Breaking News

ထွန်း၀င်းငြိမ်း - ရဲဘော်စိုးမြင့် (၄၈၂၈)

မိုးမခကဗျာ
သြဂုတ် ၁၆၊ ၂၀၂၁

ရဲဘော်စိုးမြင့် (၄၈၂၈)
ထွန်း၀င်းငြိမ်း


ဗမာပြည်ရဲ့
တော်လှန်ရေးဒီရေစစ်ချိန်နဲ့
ဒီရေမြင့်သစ်ကြားမှာ
ဘဝကို ဆေးသားထပ်ခဲ့သူ။

ယွိကုန်းတောင်ကို
ဖြိုခဲ့သူ။

တခါတခါ
ကျောက်ဆောင်။

တခါတခါ
အလင်းရောင်
တခါတခါ
မီးပြ။

သူ့ဓမ္မတရားနဲ့
တည်ငြိမ်စွာရပ်ခဲ့သူ။

ကျောင်းသားခေါင်းဆောင်
တော်လှန်ရေးတပ်သား
အကျဉ်းထောင်
စစ်‌ကြောရေးစခန်းနဲ့
လွတ်မြောက်ဒေသတွေဟာ
သူ့အိမ် သူ့ယာပေါ့။

မိတ်ဆွေတယောက်ကတော့
မင်ဒဲလားထက်
ထောင်သက်နှစ်နှစ်ကြီးသူ တဲ့။

ဒီကာလက
ဖုတ်သွင်းရထားဆိုက်တဲ့
နိုင်ငံရေးခေတ်ဆိုတော့လည်း
စိုင်ကော်လို့
ဆိုဖာပေါ်ရောက်ကြတဲ့
ပုရောဟိတ်တွေရဲ့
ခေတ်သစ်ဆင်စမ်းပွဲကို
ဂရုတစိုက် စောင့်ကြည့်ခဲ့သူ။

သူဟာ
ရန်သူကို မိတ်ဆွေဖွဲ့ဖို့
နည်းလမ်းရှာရင်း
ကြီးပြင်းလာခဲ့သူ မဟုတ်ဘူး။
စစ်အာဏာကို 
အမြစ်ပါ ဖြတ်မယ့်သူ။

ဖက်ဒရယ်ကောင်းကင်ကို
သောင်တင်မှာ စိုးရိမ်ခဲ့သူ။

သူဟာ
အသံတိတ်နေပေမယ့်
ခွာလိပ်နေတဲ့
နိုင်မြင်းတကောင်တော့
မဟုတ်ခဲ့ဘူး။


၁၅၊ ၈၊ ၂၀၂၁

(ဒီနေ့ကျရောက်တဲ့ ကြီးမြတ်သောမိခင်ပါတီ ၈၂ နှစ်မြောက်မွေးနေ့ကို ဂုဏ်ပြုရင်း ရေးဖွဲ့ပါတယ်။)


t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar