စိုင်းဇင်ဒီဒီဇုံ (ဘာသာပြန်) - အခန်း (၁) ယူနန်ပြည်နယ်မှ ဆုတ်ခွာခြင်း
စိုင်းဇင်ဒီဒီဇုံ (ဘာသာပြန်) - အခန်း (၁) ယူနန်ပြည်နယ်မှ ဆုတ်ခွာခြင်း
(မိုးမခ) ဩဂုတ် ၁၅၊ ၂၀၂၁https://szddzone.blog/?p=850 ကနေ စာရေးသူခွင့်ပြချက်နဲ့ ကူးယူဖော်ပြပါတယ်
နှစ်ပေါင်းများစွာ ခါးခါးသီးသီး တိုက်ခိုက်ကြတဲ့ ပြည်တွင်းစစ်ကြီးအပြီး ၁၉၅၀ ဇန်နဝါရီလလောက်မှာတော့ တရုတ်နိုင်ငံ ပြည်မကြီးက နယ်မြေအတော်များများဟာ မော်စီတုန်း ဦးဆောင်တဲ့ ကွန်မြူနစ်တပ်တွေ လက်ထဲ ကျရောက်သွားပါပြီ။ စစ်ရှုံးခဲ့တဲ့ ချန်ကေရှိတ်ရဲ့ အမျိုးသားတပ်မတော်က လူစုကလေးဟာ ယူနန်ပြည်နယ် တောင်ပိုင်းက မုန့်ဇီ ဆိုတဲ့မြို့မှာ စုဝေးရောက်ရှိနေပါတယ်။ အဲဒီမြို့ကလေးဟာ မြစ်နီမြစ်က ပြင်သစ်ပိုင် အင်ဒိုချိုင်းနား တုံကင်နယ်ဝင်သွားတဲ့ နေရာကနေ မြောက်ဘက် မိုင်လေးဆယ်ပဲဝေးပါတယ်။ အေးစိမ့်စိမ့် မှုန်ပြပြ ဆောင်းကာလ ကောင်းကင်အောက်က မုန့်ဇီရှိ လေယာဉ်ကွင်းလေးမှာ တရုတ်ဖြူ ဒုတိယဗိုလ်ချုပ်ကြီး ထန်ယောင် တယောက်ကတော့ တစတစနဲ့ ကုန်သွားတဲ့ ရွေးချယ်နိုင်မယ့် လမ်းကြောင်းတွေကို ချင့်ချိန်တွေးဆနေတယ်။ ပြည်သူ့လွတ်မြောက်ရေး တပ်မတော် စုဖွဲ့မှုတွေက တရစပ်ရှုံးနေတဲ့ သူ့တပ်တွေ ရှိရာဆီကို တဖြည်းဖြည်းနဲ့ နီးလာပြီ။ ရန်သူတွေ တန့်သွားအောင် လုပ်နိုင်မယ့် အခွင့်အလမ်း မရှိတော့ဘူး ဆိုတာကိုလည်း သူသိတယ်။ အစက အင်အား ၃၀,၀၀၀ လောက်ရှိတဲ့ ထန်ယောင်ရဲ့ တပ်သားတွေဟာ ပြီးခဲ့တဲ့သီတင်းပတ်တွေကပဲ ပြေးတဲ့သူပြေး၊ လက်နက်ချသူချ၊ ကျသူကျနဲ့ နောက်ဆုံးတော့ ၃,၉၀၀ လောက်ပဲ ပြင်သစ်ပိုင် အင်ဒိုချိုင်းနားကို ရောက်လာတယ်။ အဲဒီမှာ အကျယ်ချုပ်နဲ့နေခဲ့ရပြီး နောက်ပိုင်းမှ ထိုင်ဝမ်းကို ပြန်နိုင်ခဲ့တယ်။ သူ့လူတွေထဲက တခြား ၁,၅၀၀ လောက်ကတော့ ဝေးလံခေါင်သီတဲ့ မြန်မာနိုင်ငံ အရှေ့မြောက်ပိုင်းက ရှမ်းပြည်နယ်ကို ဦးတည်သွားခဲ့ကြတယ်။
မြန်မာနိုင်ငံဘက်ကို ရောက်လာတဲ့အုပ်စုတွေကို အများအားဖြင့် ကူမင်တန်လို့ သိကြပါတယ်။ ကေအမ်တီ1 လို့လည်း အတိုကောက်ခေါ်ကြတယ်။ ဒီအုပ်စုကို စုဖွဲ့ပြီး စစ်အေးကာလက လျှို့ဝှက်စစ်တပ် တခုအဖြစ်ပေါ်ပေါက်လာခဲ့တယ်။ ၁၉၅၁ ခုနှစ်မှာ ဒီစစ်တပ်က ယူနန်ကို ဝင်ရောက်တိုက်ခိုက်တာ မအောင်မြင်ခဲ့ဘဲ မြန်မာနိုင်ငံဘက်ကို ပြန်မောင်းထုတ်ခံခဲ့ရတယ်။ အဲဒီနောက်ပိုင်း မြန်မာနိုင်ငံမှာပဲ အခြေချခဲ့ကြပြီး ၁၉၆၀−၁၉၆၁ တရုတ်−မြန်မာ ပူးတွဲစစ်ဆင်ရေးနဲ့ အိမ်နီးချင်း လာအိုနဲ့ ထိုင်းနိုင်ငံဘက် ရောက်အောင် သူတို့ကို တိုက်ထုတ်လိုက်ကြတယ်။ ပြည်တွင်းစစ် ဖြစ်နေတဲ့ လာအိုနိုင်ငံမှာ သူတို့က ကြေးစားစစ်သားတွေအနေနဲ့ လက်ျာဝါဒီတပ်တွေဘက်က ဝင်တိုက်ပေးခဲ့ကြသေးတယ်။ ထိုင်းနိုင်ငံမှာတော့ အစိုးရတပ်ဖွဲ့တွေနဲ့အတူ ဝင်ရောက်အမှုထမ်းခဲ့ပြီး ၁၉၇၀ ပြည့်လွန်နှစ်တွေနဲ့ ၁၉၈၀ ပြည့်လွန်နှစ် အစောပိုင်းတွေမှာ ကွန်မြူနစ်သူပုန်တွေကို တိုက်ခိုက်နှိမ်နင်းခဲ့တယ်။ ဆုလာဘ်အဖြစ်နဲ့ အမြဲတမ်း နေထိုင်ခွင့်အပြင် ထိုင်းနိုင်ငံသားအဖြစ်လည်း ခံယူခွင့်ရခဲ့ကြတယ်။
“ရွှေတြိဂံ” ဒေသမှာ ရှိနေတဲ့ကာလအတောတွင်းမှာ ချန်ကေရှိတ်ရဲ့ တရုတ်သမ္မတနိုင်ငံနဲ့ အမေရိကန် ဗဟိုထောက်လှမ်းရေးအဖွဲ့ (စီအိုင်အေ) တို့ရဲ့ ထောက်ပံ့မှု အရှိန်နဲ့အတူ တရုတ်ဖြူတွေဟာ မြန်မာနိုင်ငံကို အကြီးအကျယ် ဒုက္ခပေးခဲ့ကြတယ်။ တရုတ်ဖြူတွေဟာ မြန်မာအစိုးရကို ဆန့်ကျင်နေတဲ့ ရောင်စုံသူပုန်တွေ၊ မူးယစ်ဆေးဝါး မှောင်ခိုအဖွဲ့တွေနဲ့ မဟာမိတ်လုပ်တယ်။ အသစ်တည်ထောင်ကာစ ပြည်ထောင်စု မြန်မာနိုင်ငံ အစိုးရက သူ့နိုင်ငံပိုင်နက်တွေကို မထိန်းချုပ်နိုင်အောင် လုပ်ထားတယ်။ ဒါကြောင့် နိုင်ငံတည်ဆောက်ရေး အတွက် အရေးပါတဲ့ စီးပွားရေးနဲ့ လူမှုရေး တိုးတက်မှုတွေကို ကြန့်ကြာစေခဲ့တယ်။ ချန်ကေရှိတ်က တရုတ်ဖြူတွေရဲ့ ခေါင်းဆောင်ကြီး ဖြစ်တဲ့အတွက်ကြောင့် အမေရိကန်က တရုတ်ဖြူကို တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ ပေးခဲ့အကူအညီတွေကနေ မထင်မှတ်တဲ့ အကျိုးဆက်တွေ ပေါ်ပေါက်ခဲ့ပါတယ်။ အဲဒါကတော့ အမေရိကန်ပြည်ထောင်စုနဲ့ မြန်မာနိုင်ငံ ဆက်ဆံရေးမှာ မယုံကြည်မှုတွေ ကာလတာရှည်စွာ ဖြစ်ပေါ်လာခဲ့တာပါပဲ။
တပ်ပျက်နေတဲ့ တရုတ်ဖြူတပ်များ
ကာလတာရှည် ဖြစ်ပွားခဲ့တဲ့ တရုတ်ပြည်တွင်းစစ် ပြီးဆုံးသွားပြီလို့ မကြေညာခင် သီတင်းပတ် အတန်အလိုမှာ ယူနန်ပြည်နယ်မှာ ရှိနေတဲ့ ချန်ကေရှိတ်ရဲ့တပ်တွေ ပျက်နေပါပြီ။ အဲဒီတပ်တွေကို ဦးစီးနေတဲ့ တပ်မှူးကြီး သုံးယောက်ကတော့ − လူဟန့်၊ ယွီချုံဝမ် နဲ့ လီမီ တို့ဖြစ်ပါတယ်။ သူတို့သုံးယောက်သားဟာ သူတို့ဆီကို ချဉ်းကပ်လာနေပြီဖြစ်တဲ့ တရုတ်နီတပ်တွေကိုလည်း စောင့်ကြည့်နေရသလို အချင်းချင်းလည်း သတိထား စောင့်ကြည့်နေရပါတယ်။ အများက သံသယဖြစ်နေသလိုပါပဲ ဘုရင်ခံ လူဟန့်ဟာ ဟိုလူတွေကို ကွန်မြူနစ်တွေလက်အပ်ဖို့ ကြိတ်ကြံနေပါတယ်။ ယူနန်ပြည်နယ် မြို့တော် ခွန်းမင် (ယူနန်ဖူး) မှာရှိနေတဲ့ လူဟန့်ဟာ နောက်ဆုံးကျန်ရှိနေတဲ့ အင်အားကြီး စစ်ဘုရင်တယောက်ဖြစ်ပြီး ယူနန်ကို ဘုရင်ခံ ရာထူးနဲ့ အုပ်ချုပ်နေပါတယ်။ စစ်ဘုရင်တွေကို တရုတ်လို ကျွင့်ဖာ လို့လည်း ခေါ်ပါတယ်။ တရုတ်သမ္မတနိုင်ငံခေတ်က တခြား စစ်ဘုရင်တွေလိုပါပဲ ယူနန် ပြည်နယ် စစ်ဘုရင်ကလည်း တရုတ်ပြည်ကြီးညီညွတ်ဖို့၊ ဗဟိုအစိုးရရဲ့ နိုင်ငံရေး၊ စစ်ရေး ဦးဆောင်မှုတွေကို လက်ခံဖို့ အစရှိတဲ့ မစားရ ဝခမန်းစကားတွေ ပြောပါတယ်။ လက်တွေ့မှာတော့ ဒီစစ်ဘုရင်တွေဟာ သူတို့ကိုယ်ပိုင် ပြည်နယ်တပ်တွေဖွဲ့ပြီး သူတို့ကိုယ်ပိုင်အုပ်ချုပ်ခွင့်ကို အသေအလဲ ကာကွယ်ထားကြပါတယ်။ ဂျပန်နဲ့ စစ်ဖြစ်နေတဲ့ ၁၉၃၇−၁၉၄၅ ကာလမတိုင်ခင်အထိ သူတို့ အုပ်ချုပ်ရေးတွေကို အပြင်ဘက်က စွက်ဖက်တာ မရှိသလောက်ပါပဲ။ ဂျပန်နဲ့ တရုတ် စစ်ဖြစ်တဲ့ အချိန်ကျတော့ သူတို့ရဲ့ဘုံရန်သူ ဂျပန်တွေ မြန်မာနိုင်ငံဘက်ကနေ ဝင်ရောက် ကျူးကျော်လာတာကို ခုခံဖို့အတွက် လူဟန့်ရဲ့ အရင် စစ်ဘုရင်က ဗဟိုအစိုးရတပ်တွေကို ယူနန်ပြည်နယ်ထဲ ဝင်ခွင့်ပေးခဲ့ပါတယ်။
ဂျပန်တွေ စစ်ရှုံးသွားပြီးတဲ့နောက်မှာ ယူနန် စစ်ဘုရင်ဟာ သူ့ရဲ့အရင်က ကိုယ်ပိုင်အုပ်ချုပ်ခွင့် ပြန်ရဖို့အတွက် ကြိုးပမ်းပါတယ်။ ချန်ကေရှိတ်ကလည်း ဒီကိစ္စကို အလွတ်မပေးဘဲ စောင့်ကြည့်ခဲ့တယ်။ ၁၉၄၅ ဇူလိုင်−ဩဂုတ်လမှာ ကျင်းပခဲ့တဲ့ ပို့စ်ဒမ်ကွန်ဖရင့်ကနေ အင်ဒိုချိုင်းနားမှာရှိတဲ့ ဂျပန်တပ်တွေ လက်နက်ချမယ့် ကိစ္စနဲ့ပတ်သက်ပြီး တရုတ်နဲ့ ဗြိတိန်ကို တာဝန်ခွဲပေးခဲ့တယ်။ ၁၆ မျဉ်းပြိုင် မြောက်ဘက်က ဂျပန်တပ်တွေလက်နက်ချတာကို တရုတ်ကလက်ခံရမှာ ဖြစ်ပြီး၊ တောင်ဘက်က ဂျပန်တပ်တွေ လက်နက်ချမှာကိုတော့ ဗြိတိသျှက လက်ခံရမယ့် တာဝန်ဖြစ်ပါတယ်။ လက်နက်ချ ဂျပန်တပ်တွေကို လက်နက်ဖြုတ်သိမ်းဖို့အတွက် ဗဟိုအစိုးရတပ်မှာ ယူနန်တပ်တွေ ပါဝင်ဖို့ ချန်ကေရှိတ်က ကမ်းလှမ်းပါတယ်။ ဗီယက်နမ်နဲ့ လာအို မြောက်ပိုင်းမှာ လုယက်ချင်ဇော၊ ဝေစုရချင်လိုဇောတွေကြောင့် ယူနန် ဘုရင်ခံက သဘောတူလိုက်တယ်။ ဘုရင်ခံက ယူနန်တပ်တွေကို သူ့နဲ့ညီအစ်ကို တဝမ်းကွဲတော်တဲ့ လူဟန့် ကို ဦးစီးခိုင်းပြီး ဟနွိုင်းကို ချီတက်ခဲ့ပါတယ်။ ယူနန်သားတွေရဲ့ ဖျက်ဆီးလုယက်နိုင်တဲ့ အစွမ်းအစတွေကြောင့် ဗီယက်နမ် အမျိုးသားရေးဝါဒီ ဟိုချီမင်း နဲ့ ဗိုငုယင်ဂီယက် တို့က “တရုတ်စစ်တပ် တခုလုံးမှာ ငမ်းငမ်းအတက်ဆုံးနဲ့ စည်းကမ်းအပျက်ဆုံး” လို့ ကင်ပွန်းတပ်ခဲ့ကြပါတယ်။
ယူနန်တပ်တွေ အင်ဒိုချိုင်းနားမှာ ရှိနေတုန်း ဗဟိုအစိုးရတပ်တွေက ခွန်းမင်မှာ ရှိနေပါတယ်။ ပြီးတော့ ယူနန်ဘုရင်ခံကို စစ်ရေးအကြံပေး ဆိုပြီး အဓိပ္ပာယ်မရှိတဲ့ ရာထူးပေးပြီးတော့ တရုတ်သမ္မတနိုင်ငံ မြို့တော် နန်ကျင်းကို ခေါ်သွားပါတော့တယ်။2 ယူနန်တပ်တွေနဲ့အတူ ဟနွိုင်းမှာ ရှိနေတဲ့ လူဟန့် ဟာ သူ့ဝမ်းကွဲ အစ်ကိုရဲ့ ဘုရင်ခံ ရာထူးကို ဆက်ခံရပါတယ်။ ချန်ကေရှိတ် က ယူနန်တပ်က စစ်သား အများအပြားကို တုံကင်နယ်ကနေ သင်္ဘောနဲ့တင်ပြီး တရုတ်အရှေ့မြောက်ဒေသနဲ့ မန်ချူးရီးယားမှာ ပြန်ပြီးသူပုန်ထနေတဲ့ ကွန်မြူနစ်တပ်တွေကို တိုက်ခိုင်းပါတယ်။ ဒါ့ကြောင့် ယူနန်တပ်က စစ်သား အနည်းငယ်ပဲ ယူနန်ကို ပြန်ရောက်လာကြပါတော့တယ်။ ချန်ကေရှိတ်ရဲ့ ချုပ်ကိုင်မှုအောက်ကနေ ရုန်းထွက်နိုင်ဖို့ အင်အားချိနဲ့ နေပါပြီ။ နောင်တရနေတဲ့ လူဟန့် ဟာ သူ့စစ်အင်အားကို ပြန်လည် တည်ဆောက်ဖို့ အတွက် ကွန်မြူနစ်တွေကို ညှိနှိုင်းပါတယ်။
အပူတပြင်း စစ်အင်အား စုဆောင်းခဲ့ပေမယ့် ၁၉၄၉ နှစ်ကုန်ပိုင်းလောက်အထိ သူ့မှာ စစ်အင်အား ၂၀,၀၀၀ တောင် မပြည့်နိုင်ပါဘူး။ သူ့စစ်သားတွေကို ကောင်းကောင်း မလေ့ကျင့်ပေးနိုင်တဲ့အပြင် လက်နက် ကောင်းကောင်းလည်း တပ်ဆင်ပေးနိုင်ခြင်း မရှိပါဘူး။ ဒါပေမယ့် သူ့စစ်အင်အားကို အရှိထက် နှစ်ဆသုံးဆထက်ပိုပြီး သူများကို ပြောပြပါတယ်။ လူဟန့်၊ ကွန်မြူနစ်တို့အကြားညပ်နေတာက ယွီချုံဝမ်၊ လီမီ တို့ရဲ့ တရုတ်ဖြူတပ်တွေပါပဲ။ ဒုတိယဗိုလ်ချုပ်ကြီး ယွီချုံဝမ် ရဲ့ တပ်တော် (၂၆) က အင်အား အကြီးဆုံးပါ။ အဲဒီတပ်မတော်မှာ တရုတ်နိုင်ငံတောင်ပိုင်း ကွမ်တုံး၊ ကွမ်ရှီးသား စစ်ပြန်တွေပါတဲ့ တပ်မ (၉၃) က အဓိကပဲ။ တပ်မ (၉၃) ဟာ တရုတ်−ဂျပန် စစ်ပွဲကာလမှာ ယူနန်ပြည်နယ်နဲ့ မြန်မာနိုင်ငံ ကျိုင်းတုံနယ် အတွင်း ဂျပန်တပ်တွေ၊ ဂျပန်နဲ့ မဟာမိတ်အဖြစ်ပါလာတဲ့ ထိုင်းတပ်တွေနဲ့ တိုက်ခိုက်ခဲ့ရတယ်။ တပ်မ (၉၃) ကောင်းကောင်းကျင်လည်ခဲ့တဲ့ ယူနန်ကိုပြန်ရောက်တော့ အစိုးရက တပ်တော် (၂၆) အောက်မှာ ထားလိုက်တယ်။ စစ်ကြီးအပြီးမှာ တပ်တော် (၂၆) ကလည်း ကွန်မြူနစ် “ဓားပြ” တွေကို ကောင်းကောင်း နှံခဲ့ဖူးတယ်။ ၁၉၄၉ ကုန်ခါနီးကာလက တပ်တော် (၂၆) ရဲ့ အဓိက တာဝန်ဟာလည်း လူဟန့် နဲ့ ကွန်မြူနစ်တွေ ပေါင်းမသွားဖို့ပါပဲ။
ယွီချုံဝမ် က သူ့မှာ စစ်သား ၂၈,၀၀၀ ရှိတယ်လို့ ပြောပေမယ့် တဝက်လောက်ပဲ ရှိနိုင်ပါတယ်။3 ဒါပေမယ့် သူ့တပ်တော် (၂၆) ရဲ့ အဆင့်အတန်းဟာ တခြားတရုတ်ဖြူ တပ်တော်တွေရဲ့ ပျမ်းမျှထက်တော့ သာတယ်။ သူ့တပ်တော်ရဲ့ တပ်မသုံးခုအနက် နှစ်ခုဟာ ယူနန်ပြည်နယ်တောင်ပိုင်းက ခိုင်းယွမ် မှာရှိတဲ့ သူ့ရဲ့ဌာနချုပ် အနားမှာပဲ ရှိတယ်။ နောက်တပ်မ တခုကတော့ ခွန်းမင် အရှေ့မြောက်ဘက် ကျန်းယိ မှာရှိတယ်။ ကွန်မြူနစ်တပ်တွေ တက်လာမယ့် လမ်းကြောင်းပေါ်မှာပဲ။
တကယ်လို့ ယူနန်ကျခဲ့ရင်တောင် အင်ဒိုချိုင်းနားကနေပြီး ဆက်လက်တိုက်ပွဲဝင်သွားမယ်လို့ ယွီချုံဝင် က ကြွားနေရင်းပဲ သူက ကွန်မြူနစ်တွေနဲ့ ပူးပေါင်းဖို့ တိတ်တဆိတ် ဆက်သွယ်နေပါတယ်။ လူဟန့် ကလည်း ယွီချုံဝမ် ကစားနေတာကို သိပါတယ်။ ဒါပေမယ့် အဓိက သူစိုးရိမ်တာက သူခွဲထွက်ဖို့အရေးမှာ လာမရှုပ်နိုင်အောင် တရုတ်ဖြူရဲ့ တိုက်ခိုက်ရေးတပ်တွေ ခွန်းမင်နဲ့ ခပ်ဝေးဝေးမှာ ရှိနေဖို့ပါပဲ။
ယူနန်မှာရှိတဲ့ တပ်မှူးကြီး သုံးယောက်မှာ ဒုတိယဗိုလ်ချုပ်ကြီး လီမီ တယောက်ပဲ ချန်ကေရှိတ်နဲ့ အမျိုးသားရေး ရည်မှန်းချက် အပေါ် သစ္စာရှိပါတယ်။ သူဦးစီးတဲ့ တပ်တော် (၈) က ယူနန် အရှေ့မြောက်ဘက်မှာ ရှိနေပြီး လက်နက်လည်း ကောင်းကောင်းငမ်းငမ်း မရှိပါ။ လစာ မရတာလည်း အတော်ကြာပါပြီ။ ၁၉၄၈−၁၉၄၉ တရုတ်နိုင်ငံအရှေ့ပိုင်း ဟွိုင်ဟိုင်ပြည်နယ်က အဆုံးဖြတ် တိုက်ပွဲတွေမှာ အထိနာခဲ့တာတွေကို ပြန်လည် ကုစားနေရတဲ့ကာလပါ။
တပ်တော် (၈) ကို “အသုံးမကျတဲ့ဟာ” လို့ ယွီချုံဝမ် က မလိုတမာပြောပါတယ်။ တကယ်တော့ ၁၉၄၄−၁၉၄၅ သံလွင်စစ်ဆင်ရေးနဲ့ ဂျပန်လက်နက်ချပြီးနောက် ပြည်တွင်းစစ် ပြန်အစ ရှန်တုန်းပြည်နယ်မှာ ကွန်မြူနစ်တပ်တွေနဲ့ တိုက်တုန်းက အောင်မြင်ခဲ့တဲ့ လီမီ ကို တနိုင်ငံလုံးက ဂရုတစိုက် စောင့်ကြည့်ခဲ့ရတာပါ။ ၁၉၄၉ ခုနှစ် ကုန်ကာနီးမှာတော့ လီမီ ဟာ သူ့ရဲ့ ချုံးချုံးကျနေတဲ့ တပ်ကို ပြန်လည်စုဖွဲ့ကို ကြိုးစားနေတဲ့အတွက်ကြောင့် ချန်ကေရှိတ် သဘောကျတဲ့ ဗိုလ်ချုပ်တွေထဲမှာ တယောက် အပါအဝင်ဖြစ်လာပါတယ်။ ပြီးတော့ တောင်ပိုင်းက ယွီချုံဝမ်နဲ့ သွားပေါင်းဖို့ ကျန်းယိကနေ ထွက်ခွာသွားတဲ့ တပ်တော် (၂၆) က တပ်တွေနေရာမှာ အစားထိုးရပါတယ်။
ခွန်းမင် အရေးအခင်း
မုန့်ဇီမှာရှိနေတဲ့ ထန်ယောင်ရဲ့ အကျပ်အတည်းကတော့ တရုတ်ဖြူတပ်တွေ ၁၉၄၉ နိုဝင်ဘာလ အတွင်း တရုတ်နိုင်ငံ အနောက်တောင်ဘက်မှာ ဆုတ်ဆိုင်းနေလို့ ဖြစ်ပါတယ်။ အဲဒီလမှာ တရုတ်သမ္မတနိုင်ငံရဲ့ စစ်အတွင်း မြို့တော်ဖြစ်တဲ့ ချုံချင့်မြို့ဟာ ဝရုန်းသုန်းကားဖြစ်နေပြီး ယာယီမြို့တော်ဖြစ်တဲ့ ချုံတူးမြို့ဟာလည်း ကြောက်စရာကောင်းလောက်အောင် ဖြစ်ပျက်နေပါပြီ။ အဲဒီ ဒေသတွင်းက တရုတ်ဖြူ တပ်မှူး ဒုတိယဗိုလ်ချုပ်ကြီး ချန်ချွင်း ဟာ ဒီဇင်ဘာလ ၈ ရက်နေ့မှာ လေယာဉ်စီးပြီး ခွန်းမင်ကို သွားပါတယ်။ တရုတ်ဖြူလေတပ်က သယ်ယူပို့ဆောင်ရေးလေယာဉ်တွေသုံးပြီး ချုံတူးမြို့က တပ်တွေကို လေကြောင်းနဲ့ ခွန်းမင်ကိုရွှေ့ဖို့ သွားစီစဉ်တာပါ။ ဒီကိစ္စဟာ လူဟန့် ခွဲထွက်ဖို့ မညှိနှိုင်းခင် သူနောက်ဆုံး ဖြစ်ချင်တဲ့ အရာပါပဲ။
တဖက်မှာလည်း လူဟန့် ဟာ တကယ်လို့ ကွန်မြူနစ်တွေနဲ့ ညှိနှိုင်းလို့ အဆင်မပြေခဲ့ရင် ရွေးခြယ်နိုင်ဖို့ လမ်းကြောင်းတွေ ဖွင့်ထားဆဲပါ။ ခွန်းမင်မှာ ရှိတဲ့ အမေရိကန် ဒုတိယကောင်စစ်ဝန် လာရူး အာရ်၊ လတ်ကင် ဟာ လူဟန့် နဲ့ သူ့မိသားစုအတွက် အမေရိကန်ပြည်ထောင်စု ပြည်ဝင်ခွင့်ဗီဇာထုတ်ထားပေးပြီးပါပြီ။ အဲဒီအချိန်တုန်းက လူဟန့် ရဲ့ မိသားစုဟာ ဟောင်ကောင်မှာ လုံလုံခြုံခြုံရှိနေပါတယ်။
ဒီဇင်ဘာလ ၉ ရက်နေ့မှာ လတ်ကင်နဲ့ မြို့ပြလေကြောင်းသယ်ယူပို့ဆောင်ရေး−စီအေတီ4 စခန်း မန်နေဂျာ တို့ကို နှုတ်ဆက်တဲ့ ညစာစားပွဲမှာ လူဟန့် က အမေရိကန်တွေ ယူနန်ကနေ အမြန်ဆုံး ထွက်ခွာသွားဖို့ အကြံပေးပါတယ်။ မဟုတ်ရင် သူတို့အတွက် လုံခြုံရေးကို လူဟန့် က အာမခံနိုင်မှာ မဟုတ်ဘူးလို့လည်း ဆိုပါတယ်။
ညစာစားပွဲကနေ ဘုရင်ခံကို နှုတ်ဆက်အပြီးမှာ ချန်ချွင်းနဲ့ တခြား တရုတ်ဖြူတပ်အရာရှိကြီး အများအပြား ည ၉ နာရီ အစည်းအဝေး တက်ဖို့ ရောက်လာကြတာကို လတ်ကင် သတိပြုလိုက်မိတယ်။ အပြင်ပန်းအားဖြင့်တော့ မကြာခင် လာရောက်မယ့် ချန်ကေရှိတ်ရဲ့ ခရီးစဉ်အတွက်လို့ ဆိုပါတယ်။ ချန်ချွင်း၊ လီမီ၊ ယွီချုံဝမ် နဲ့ တခြား အရာရှိကြီးတွေအပြင် ခွန်းမင်က တရုတ်ဖြူ လျှို့ဝှက်ရဲတပ်ဖွဲ့ အကြီးအကဲ ပါ အစည်းအဝေးအတွက် ရောက်လာကြတော့ လူဟန့် က အားလုံးကို ဖမ်းလိုက်ပြီး တယောက်ချင်းစီကို သူ့ကိုယ်ပိုင်ကားနဲ့ ယူနန်အစိုးရရုံးဖြစ်တဲ့ ဝူဟွာ့ရှန်းနန်းတော်မှာ ထိန်းသိမ်းထားဖို့ ပို့လိုက်ပါတယ်။
လူဟန့် ရဲ့ စစ်သားတွေဟာ တပ်တော် (၈) ဒုတိယတပ်တော်မှူး ဗိုလ်ချုပ် လျိုယွမ်လင်ကို လီမီရဲ့ ဌာနချုပ်၊ တပ်တော် (၈) လက်အောက်ခံ တပ်မ (၂၃၇) တပ်မမှူး ဗိုလ်ချုပ် ဖုချင်းယွင် ကို သူ့မိတ်ဆွေတယောက်ရဲ့ အိမ်တွေမှာ သီးခြားစီ ထိန်းသိမ်းထားလိုက်ပါတယ်။ ဒီလူနှစ်ယောက်ဟာ နောင်အခါ လီမီရဲ့တပ်တွေ မြန်မာနိုင်ငံအရောက်မှာ အဓိက အခန်းကဏ္ဍက နေခဲ့ရသူတွေ ဖြစ်လာပါတယ်။
ဒီဇင်ဘာလ ၁၀ ရက်နေ့ မနက် မိုးလင်းတော့ ဝူဟွာ့ရှန်းနန်းတော်ပေါ်မှာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ အလံ တလွင့်လွင့်နဲ့ ဖြစ်နေပါပြီ။ နန်းတော် နံရံမှာလည်း လူထုအနေနဲ့ အေးအေးချမ်းချမ်းနေဖို့၊ စစ်အုပ်ချုပ်ရေးကို လိုက်နာကြဖို့ တိုက်တွန်းထားတဲ့ စာတွေ ကပ်ထားပါတယ်။ လူဟန့်ရဲ့တပ်တွေက ခွန်းမင်မြို့ ဝူးချဖ လေဆိပ်ကို သိမ်းထားပေမယ့် လတ်ကင်၊ ကောင်စစ်ဝန်ရုံးဝန်ထမ်းတွေ၊ စီအေတီ ဝန်ထမ်းတွေကို ကွင်းထဲမှာရှိတဲ့ လေယာဉ်နဲ့ ထွက်ခွာခွင့် ပြုထားပါတယ်။ ဒါပေမယ့် ယူနန်တပ်တွေနဲ့ ဗဟိုအစိုးရတပ်တွေ တိုက်ပွဲဖြစ်နေလို့ ခရီးဖင့်ပြီး ညနေ ၅ နာရီခွဲလောက်မှာမှ လေဆိပ်ကို လတ်ကင် တို့ ရောက်ပါတယ်။ လေဆိပ်မှာ ဖိလစ်ပိုင် မှတ်ပုံတင် ထရန်အေးရှားတစ် လေကြောင်းလိုင်းပိုင် လေယာဉ်တစီးနဲ့ အမေရိကန် လေယာဉ်မှူး နှစ်ယောက်ရှိနေပါတယ်။ လူဟန့် ဆီက ထရန်အေးရှားတစ် ဝန်ထမ်းတွေအတွက် လုံခြုံရေးအာမခံချက်ရပြီးတဲ့နောက် လတ်ကင် တို့အဖွဲ့ နောက်ဆုံး စီအေတီ လေယာဉ်နဲ့ ထွက်လာခဲ့ကြတယ်။ ဟောင်ကောင်ကနေ တဆင့် ဟိုင်နန်ကျွန်းပေါ်က လေကြောင်းလိုင်းရဲ့ ဆန်းယ စခန်းကို ရောက်သွားပါတယ်။
လတ်ကင် ထွက်လာတော့ ခွန်းမင် ရေဒီယိုကနေ လူဟန့် ဘက်ပြောင်းလိုက်ကြောင်း၊ ယွီချုံဝမ် နဲ့ လီမီ တို့ဟာ ကြားဖြတ် အစိုးရ အဖွဲ့ဝင်တွေ အဖြစ်ပါဝင်ကြောင်း၊ သူတို့ဦးစီးတဲ့ တပ်တွေကလည်း ကွန်မြူနစ်တွေဆီ လက်နက်ချလိုက်ပြီ ဖြစ်ကြောင်း ကြေညာပါတယ်။ ထိုင်ပေ ရေဒီယို ကနေ ပြန်ပြီး ကြေညာတာကတော့ ချန်ချွင်းနဲ့ သူ့အရာရှိတွေကို လွှတ်မပေးဘူးဆိုရင် တရုတ်ဖြူ လေတပ်က ခွန်းမင်ကို ဗုံးကြဲတိုက်ခိုက်မယ်လို့ ဆိုပါတယ်။ ဒါကြောင့် လူဟန့် ဟာ ထရန်အေးရှားတစ် လေယာဉ်နဲ့ပဲ တရုတ်ဖြူ အရာရှိ အကျဉ်းသားတွေကို ဟောင်ကောင်ဆီ ပို့လိုက်ပါတယ်။ ဒီအချက်လောက်နဲ့ ထိုင်ပေက တာဝန်ရှိသူတွေ မကျေနပ်နိုင်သေးလို့ တရုတ်ဖြူ လေတပ်က ခွန်းမင်ကို ဗုံးဆက်ကြဲပါတယ်။
ခွန်းမင်မှာ ဒီလို ဖြစ်ပျက်နေပေမယ့် ယူနန်ပြည်နယ်မှာ ကျန်ရှိနေသေးတဲ့တပ်တွေကို ဦးစီးဖို့ ထိုင်ပေကနေ ထန်ယောင်ကို တာဝန်ပေးပါတယ်။ ယွီချုံဝမ် နဲ့ လီမီ တို့ ဝူဟွာ့ရှန်းနန်းတော်မှာ အထိန်းသိမ်းခံနေရတုန်းမှာ ယွီချုံဝမ်ရဲ့ လက်ထောက် တယောက်က တပ်တော် (၂၆) ရဲ့ ကွပ်ကဲမှု တာဝန်ကို ယူလိုက်တယ်။ ထန်ယောင်ကလည်း သူ့လက်ထောက် တယောက်ကို တပ်တော် (၈) တပ်တော်မှူး အဖြစ် ခန့်လိုက်တယ်။ အဲဒီတုန်းက တပ်တော် (၈) လက်အောက်ခံ တပ်မလေးခုဟာ ခွန်းမင် အရှေ့မြောက်ဘက် စီချွမ်−ယူနန် အဝေးပြေးလမ်းမကြီးဘေးမှာပဲ တပ်ချထားတယ်။ ထောက်ပံ့ရေးတပ်နဲ့ လေ့ကျင့်ရေးတပ်တွေကတော့ ခွန်းမင် အရှေ့မြောက်ဘက် ကျန်းယိကိုသွားတဲ့ ရထားလမ်းပေါ်မှာ ရှိနေတယ်။ ခွန်းမင်မှာ ရှိနေတဲ့ တရုတ်ဖြူ အင်အားစုတွေကတော့ အမျိုးမျိုးသော လေ့ကျင့်ရေးတပ်တွေ၊ တပ်ထိန်းတွေ၊ လေတပ်က ဝန်ထမ်းတွေ၊ တိုက်ခိုက်ရေးစွမ်းရည် အကန့်အသတ်ရှိတဲ့ တခြားတပ်တွေပဲ ရှိတယ်။
လူဟန့် ရဲ့ ပြည်နယ် တပ်တော် နှစ်ခုရဲ့ အင်အားဟာ အခုနကပြောခဲ့တဲ့ တရုတ်ဖြူတွေရဲ့ အင်အားနဲ့ ညီတယ်။ ဒါပေမယ့် စွမ်းရည်ပိုင်းမှာ ညံ့တယ်။ ဘုရင်ခံ လူဟန့် ဟာ ကွန်မြူနစ်တပ်တွေ မရောက်ခင် ဗဟိုအစိုးရတပ်တွေကို ထိန်းထားနိုင်ဖို့ မျှော်လင့်ထားတယ်။ ဒါပေမယ့် ကွန်မြူနစ်တွေက အလျင်စလို လုပ်ချင်ပုံ မပြဘူး။ ဒါကြောင့် လူဟန့်ဟာ သူဖမ်းထားတဲ့ ဗိုလ်ချုပ်တွေနဲ့ သူတို့ရဲ့တပ်တွေကို သူ့နည်းသူ့ဟန်နဲ့ပဲ ကိုင်တွယ်ရတော့တယ်။ တပ်တော် (၈) ရဲ့ လေ့ကျင့်ရေးတပ်ရင်းကို သူ့အမိန့်ကို နာခံအောင် လက်ခံဖို့ လူဟန့် က လီမီကို အကျပ်ကိုင်တယ်။ ဒါပေမယ့် တပ်ရင်းမှူးက အမိန့်ကို မနာခံတဲ့အခါ လူဟန့်ရဲ့ စစ်သားတွေက လီမီရဲ့ ဇနီးနဲ့ လက်ထောက် လျိုဟွမ်လင် ကို လေ့ကျင့်ရေးတပ်ရင်းဆီ ခေါ်သွားကြပြီး တပ်ရင်းမှူးက လက်နက်ချဖို့ သူတို့ကို အတင်းအကျပ် ရာဇသံစာပေးခိုင်းတယ်။ တပ်ရင်းမှူးက ရာဇသံအမိန့်စာရွက် ဆုတ်ဖြဲပြလိုက်တယ်။ အဲဒီအချိန်မှာ လီမီရဲ့ ဇနီးက သူ့အင်္ကျီထဲထည့်ဝှက်လာတဲ့ သူ့ခင်ပွန်းကိုယ်တိုင် လက်ရေးနဲ့ ရေးထားတဲ့စာကို ပေးလိုက်တယ်။ အဲဒီစာမှာ သူ့တပ်တွေကို ဆက်တိုက်ကြဖို့ တိုက်တွန်းထားတယ်။ လူဟန့်ရဲ့ အကျဉ်းသားတွေကို ဝူဟွာ့ရှန်းနန်းတော်ကို ပြန်ပို့လိုက်ကြတယ်။ တပ်တော် (၈) ကလည်း ခွန်းမင်ကို ဆက်ပြီးချီတက်လာတယ်။
ယွီချုံဝမ် ကတော့ လီမီ လို မဟုတ်ဘူး။ လူဟန့် လိုချင်တာကို လက်ခံလိုက်တယ်။ သူကိုယ်တိုင် လက်မှတ်ထိုးပြီး ခိုင်းယွမ်မှာရှိတဲ့ တပ်တော် (၂၆) ဌာနချုပ်ကို လက်နက်ချဖို့ အမိန့်စာ ပို့လိုက်တယ်။ တပ်တော်မှူး အသစ်5 က အမိန့်ကို လက်မခံဘဲ တပ်တွေကို ခွန်းမင်ကို ဦးတည်ပြီး မြောက်ဘက်ကို ချီတက်လာကြတယ်။ တရုတ်ဖြူတပ်တွေ မရောက်ခင် ဦးအောင်တိုက်မယ် ဆိုပြီး လူဟန့် က သူရဲ့ တပ်ရင်းကြီးသုံးရင်းကို တပ်တော် (၈) နဲ့ ရင်ဆိုင်ဖို့ ခွန်းမင်မြို့ ဆင်ခြေဖုန်းမှာ တပ်စွဲခိုင်းလိုက်တယ်။ လီမီ ကိုလည်း ဘက်ပြောင်းရင် လွှတ်ပေးမယ်လို့ ကမ်းလှမ်းတယ်။ ဒါပေမယ့် အလုပ်မဖြစ်ပါ။ တပ်တော် (၈) က တပ်ဖွဲ့တွေ ကြံ့ကြံ့ခံနေဆဲ တပ်တော် (၂၆) ကလည်း တဖြည်းဖြည်းနီးလာတော့ ဒီဇင်ဘာ ၁၆ ရက်နေ့မှာ လူဟန့် က သူ့တပ်တွေကို ခွန်းမင်မြို့ထဲ ဆုတ်ဝင်ခိုင်းလိုက်တော့တယ်။
