဆုံးရှုံးရမှုအဖြစ်တခုအပြင် တော်လှန်ရေးဦးဆောင်သူတို့ဘက်က သင်ခန်းစာတရပ်အဖြစ် မည်သို့ထုတ်ပြန်ကြမလဲဆိုတာကို စိတ်ဝင်စားမိတာ ဖြစ်ပါတယ်။
အခု အရေးတော်ပုံမှာ နိုင်ငံရေးအရ ဦးဆောင်မှုက နံပတ် ၁ အရေးကြီးဆုံးလို့ထင်ပါတယ်။ ဦးဆောင်နေတဲ့ အဖွဲ့ အစည်းအနေနဲ့ နိုင်ငံရေးဦးဆောင်မှုကို ပေးနိုင်တဲ့ အဖွဲ့အစည်းဖြစ်ဖို့ လိုအပ်သလို ဦးဆောင်တဲ့ အဖွဲ့အစည်းက လှုပ်ရှားမှုကြီးတခုလုံးရဲ့ သေနင်္ဂဗျူဟာလိုမျိုးလည်း ချမှတ်နိုင်ဖို့လိုအပ်ပါတယ်။
အဲဒီသေနင်္ဂဗျူဟာ နဲ့ လိုက်ဖက် ကိုက်ညီတဲ့ လမ်းစဥ်၊ နည်းလမ်းတွေကို မိမိလက်အောက်က အဖွဲ့ အစည်းအသီးသီးနဲ့ တွဲလုပ်တဲ့အဖွဲ့တွေ များအကြား ချမှတ်ပေးပြီး ကောင်းကောင်း ကြေလည်အောင် ညွှန်ကြားထားဖို့ လိုအပ်ပါတယ်။
အဲလိုမဟုတ်ခဲ့ရင် နိုင်ငံရေးဖြစ်စဥ်တွေက စစ်တပ်ရဲ့ ဖိနှိပ်မှုကို တုံ့ပြန်မှုအရ ၊ မခံမရပ်နိုင်တဲ့ လူထုရဲ့ စိတ်ခံစားမှု ၊ ဆန္ဒအရ ဖြစ်ပျက်နေမှာ ဖြစ်ပါတယ်။ စစ်တပ်၏ လက်နက်အားကိုးအနိုင်ကျင့်မှု ကျူးကျော်စော်ကားဖိနှိပ်မှုများကနေ ပြည်သူတို့၏ စိတ်ခံစားချက်အရ တုန့်ပြန်မှု ဖြစ်စဉ်တွေ။ အဲသည်နောက်ကမှ နိုင်ငံရေးဦးဆောင်သူတွေက တရွတ်တိုက်လိုက်နေရတာမျိုးဆိုရင် - အဲဒီလိုဖြစ်စဥ်တွေကို နိုင်ငံရေး မဟာဗျူဟာနဲ့ အညီဖြစ်လာတာလို့ ပြောလို့မရပါဘူး။
ဖိနှိပ်မှုကို တုံ့ပြန်မှုအရ ဖြစ်လာတဲ့သဘောလို့ ကောက်ချက်ချရမှာ ဖြစ်ပါတယ်။ မဟာဗျူဟာ အရ ဖြစ်ပျက်လာတာတွေမှာ စည်းရုံးခြင်း၊ အပြန်အလှန်ဆွေးနွေးခြင်း၊ စစ်အာဏာရှင်စနစ်ကို ဖြုတ်ချမယ်ဆိုတဲ့ ယေဘုယျ ဆန်တဲ့ ပန်းတိုင်ဆိုတာထက် ဘယ်လို နိုင်ငံစနစ်မျိုးတည်ဆောက်မလဲဆိုတဲ့သဘောမျိုး နိုင်ငံရေးပန်းတိုင် သတ်သတ်မှတ်မှတ်ရှိခြင်း၊ ပန်းတိုင်အတွက် ခန့်မှန်းအချိန်ဇယားရှိခြင်းတွေ ပါဝင်သင့်တာမျိုး ဖြစ်ပါတယ်။
မေလနောက်ပိုင်း မြန်မာနိုင်ငံတဝှမ်းဖြစ်ပျက်နေတဲ့ အဖြစ်အပျက် အခြေအနေတွေအားလုံးဟာ ဦးတည်ရာ ပန်းတိုင်ရှိပြီး အစီအစဥ်ရှိရှိ တုံ့ပြန်တာ လုပ်ဆောင်တာလို့ ပြောဖို့ခက်ပါတယ်။ အချို့အဖြစ်အပျက်တွေက သူ့သဘာဝအတိုင်း ဖြစ်ပျက်လာတာ ဖြစ်ပြီး အချို့သော တုံ့ပြန်မှုတွေကသာ ရည်ရွယ်ချက်ရှိစွာ ပန်းတိုင်နဲ့ ကိုက်ညီစွာ တုံ့ပြန်တာမျိုး ဖြစ်တယ်လို့ မြင်ပါတယ်။
အဖြစ်အပျက်တွေနောက် လိုက်ပြီး လုပ်ဆောင်တာမျိုးက ဦးဆောင်တယ်လို့ ပြောလို့မရပါဘူး။ နိုင်ငံရေးအရ ဦးဆောင်မှုဆိုတာက သူ့သဘော အတိုင်းဖြစ်တဲ့ အဖြစ်အပျက်တွေအပေါ် ဖြစ်သင့်တဲ့ အဖြစ်အပျက်မဟုတ်ရင် နောက်ထပ် မဖြစ်ရအောင် စည်းရုံးပြောဆိုရတဲ့ ဝတ္တရားရှိပြီး ဖြစ်သင့်တဲ့ ဖြစ်ရပ်တွေ ဖြစ်လာအောင် စည်းရုံးလုပ်ဆောင်ရတာမျိုး ဖြစ်ပါတယ်။
ပွင့်ပွင့်လင်းလင်း ပြောရရင် လက်စားခြေခြင်း လုပ်ကြံခြင်းတွေက ရေရှည်နိုင်ငံရေးအနာဂတ်မှာ ဘာတွေဖြစ်လာနိုင်သလဲဆိုတာမျိုးတွေကို နိုင်ငံရေးဦးဆောင်တဲ့ အဖွဲ့အစည်းအနေနဲ့ သုံးသပ်ကာ ထိန်းကျောင်းဖို့လိုအပ်မယ်လို့ မြင်မိကြောင်းပါ။ တခုခုဆိုတာနဲ့ ချက်ခြင်း တုန့်ပြန်ဖို့ ၊ လက်တုန့်ပြန်လိုက်ဖို့ စိတ်စောနေတဲ့ မခံမရပ်နိုင်တဲ့ပြည်သူတွေရှိပါတယ်။ အဲသည်လို Reaction တွေကိုလည်း အသိအမှတ်ပြုရပါမယ်။ တခုခု၏ ဖြစ်ရပ် ဖြစ်စဉ်ကို သေချာသုံးသပ်ဆင်ခြင်နိုင်ဖို့ Reflection လုပ်ကြည့်ပြီးမှ စနစ်တကျပြန်ကြားပြောဆိုတာတွေကို ပိုပြီး အရေးပေးဖို့ လိုကြမယ် ထင်ပါတယ်။
ခုနင်ကတော့ Covid Third Wave ပါ။ နောက် အောက်စီဂျင် အောက်စီဂျင်ပါ။ အခု အလွတ်ကြီး ခုန်ချလိုက်တယ်။ ပြီးတော့ ဆေးဂိုဒေါင်တွေ ပိတ်ကုန်ပြီ တဲ့ ။ တဖန် အောင်လံလွှင့်ချီ နွေဦးထီ … နောက် … ယုံကြည်ရာ ခြေတစ်လှမ်း၊ တော်လှန်ရေးအတွက် ငါးသန်း ဆိုတဲ့ လှုပ်ရှားမှုတွေ ထွက်ပေါ်လာပြန်ပါပြီ။