နောက်နှစ်ရက်အကြာမှာ လီမီ ကို ပြန်လွှတ်ပေးတယ်။ အပြန်အလှန် အနေနဲ့ လီမီ ကလည်း တပ်တော် (၈) ကို မတိုက်ဖို့ အမိန့်ပေးမယ်လို့ဆိုတယ်။။ အာမခံအနေနဲ့ ဘုရင်ခံက လီမီရဲ့ ဇနီး ကို နေအိမ် အကျယ်ချုပ်နဲ့ထားတယ်။6 လီမီ လွတ်ပြီးတာနဲ့ ချက်ခြင်းပဲ တပ်တော် (၈) ကို ခွန်းမင်ကို အရှေ့မြောက်ဘက်ကနေ ဆက်တိုက်ဖို့ ပြောတယ်။ အဲဒီအချိန်မှာ တပ်တော် (၂၆) က တောင်ဘက်ကနေ ရောက်လာနေပြီ။
တရုတ်ဖြူတပ်တွေက ပီအယ်လ်အေ စစ်ကြောင်းတွေ မရောက်ခင် ခွန်းမင်ကို သိမ်းပိုက်နိုင်တဲ့ အလားလာရှိလာတော့ လူဟန့် ဟာ ယွီချုံဝမ် ကို ၂၀ ရက်နေ့မှာ လွှတ်ပေးတယ်။ ပိုက်ဆံ အတော်များများ ပေးလိုက်တယ်လို့လည်း ဆိုတယ်။ အပြန်အလှန် အနေနဲ့ ယွီချုံဝမ် က သူ့ရဲ့ တပ်တော် (၂၆) က ရဲဘော်တွေကို ဆက်မတိုက်ဘဲ လူဟန့် နဲ့ ပေါင်းဖို့ ပြောတယ်။7 အရာရှိတွေက လူဟန့် ဆီ လက်နက် မချချင်ကြဘူး။ အထူးသဖြင့် ကွန်မြူနစ်တွေဆီ လက်နက်မချချင်ဘူး။ ဒါပေမယ့် ချီတက်လာတဲ့ ကွန်မြူနစ်တွေနဲ့လည်း မတိုက်ချင်ကြဘူး။ ဒါကြောင့် ဆက်မတိုက်ဘဲ မုန့်ဇီ−ခိုင်းယွမ် ကို လှည့်ပြန်လာကြတယ်။ ယွီချုံဝမ် ကိုလည်း ပြန်ခေါ်သွားတယ်။
တပ်တော် (၂၆) က ပြန်ဆုတ်သွားလို့ ထီးထီးချည်း ကျန်ခဲ့တဲ့ တပ်တော် (၈) ဟာ ခွန်းမင်က ယူနန်တပ်တွေနဲ့ စီချွမ်က ဆင်းလာတဲ့ ပီအယ်လ်အေ တပ်တွေအကြား ပိတ်မိသွားတယ်။ သူတို့ မြန်မြန်ဆုတ်ရင်ဆုတ်၊ မဆုတ်ရင် ပြုတ်ပြုတ်ပြုန်းသွားနိုင်တာကို သိလို့ လီမီက တပ်တော် (၈) က တပ်ဖွဲ့ အများစုကို ဦးဆောင်ပြီး တောင်ဘက်က တပ်တော် (၂၆) နဲ့ ပေါင်းဖို့ မုန့်ဇီ နဲ့ ခိုင်းယွမ်ဘက်ကို ဆင်းလာတယ်။ ဒီဇင်ဘာလ ၂၀ ရက်နေ့မှာ တပ်တော် (၈) ရဲ့ နောက်ချန်တပ်ဖွဲ့က ကျန်းယိမှာ လက်နက်ချတယ်။ ကျန်းယိမြို့ဟာ ခွန်းမင် အရှေ့မြောက်ဘက် ကီလိုမီတာ ၁၀၀ လောက်ဝေးတယ်။ လူဟန့် ဟာ ယူနန်သား ကွန်မြူနစ်ပျောက်ကြား တပ်မှူးနဲ့ နောက်လိုက်တွေကို ကြိုဆိုပြီး ခွန်းမင်မြို့ထဲ ခေါ်လာတယ်။ သီတင်းပတ် အနည်းငယ် ကြာပြီးနောက် ၁၉၅၀ ဖေဖော်ဝါရီလ ၂၅ ရက်နေ့မှာ ပီအယ်လ်အေတပ်တွေ ယူနန် မြို့တော် ခွန်းမင်ကို တရားဝင် ဝင်ရောက်လာတယ်။ တနေ့လုံး ပွဲကြီးကျင်းပကြပြီး လူဟန့်က ပွဲဖြစ်ဖို့ အကုန်အကျခံတယ်။
ကွန်မြူနစ်တွေ ခွန်းမင်ကို ထိန်းချုပ်ပြီးတဲ့နောက် မုန့်ဇီမှာ ရှိနေတဲ့ ထန်ယောင်နဲ့ သူ့အကြီးတန်း အရာရှိတွေဟာ ဘယ်လိုလုပ်ကြမလဲ ဆိုတာကို ချိန်ဆနေကြတယ်။ တချို့ကတော့ ပြင်သစ်ပိုင် အင်ဒိုချိုင်းနား အတွင်းမှာ ပြန်လည်စုဖွဲ့မယ့် တရုတ်ဖြူ တပ်ဖွဲ့တွေနဲ့ ပေါင်းဖို့ ဆန္ဒရှိကြတယ်။
တချို့က အဲဒီနည်းလမ်းကို အယုံအကြည်မရှိကြဘူး။ သူတို့ဘက်က တပ်တွေရောက်သွားရင် ပြင်သစ် အာဏာပိုင်တွေကို လက်နက်ဖြုတ်သိမ်းပြီး အကျယ်ချုပ်နဲ့ ထိန်းသိမ်းထားတယ်ဆိုပြီး အစီရင်ခံကြတယ်။ လီမီ ကတော့ လက်ရှိ ယူနန် တောင်ပိုင်းမှာပဲ ဆက်လက် နေရာယူထားဖို့၊ စစ်ကူတွေ ရောက်လာရင် ပြန်တိုက်ဖို့ ပြောတယ်။ ယွီချုံဝမ် ကတော့ လူဟန့် နဲ့ ဆက်ပြီးဆွေးနွေးဖို့ပဲ ဆန္ဒရှိတယ်။ ထန်ယောင်ကတော့ အင်ဒိုချိုင်းနားဘက် ဆုတ်ဖို့ စိတ်ယိမ်းနေပြီ။ ဒါပေမယ့် မြန်မာနိုင်ငံဘက် ဆုတ်ဖို့လည်း စဉ်းစားထားတယ်။
၁၉၅၀ ဇန်နဝါရီ ၂ ရက်နေ့မှာ ထန်ယောင်၊ လီမီ နဲ့ ယွီချုံဝမ် တို့ဟာ ထိုင်ပေကို လေယာဉ်နဲ့ သွားပြီး ချန်ကေရှိတ် အပါအဝင် သူ့အကြီးတန်း အကြံပေးတွေနဲ့ တိုင်ပင်တယ်။ အိမ်နီးချင်း ရှီးခန်းပြည်နယ်က တရုတ်ဖြူတပ်တွေကို မုန့်ဇီက တဆင့် ထိုင်ဝမ်း ရောက်အောင် လေယာဉ်နဲ့ သယ်ထုတ်ဖို့ စီစဉ်ကြတယ်။ ပြီးရင် တပ်တော် (၂၆) ကိုလည်း ထန်ယောင်ရဲ့ ညွှန်ကြားမှု အောက်မှာ လေယာဉ်နဲ့ သယ်ထုတ်မယ်။ အဲဒီအချိန်မှာ တပ်တော် (၈) က နောက်က မလိုက်မီ မုန့်ဇီ လေယာဉ်ကွင်းကို လုံခြုံရေးယူပေးရမယ်ပေါ့။8 တရုတ်သမ္မတနိုင်ငံရဲ့ စစ်ဦးစီးချုပ် ကုကျူတုန်း က ဗိုလ်ချုပ်သုံး ယောက်နဲ့အတူ မုန့်ဇီကို ဇန်နဝါရီလ ၁၂ ရက်နေ့မှာ ရောက်သွားတယ်။ ထန်ယောင်က မုန့်ဇီမှာ နေခဲ့ပြီး ကုကျူတုန်းနဲ့ လီမီက ရှီးခန်း ပြည်နယ် ရှီးချန်းမြို့မှာရှိတဲ့ တပ်မှူးတွေနဲ့ တွေ့ဖို့ လေယာဉ်နဲ့ ဆက်ထွက်ခဲ့ကြတယ်။ ယွီချုံဝမ် ကတော့ ဆန်းယ ကို တယောက်တည်း ပြန်သွားတယ်။
ပီအယ်လ်အေ တပ်တွေ တဟုန်ထိုး ချီတက်လာလို့ လေကြောင်းနဲ့ တပ်တွေ သယ်ထုတ်တာ မပြီးခင် ဇန်နဝါရီ ၁၅ ရက်နေ့မှာ ထန်ယောင်က ဗိုလ်ချုပ် တယောက်ကို ဆုတ်ဖို့ အမိန့်ပေးတယ်။ ကွန်မြူနစ်တွေက မုန့်ဇီမြို့ကို သိမ်းပြီး နောက်တနေ့ မနက်မှာ လေယာဉ်ကွင်းကို အခုအခံမရှိပဲနဲ့ သိမ်းလိုက်တယ်။ နောက်နှစ်ရက် အကြာ ကုကျူတုန်း နဲ့ သူ့ဗိုလ်ချုပ်တွေ ထိုင်ပေကို လေယာဉ်နဲ့ ပြန်သွားကြတယ်။ ယွီချုံဝမ် ကတော့ ဟောင်ကောင်ကို ဆက်သွားပြီး ကိုယ်ပိုင် စီးပွားရေးတွေ လုပ်ကိုင်တော့မယ်။
တပ်တော် (၈) က တပ်ကြွင်းတပ်ကျန်တွေနဲ့အတူ ထန်ယောင်ဟာ မုန့်ဇီကနေ တောင်ဘက်ကို ကြည်းကြောင်း ဆုတ်လာခဲ့တယ်။ မြစ်နီမြစ် တောင်ဘက်ရောက်ဖြတ်ပြီး တုံကင်အထိ သွားဖို့ စီစဉ်ထားတယ်။ ကွန်မြူနစ် ပျောက်ကြားတွေက မြစ်နီမြစ်ကမ်းကို အရင်ရောက်နှင့်နေကြပြီး တရုတ်ဖြူတပ်တွေ အဆုတ်ကို ကြိုပိတ်ထားလိုက်ကြတယ်။ တပ်တော် (၈) လက်အောက်ခံ တပ်မ လေးခုထဲက တခုကတော့ အစုလိုက်အပြုံလိုက် လက်နက်ချလိုက်ကြတယ်။ တပ်မနှစ်ခုကတော့ တံတား တခုကို ဖြတ်ပြီး တောင်ဘက်ကမ်းကို ရောက်သွားပြီးနောက် တံတားကို ကမန်းကတမ်း ဖျက်ဆီးလိုက်ကြတယ်။ ထန်ယောင်ရဲ့ သူရဲ့ နောက်ဆုံး တပ်မလေးခုဟာ မြစ်မြောက်ဘက်ကမ်းမှာ ကျန်ခဲ့တယ်။ ထန်ယောင်ရဲ့ ဌာနချုပ်နဲ့ တပ်မနှစ်ခုကတော့ မြစ်ကို ရအောင်ဖြတ်နိုင်ခဲ့ပေမယ့် အင်ဒိုချိုင်းနားနယ်စပ်ကို မရောက်ခင်လေးမှာပဲ အဝိုင်းခံလိုက်ရတယ်။ အနည်းငယ် ခုခံတိုက်ခိုက်မှုလောက်ပဲ ရှိခဲ့ပြီး အားလုံး လက်နက်ချလိုက်ကြတယ်။
တပ်တော် (၂၆) ကြုံတွေ့ခဲ့ရတာကလည်း သနားစဖွယ်ပါပဲ။ သူ့ဌာနချုပ်က တချို့တဝက်နဲ့ ဗိုလ်ချုပ် ယဲ့ကျိနန်ရဲ့ တပ်မ (၉၃) ဟာ မြစ်နီမြစ်ကို ဖြတ်ပြီး အင်ဒိုချိုင်းနားဘက်ကို တိုက်ရိုက်ဦးတည်လိုက်တယ်။ တပ်တော်မှူး၊ တပ်တော်ဌာနချုပ် တချို့တဝက်နဲ့ တပ်မနှစ်ခုကတော့ နောက်ကနေ အတော်လှမ်းလှမ်းကနေ လိုက်လာကြတယ်။ ပီအယ်လ်အေရဲ့ တပ်မ (၃၇) နဲ့ တပ်မ (၃၈) က နောက်ကလိုက်ဆုတ်နေ တရုတ်ဖြူ တပ်မနှစ်ခု ချေမှုန်းလိုက်လို့ စစ်သားတွေလည်း လက်နက်ချသူချ၊ ထွက်ပြေးသူ ထွက်ပြေးကုန်ကြတယ်။ တပ်တော် (၂၆) က ကျန်ခဲ့တဲ့တပ်တွေကလည်း သူတို့နဲ့ပါလာတဲ့ အရပ်သားတွေနဲ့အတူ စစ်ကြောင်း နှစ်ကြောင်းခွဲပြီး မြစ်နီမြစ်ကြောင်းအတိုင်း တုံကင်ဘက်ကို နေ့ရောညပါ ချီတက်ကြတယ်။ အရှေ့ဘက်စစ်ကြောင်းက တပ်မဲ့ တပ်မမှူး နှစ်ယောက်နဲ့ တပ်မ (၉၃) က တပ်ရင်းတရင်းဟာ ဇန်နဝါရီလကုန်မှာ တုံကင်ကို ရောက်အောင် ဖြတ်သွားနိုင်ခဲ့တယ်။ ပြင်သစ်အာဏာပိုင်တွေကို သူတို့ကို လက်နက်ဖြုတ်သိမ်းလိုက်ပြီး စစ်သား၊ အရပ်သားဝန်ထမ်း စုစုပေါင်း ၃၉၀၀ ကို ထိန်းသိမ်းထားလိုက်တယ်။ ဒါ့ကြောင့် တပ်တော်မှူးက ယဲ့ကျင့်နန်ရဲ့ စစ်ကြောင်းကို လမ်းကြောင်းပြောင်းခိုင်းပြီး မြန်မာနိုင်ငံဘက် ချီတက်ခိုင်းလိုက်တော့တယ်။
ယဲ့ကျိနန်လည်း အင်ဒိုချိုင်းနား နယ်စပ်မျဉ်းအတိုင်း အနောက်ဘက်ကို ဦးတည်လိုက်တယ်။ မြန်မာနယ်စပ်နဲ့ မိုင် ၃၀ လောက်အကွာက ဖုဟိုင် (မုန်းဟိုင်း) ကို ဖေဖော်ဝါရီလ ၁၄ ရက်နေ့မှာ ရောက်သွားတယ်။ ယဲ့ကျိနန် ဟာ လေကြောင်းကနေ သူတို့ကို လာသယ်ထုတ်နိုင်အောင် အဲဒီကနေ ခြေလျင်တပ်နဲ့ အင်ဂျင်နီယာတွေ စေလွှတ်ပြီး နန်ချောင် (မုန်းစယ်) နားမှာ လေယာဉ်ကွင်းတခု ဖောက်ခိုင်းတယ်။ ဖုဟိုင်မှာ ရှိနေတဲ့ ယဲ့ကျိနန် ဆီလာပေါင်းတာကတော့ လော်ခုန်း။ လော်ခုန်း ဟာ စာမတတ်ပေမယ့် အင်မတန်တော်တဲ့ ပျောက်ကြားတပ်ဖွဲ့ ခေါင်းဆောင်ဖြစ်တယ်။ တရုတ်−ဂျပန် စစ်ပွဲတုန်းက အတွေ့အကြုံတွေ အများကြီးရခဲ့တယ်။ သူရဲ့စစ်သားအတော်များများက တပ်မ (၉၃) က စစ်သားဟောင်းတွေ ဖြစ်ပြီးတော့ ဂျပန်နဲ့တိုက်တဲ့စစ်ပွဲအပြီး ယူနန် အနောက်တောင်ဘက်မှာ အခြေချ နေထိုင်ခဲ့သူတွေပဲ။
ဗိုလ်မှူးကြီး လီကော်ဟွေး ရဲ့ တပ်ရင်းကြီး (၇၀၉) ကတော့ တပ်တော် (၈) ထဲက အင်အားအများဆုံးနဲ့ စစ်မြေပြင်မှာ ကျန်ခဲ့တဲ့ တပ်ဖြစ်တယ်။ တပ်တော်ပင်မစစ်ကြောင်းရဲ့ အနောက်တောင်ဘက်မှာ ရှိနေခဲ့ပြီး မြစ်နီမြစ်နားမှာ ကွန်မြူနစ်တွေ လာလိုက်တုန်းက လွတ်လာခဲ့တာ။ အင်ဒိုချိုင်းနားဆီကို ဦးတည်ပြီး တောင်ဘက်စူးစူး ဆုတ်လာတဲ့ လီကော်ဟွေး ဟာ တပ်တော် (၈) က တခြားတပ်တွေနဲ့ ပေါင်းမိပြီးတော့ ဖုဟိုင်ဘက်ကို လှည့်ထွက်လာခဲ့ပြီး ယဲ့ကျင့်နန်တို့နဲ့ ဆုံခဲ့ကြတယ်။ နောက်ထပ် လွတ်မြောက်လာတဲ့ တပ်တော် (၈) က တပ်ရင်းကြီးတခုကတော့ ပြင်သစ်နိုင်ငံမှာ ပညာသင်ခဲ့တဲ့ ဥပဒေပါမောက္ခ ဒေါက်တာ တင်းဇူရှောက် ပါတဲ့တပ်ရင်းကြီးဖြစ်တယ်။ တင်းဇူရှောက်ဟာ ချန်ကေရှိတ်ရဲ့ သစ္စာခံ တယောက်ဖြစ်ပြီး တက်ကြွတဲ့ ဆော်ဩသူဖြစ်ပြီးတော့ လူဟန့် ဘက်ပြောင်းတဲ့အချိန်က ပိတ်မိသူ ဖြစ်ပါတယ်။ ပါမောက္ခနဲ့ သူ့မိသားစုဟာ ၁၉၄၉ နွေဦးတုန်းက ရေကြောင်းကနေ ထိုင်ဝမ်းကို ရောက်သွားပြီးသားပါ။ ဒါပေမယ့် ယူနန်အနောက်ပိုင်းမှာ ကွန်မြူနစ်ဆန့်ကျင်ရေးဖြစ်အောင် လှုံ့ဆော်မယ်ဆိုပြီး ပြည်မကြီးကို ပြန်လာခဲ့သူပါ။ ပြင်သစ်စကားပြောတတ်တဲ့ ဒေါက်တာတင်းနဲ့ ဗီယက်နမ် အမျိုးသားရေးဝါဒီ ဒါဇင်ပေါင်းများစွာဟာ လီကော်ဟွေးကို တုံကင်ဘက်ဝင်ပြီး အင်ဒိုချိုင်းနားကနေ ဆက်တိုက်ဖို့ တိုက်တွန်းကြပါတယ်။ လီကော်ဟွေးရဲ့ တပ်ရင်းကြီး (၇၀၉) နဲ့ အတူလိုက်လာတဲ့ တပ်ရင်းကြီးက တပ်ရင်းတရင်းဟာ ထွက်ပြေးပြီး တုံကင်ဘက် ဖြတ်သွားပါတယ်။ အဲဒီတပ်ရင်းကြီးမှူးကလည်း ထွက်ပြေးသွားတဲ့သူ့တပ်ကို ပြန်ခေါ်မယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ သူ့တပ်ကုန်ခေါ်ပြီး တုံကင်ဘက်ကို သွားတော့ ပြင်သစ်တွေက ထိန်းသိမ်းထားတာ ခံလိုက်ရတယ်။ ဒေါက်တာတင်းလည်း လီကော်ဟွေးနဲ့ အတူ ကျန်ခဲ့တယ်။ လီကော်ဟွေးကတော့ နောက်ထပ်တပ်ပြေးတွေ မရှိအောင်လို့ သူ့အမိန့်မနာခံတဲ့သူတွေကို ပစ်သတ်မယ်လို့ ခြိမ်းချောက်ပါတယ်။
မြန်မာနိုင်ငံ ရှမ်းပြည်နယ်မှာ ခိုလှုံခြင်း
လီကော်ဟွေးနဲ့အဖွဲ့ဟာ ယဲ့ကျိနန်တို့နဲ့ ဖေဖော်ဝါရီ ၁၆ ရက်နေ့ ဖုဟိုင် (မုန်းဟိုင်း) မှာ ပေါင်းမိကြတယ်။ အဲဒီဒေသက အစဉ်အလာအတိုင်း အုပ်ချုပ်တဲ့ ထူဆူး (စော်ဘွား)9 က လိုလိုလားလားကြိုဆိုတာကို တွေ့ရတယ်။ တရုတ်ဖြူတပ်တွေအနေနဲ့ အရေးတကြီး ပြင်ဆင်စရာလိုတာကတော့ မုန်းစယ်နားမှာ လေယာဉ်ဖောက်ဖို့ပါပဲ။ ဒါမှ တရုတ်ဖြူလေတပ် လေယာဉ်တွေ သူတို့တပ်တွေနဲ့အပြင် အတူရှိနေတဲ့ အမျိုးသားကာကွယ်ရေးဝန်ကြီးဌာနက အရာရှိတွေကို လာသယ်ထုတ်နိုင်မှာ။
ကွန်မြူနစ်ပျောက်ကြားတွေက လေယာဉ်ကွင်းကို တိုက်ဖို့အသင့်ဖြစ်နေပြီလို့ သိလိုက်ရတဲ့အချိန်ကြမှ လီကော်ဟွေးရဲ့ တပ်ရင်းကြီးကို မုန်းဟိုင်းမှာ ထိန်းထားဖို့ ချန်ခဲ့ပြီး ယဲ့ကျိနန်က မရှိသုံး တပ်ရင်းနှစ်ရင်းနဲ့ လော်ခုန်းရဲ့ စစ်ဝန်ထမ်းတပ်တွေကို ခေါ်ပြီး အချိန်နှောင်းမှ မုန်းစယ်ဘက်ကို ထွက်လာတယ်။ တရုတ်ဖြူတပ်တွေ ရောက်မလာခင် ဖေဖော်ဝါရီလ ၁၇ ရက်နေ့ အရုဏ်ဦးမတိုင်ခင်မှာပဲ ကွန်မြူနစ်တွေက ဝင်တိုက်ပြီး လေယာဉ်ကွင်းကို သိမ်းတယ်။ မုန်းဟိုင်းကိုလာနေတဲ့ တရုတ်ဖြူလေတပ် လေယာဉ်တွေလည်း နောက်ပြန်လှည့်သွားလို့ ယဲ့ကျိနန်နဲ့ သူ့တပ်တွေကလည်း လေယာဉ်ကွင်းက ဆုတ်ပြီး အနောက်တောင်ဘက်ရှိ မြန်မာနိုင်ငံကို ဦးတည်လိုက်တယ်။
နှစ်ရက်လောက် အတင်းချီတက်လိုက်ကြတာ ယဲ့ကျိနန် တို့ ပရမ်းပတာအဖွဲ့ဟာ ကျိုင်းတုံနယ်ထဲကို ရောက်လာကြတယ်။ ကျိုင်းတုံနယ်ဟာ မြန်မာနိုင်ငံက ရှမ်းနယ် ၃၃ နယ်မှာ အကြီးဆုံးနယ်ဖြစ်တယ်။ ရှမ်းနယ်တွေကို စော်ဘွားလို့ခေါ်တဲ့ မင်းတွေအုပ်ချုပ်တယ်။ ယူနန်ဘက်က ထူဆူးတွေနဲ့ အဆင့်အတန်း တူတယ်။ သူ့တပ်တွေကို မြန်မာနိုင်ငံနယ်နမိတ် အတွင်းပိုင်း ၂၅ မိုင်လောက်မှာ ရှိတဲ့ မိုင်းယန်းမြို့မှာ ထားခဲ့ပြီး ယဲ့ကျိနန် နဲ့ သူ့အကြီးတန်းဦးစီးအရာရှိတွေ၊ အမျိုးသားကာကွယ်ရေး ဝန်ကြီးဌာနက ထောက်လှမ်းရေးအရာရှိတွေနဲ့အတူ မြို့တော်ဖြစ်တဲ့ ကျိုင်းတုံကို ခရီးဆက်ခဲ့တယ်။ ကျိုင်းတုံရောက်တော့ ရဲတပ်ဖွဲ့က သူတို့ကိုဖမ်းတယ်။ ဒေသခံတရုတ်လူမျိုးတွေက “အာမခံ” ပေးလို့ ပြန်လွတ်လာတယ်။ ပြန်လွတ်လာတဲ့ တရုတ်ဖြူ အရာရှိကြီးတွေဟာ ကားငှားပြီး တောင်ဘက်ကို ဆက်ထွက်လာပြီး မြန်မာနယ်စပ်မြို့ဖြစ်တဲ့ တာချီလိတ်ကနေ တဆင့် ထိုင်းနိုင်ငံဘက်က မယ်ဆိုင်ကို ရောက်သွားတယ်။ အဲဒီကနေတဆင့် ဘန်ကောက်ကိုသွားတယ်။ ဘန်ကောက်က တရုတ်သမ္မတနိုင်ငံ စစ်သံမှူးက သူတို့တွေ ထိုင်ဝမ်းကို သွားနိုင်အောင် လေယာဉ်စီစဉ်ပေးတယ်။

မြေပုံ (၁) မြန်မာနိုင်ငံသို့ ဝင်ရောက်လာခြင်း၊ ၁၉၅၀ ဇန်နဝါရီလ−ဖေဖော်ဝါရီလ
မုန်းဟိုင်းမှာ ကျန်ခဲ့ပြီး ဘာစီမံချက်မှ မရှိတော့တဲ့ လီကော်ဟွေး လည်း ဖေဖော်ဝါရီလ ၂၅ ရက်နေ့မှာ ကျိုင်းတုံဘက်ကို သွားဖို့ထွက်လာတယ်။ အဲဒီနေ့မှာပဲ ပီအယ်လ်အေတပ်တွေ ခွန်းမင်မြို့ကို တရားဝင် ဝင်ရောက်လာကြတယ်။ လီကော်ဟွေးနဲ့အတူ လူ ၆၀၀ လောက်ပါတယ်။ သူ့ တပ်ရင်းကြီး (၇၀၉) က စစ်သားတွေ၊ စစ်ဝန်ထမ်းတွေ၊ မှီခိုသူတွေ၊ မာပန်း10 လို့ခေါ်တဲ့ ဒေသခံ မြင်းဝန်တင်သမားတွေ ရောကောသောကောပဲ။ သူ့ရဲ့မှတ်တမ်းစာအုပ်ထဲမှာတော့ မြန်မာနိုင်ငံဘက်ကို ရောက်တဲ့အခါမှာ သူ့အနေနဲ့ ယူနန်ကို ပြန်ပြီး ကွန်မြူနစ်တွေကို တိုက်ချင်တဲ့စိတ်ပဲရှိတယ်လို့ ရေးထားတယ်။ ဒါပေမယ့် သူ့လူတွေကတော့ တိုက်နိုင်ခိုက်နိုင်တဲ့ အခြေအနေမရှိတော့ဘူး။ ရောက်တဲ့နေရာမှာပဲ လုံလုံခြုံခြုံ မနေနိုင်တော့လို့ နယ်စပ်ကိုပဲ ဖြတ်ဝင်လာကြတော့တယ်။ အဲဒီတုန်းက နယ်နမိတ်မျဉ်းတွေဟာ အငြင်းပွားမှုတွေ ရှိနေဆဲဖြစ်ပြီး တိတိကျကျလည်း သတ်မှတ်ထားတာ မရှိသေးဘူး။ သူနဲ့ သူ့စစ်သားတွေဟာ ညပိုင်းကို အဓိကထား ချီတက်ရင်းနဲ့ မိုင်းဖုန်း ဆိုတဲ့ ရွာကလေးကို ရောက်သွားကြတယ်။ မဲခေါင်မြစ်နဲ့ နမ့်ဟုတ်ချောင်း ဆုံတဲ့နေရာနားက မြန်မာနိုင်ငံပိုင်နက်ထဲ ရှိတဲ့ ရွာ။ ထိုင်းနိုင်ငံ၊ လာအိုနိုင်ငံတို့နဲ့လည်း နယ်နမိတ်ချင်း ထိစပ်နေတဲ့နေရာ။ အဲဒီသုံးနိုင်ငံထိစပ်နေတဲ့ဒေသကို မြေပုံ (၁) မှာ ပြထားတယ်။ “ရွှေတြိဂံ” လူသိများပြီး အရှေ့တောင်အာရှရဲ့ မူးယစ်ဆေးဝါး ကူးသန်းရောင်းဝယ်ရေးရဲ့ ဗဟိုအချက်အခြာ ဖြစ်လာတယ်။
ပြန်လည်ထူထောင်ရေးတပ်တော် မွေးဖွားလာခြင်း
ယဲ့ကျိနန် ထွက်သွားတော့ တပ်မ (၉၃) ရဲ့ စစ်ဦးစီးအရာရှိချုပ် ဟိုရှုချွမ်းက အကြီးဆုံး တရုတ်ဖြူ အရာရှိ အနေနဲ့ ကျိုင်းတုံနယ်မှာ ကျန်ခဲ့တယ်။ အင်အားပြည့်တပ်ရင်း တရင်း၊ တစစီဖြစ်နေတဲ့ တခြားတပ်တွေနဲ့ လော်ခုန်းရဲ့ စစ်ဝန်ထမ်းတွေကို သူကပဲ ကွပ်ကဲနေရတယ်။ မိုင်းဖုန်းကို အရောက်မှာ တပ်တော် (၂၆) က ကျန်နေတဲ့သူတွေကို သူ့လက်ထောက်ရဲ့ တပ်ရင်းကြီး (၂၇၈) ထဲနဲ့ တပ်တော် (၈) က တပ်တွေကို လီကော်ဟွေးရဲ့ တပ်ရင်းကြီး (၇၀၉) ထဲ အသီးသီး ပေါင်းထည့်လိုက်တယ်။ တာချီလိတ်ကို ထောက်လှမ်းရေးတွေ လွှတ်ပြီး သတင်းစုခိုင်းတယ်။ ဒေသတွင်းမှာ နေထိုင်ကြတဲ့ ပင်လယ်ရပ်ခြား တရုတ်လူမျိုးတွေဆီက ရန်ပုံငွေရအောင် တောင်းတယ်။ ချမ်းသာကြွယ်ဝတဲ့ ဘိန်းကုန်သည်တွေဆီကလည်း တောင်းတယ်။ ထိုင်ပေကလည်း ယဲ့ကျိနန်ရဲ့ စစ်ဦးစီးအရာရှိချုပ်ကို တရုတ်ဖြူ တပ်မှူးကြီး အသိအမှတ်ပြုပြီး မတ် ၂၀ ရက်နေ့မှာ ဘန်ကောက် တရုတ်သမ္မတနိုင်ငံ စစ်သံမှူးကနေ တဆင့် ဘတ်ငွေ ၅၀,၀၀၀ (အမေရိကန် ဒေါ်လာ ၂,၅၀၀) ပို့ပေးတယ်။ တခြားအကူအညီ တောင်းတာတွေကိုတော့ ငြင်းလိုက်တယ်။ မြန်မာနိုင်ငံမှာ ရောက်နေတဲ့ သူတို့တပ်တွေအနေနဲ့ လိုအပ်တဲ့ ထောက်ပံ့ရေးပစ္စည်းတွေကို ယူနန်မှာရှိတဲ့ ရန်သူတွေဆီက သိမ်းယူဖို့ အမျိုးသားကာကွယ်ရေးဝန်ကြီးဌာနက ညွှန်ကြားလိုက်တယ်။ အဲဒီအတောအတွင်း မတ်လ ၁၂ ရက်နေ့မှာ လီကော်ဟွေးဟာ ဟောင်ကောင်မှာ ရှိတဲ့ လီမီ ဆီကို ကြေးနန်းရိုက်ပြီး ကျိုင်းတုံနယ်မှရှိတဲ့ သူတို့တပ်တွေအားလုံးကို သူကကွပ်ကဲဖို့ ခွင့်တောင်းတယ်။ အမှန်ဆိုရင် သူ့မှာ အဲဒီလို တောင်းခံဖို့ အခွင့်အာဏာမရှိဘူး။
မိုင်းဖုန်းမှာရှိနေတဲ့ သူတို့တပ်တွေကို ပြန်လည်ထူထောင်ရေးတပ်တော်လို့ နာမည်ပေးတယ်။ တရားတော့ မဝင်ဘူး။ ခေါင်းဆောင်လည်းမရှိဘူး။ မြန်မာနိုင်ငံကို ရောက်နေတဲ့ တပ်တွေနဲ့ ပတ်သက်ပြီး အမျိုးသားကာကွယ်ရေးဝန်ကြီးဌာနကလည်း ဘာလုပ်လို့ ဘာကိုင်ရမှန်း မသိဘူး။ တကွဲတပြားစီ နောက်ကျန်နေတဲ့ စစ်သားတွေ၊ ဒုက္ခသည်တွေကို စုစည်းရင်းနဲ့ပဲ ၁၉၅၀ မတ်လနှောင်းပိုင်းမှာ ပြန်လည်ထူထောင်ရေးတပ်တော်ဟာ စစ်သား၊ စစ်ဝန်ထမ်းနဲ့ သယ်ယူပို့ဆောင်ရေးဝန်ထမ်း အင်အား ၁,၈၀၀ လောက်အထိ စုမိပြီး ပျောက်ကြားစစ်ကြောင်း သုံးကြောင်းဖွဲ့လိုက်တယ်။ တပ်တော် (၈) နဲ့ တပ်တော် (၂၆) က စုပေါင်းစပ်ပေါင်းတပ်တွေနဲ့ စစ်ကြောင်း တကြောင်းစီနဲ့ လော်ခုန်းရဲ့ စစ်ဝန်ထမ်းပျောက်ကြား စစ်ကြောင်း တကြောင်းဆိုပြီးပါတယ်။ တပ်တွေကို မည်ကာမတ္တ ကွပ်ကဲနေတဲ့ တပ်မှူးက ထိုင်ဝမ်းကို ပြန်နိုင်ဖို့ပဲ လမ်းကြောင်းရှာနေတော့ အလျှော့မပေးဘဲ ရက်စက်တတ်တဲ့ လီကော်ဟွေးက တပ်တွေကို လက်တွေ့ဦးဆောင်နေတဲ့ တပ်မှူးဖြစ်လာခဲ့တယ်။
အောက်ခြေမှတ်စုများ
- အရင်က အင်္ဂလိပ်ဘာသာနဲ့ရေးထားတဲ့ စာအုပ်အတော်များများမှာ အရှေ့တောင်အာရှက ချန်ကေရှိတ်ရဲ့ အမျိုးသားရေးဝါဒီ တရုတ်တပ် အမြဲတမ်းတပ်၊ အရံတပ် အားလုံးကို ခြုံငုံပြီး ကေတီအမ် တို့ အတိုကောက် ရည်ညွှန်းကြတယ်။ ကေတီအမ် ဆိုတာ တရုတ်အမျိုးသားပါတီ သို့မဟုတ် ကူမင်တန်ရဲ့ အတိုကောက် ဖြစ်တယ်။ ဒီစာအုပ်မှာတော့ နာမည်တွေကို အကြောင်းအရာအလိုက် သင့်လျော်သလို သုံးသွားပါမယ်။ (ဘာသာပြန်သူကတော့ အများသိထားတဲ့ တရုတ်ဖြူဆိုတဲ့ အသုံးကို အများဆုံး သုံးသွားပါ့မယ်။)
- ချန်ကေရှိတ်ဟာ ယူနန်ဘုရင်ခံ လုံယွင် ကို ချုံချင့်ကို ခေါ်သွားတယ်၊ နောက်မှ နန်ကျင်းကိုရွှေ့လိုက်တယ်။ အဲဒီမှာ သူ့ကို စစ်ရေးအကြံပေးအဖွဲ့ ဥက္ကဋ္ဌရာထူးပေးထားတယ်။ ဘာအာဏာလုပ်ပိုင်ခွင့်မှ မရှိတဲ့ ရာထူးဖြစ်တယ်။
- တရုတ်ဖြူ တပ်မှူးတွေဟာ ပုံမှန်အားဖြင့် သူတို့ရဲ့ စစ်သားအင်အားကို စာရင်းပိုပြီးပြကြပါတယ်။ ဗဟိုအစိုးရက စစ်သားအင်အား အပေါ် မူတည်ပြီး လစာ၊ ပြုပြင်ထိန်းသိမ်းခနဲ့ တခြား ကုန်ကျစရိတ်တွေ ထုတ်ပေးပါတယ်။ ဒါကြောင့် တကယ်မရှိတဲ့ “တစ္ဆေစစ်သားတွေ” အတွက် ငွေတွေက တပ်မှူးတွေအိပ်ထဲ အကုန်ရောက်ပါတယ်။
- Civil Air Transport, နောက်ပိုင်းမှာ အဲအမေရိက ဆိုပြီးဖြစ်လာတယ်။ စီအိုင်အေက ပိုင်တဲ့ ကုမ္ပဏီဖြစ်ပြီးတော့ တရုတ်သမ္မတနိုင်ငံမှာ မှတ်ပုံတင်ထားတယ်။
- ဖုန်ဇူရှီး
- လူဟန့် က လီမီရဲ့ဇနီး လုံဟွေ့ယွိ ကို ၂/၂၅/၁၉၅၀ မှာ ဘေးမသီရန်မခ ပြန်လွှတ်ပေးခဲ့တယ်။ ပီအယ်လ်အေတပ်တွေ ခွန်းမင်မြို့ကို တရားဝင် ဝင်ရောက်လာတဲ့နေ့မှာ ဖြစ်တယ်။
- ယွီချုံဝမ် ဟောင်ကောင်ရောက်တဲ့အခါ လူဟန့် ရဲ့ သားတယောက်က ငွေသားသွားရောက်ပေးအပ်ခဲ့ရတယ်လို့ ဆိုပါတယ်။
- ၁၉၅၀ မတ်လနှောင်းပိုင်းအထိ ကွန်မြူနစ်တပ်တွေက ရှီးခန်း ပြည်နယ်ကို အပြည့်အဝ မထိန်းချုပ်နိုင်သေးပါဘူး။ နောက်ပိုင်းမှာ ရှီးခန်းပြည်နယ်ကို ယန်ဇီမြစ်နဲ့ နှစ်ပိုင်းခွဲလိုက်ပြီး အနောက်ဘက်ပိုင်းကို တိဘက် ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသနဲ့ ပေါင်းလိုက်ပြီး အရှေ့ဘက်ပိုင်းကို စီချွမ်ပြည်နယ်ထဲ ထည့်လိုက်ပါတယ်။
- ပေကျင်းဟာ အနောက်ဘက်နဲ့ အနောက်တောင်ဘက်နယ်ခြားဒေသတွေကို ဒေသခံမင်းတွေ အကြီးအကဲတွေက တဆင့် သွယ်ဝိုက်အုပ်ချုပ်ပါတယ်။ ဒီအုပ်ချုပ်သူတွေဟာ သားစဉ်မြေးဆက် ရာထူး ဆက်ခံပိုင်ခွင့်ရှိပါတယ်။ တရုတ်လို ထူဆူး လို့ခေါ်ပြီး ဧကရာဇ်ကိုယ်စား အုပ်ချုပ်ရပါတယ်။ ဗဟိုက ဝင်ရောက်စွပ်ဖက်မှု မရှိသလောက်ပါပဲ။ မြန်မာနိုင်ငံဘက်က သားစဉ်မြေးဆက် ရာထူးဆက်ခံနိုင်တဲ့ အုပ်ချုပ်သူတွေကို စော်ဘွား/စဝ်ဖ လို့ ရှမ်းပြည်နယ်မှာ ခေါ်ကြပါတယ် (ကရင်နီ၊ ‘ဝ’ နဲ့ ကိုးကန့် ဒေသတွေလည်း ပါပါတယ်)။
- တရုတ်စာမှာ “မာ” ဆိုတာ မြင်းဖြစ်ပြီးတော့၊ “ပန်း” ဆိုတာကတော့ ဂိုဏ်း ဒါမှမဟုတ် လူစု လို့ ဆိုပါတယ်။ မာပန်းတွေဟာ လက်နက်ကိုင်ဆောင်ပြီး နယ်စပ်ဒေသတွေမှာ မြင်းဝန်တင် ကုန်သွယ်ရေး လုပ်ငန်းတွေ လုပ်ပါတယ်။
Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar