လင်းလက်နွေဦး - အရိပ်ဆိုး
အရိပ်ဆိုး
လင်းလက်နွေဦး
(မိုးမခ) သြဂုတ် ၁၆၊ ၂၀၂၁
ကိုဗစ်ဖြစ်တာ (၁၈)ရက်မြောက်ပဲရှိသေးတာမို့၊ လူက မူးနောက်နောက်နဲ့ပဲ ရေးလိုက် နား လိုက်နဲ့ ဒီစာကိုရေးလိုက်ပါတယ်။ စာအကျအပေါက်ရှိရင်လည်း ခွင့်လွှတ်။
လှဲအိပ်လို့မရတဲ့ နေ့တွေ၊ ညတွေ၊ တကိုယ်လုံးကိုင်ရိုက်ထားသလိုနေ့တွေ ကျော်ဖြတ်ခဲ့ရ တယ်။ လားရာဂတိကောင်းအောင်၊ တရားနှလုံးသွင်းကြည့်တယ်၊ ကိုယ့်ကိုကိုယ် ဆုံးမကြည့်တယ် ပေါ့၊ တကယ်ဖြစ်တော့ မရပါဘူး။ တမဂ်တဖိုလ်လောက်ရထားရင်တော့ တမျိုးပေါ့။ အဲသလို ကိုး လိုးကန့်လန့်ကြီး ဖြစ်နေလေတော့၊ ယူကျူ့ထဲကနေ တရားနာကြည့်ပါတယ်။ တရားနာရင်း အိပ်လေ့ ရှိတဲ့အထဲက တနေရာမှာ ခိုနားရမယ့် အေးရိပ်တွေအကြောင်း ကောင်းကောင်းနာကြား လိုက်ရပါ တယ်။
‘ပူလောင်စရာမှန်သမျှကို ကာကွယ်ပေးတတ်လို့ အရိပ်’လို့ ခေါ်ပါသတဲ့။ အရိပ်ဆိုတာ အေးမြခြင်းပေါ့လေ။ ‘သစ်ပင်၊ ဆွေမျိုးမိဘ၊ ဆရာသမား၊ မင်းကောင်းမင်းမြတ်၊ ရတနာသုံးပါးတို့’ရဲ့ အရိပ်တွေ။ ငါးမျိုးရှိပါတယ်။ သစ်ပင်ဝါးပင်ရိပ်က တခဏတာ အေးတာ၊ မိဘဆွေမျိုးရဲ့ အရိပ်က ပိုအေးတယ်။ ခေတ်စကားနဲ့ပြောရရင် ဘတ်ဂဒေါင်းကောင်းတယ်ဆိုတာ ရှိတယ်နော်။ ဆွေဂုဏ် မျိုးဂုဏ်ကလည်း ဘတ်ဂဒေါင်းပါပဲ။ ဒါကြောင့် မြတ်ဘုရားက မာန/ မာန်တွေအကြောင်း ဟောတဲ့ အခါ ‘ဇာတိပုည ဂုဏ်မာန’ လို့ ထည့်ဟောထားပါတယ်။ ဒီလိုဆွေမျိုးတောင့်တင်းခြင်း၊ တောင့်တင်း တဲ့ဆွေမျိုးအချင်းချင်းညီညွတ်ခြင်းတွေဟာ တကယ့်အေးရိပ်ပါပဲ။ ကျနော်က ဇာတိရွာတရွာ၊ အဖေ က နှစ်ရွာ၊ အမေက တရွာ။ အဖေ့ အဖေက တရွာ၊ အမေက တရွာ၊ မတူကြပါဘူး။ အဲတော့ အဖေက နှစ်ရွာဆိုင်ပေါ့။ အမေ့အဖေနဲ့အမေက တရွာထဲသားချင်း ညားထားတော့၊ တစ်ရွာဆိုင်။ ကျနော်ကျ တော့ အဲဒီသုံးရွာနဲ့ မဆိုင်ဘဲ၊ နယ်မြို့လေးတစ်မြို့မှာ ပြောင်းရွေ့အခြေချရင်း မွေးခဲ့တော့၊ ကျနော်က တရွာသား တမြို့သားပေါ့လေ။ ပြောရရင် ဆွေမျိုးအုံရော၊ ရွာဆွေရွာမျိုးတွေရော ပေါတယ်။ စီဒီအမ် ဝန်ထမ်းတွေလိုက်ဖမ်းနေတယ်ကြားတော့ ဟိုက ဒီက ဖုန်းတွေဆက်ကြ၊ ရွာခေါ်ထားကြနဲ့၊ ပျော်စရာ တောင် ဖြစ်ခဲ့သေးတယ်။ အေးပါ့၊ အေးပါ့၊ ဆွေမျိုးရိပ်တွေ။
ဒီလိုအေးတဲ့အရိပ်ကလည်း ပူချိန်တန်တော့ ပူတာပါပဲ။ တနေ့က ဝမ်းကွဲညီမတစ်ယောက် ဆုံးရှာတယ်။ ကိုဗစ်ပါပဲ။ ဖြစ်နေပြီဆိုကတည်းက ဝေးဝေးကနေတောင် လူမမာမမေးကြတော့ ပါဘူး။ ညီမက အားကိုးမရှိတိုင်း ဖုန်းဆက်ခေါ်၊ ကျနော်ကလည်း ကိုဗစ်ကြီးနဲ့၊ သက်သာခါစ၊ သတ္တိ မွေးပြီးသွားရတာပါပဲ။ ကျန်းမာရေးဝန်ထမ်းဆိုတော့ အားကိုးရှာတယ်၊ ကျနော်ကလည်း ဆရာတွေ နဲ့တိုင်ပင်ပြီး ကုသပေးတာပါပဲ။ အောက်ဆီဂျင်လိုအပ်ချက်ကြောင့် သူတို့အိမ်သားတွေခမျာ အလုပ် တွေ ရှုပ်။ ခေါင်ခိုက်နေတဲ့ ဆေးဝါးတွေကြောင့် ကျနော်ပါ ခေါင်းတွေကိုက်ပေါ့။
‘လိုတဲ့ဆေး ဝယ်ဖို့ ခွဲတမ်းနဲ့ ဝယ်ခွင့်ရဖို့
တစ်နေ့စာ တစ်ယောက်စာ
အသက်ကို ချိန်စက်နေရ’
ဆေးတွေ ဘယ်လောက်ရှားသလဲဆိုရင်၊ ဆေးဆိုင်တွေ တော်တော်များများ ပစ္စည်းပြတ်လို့ ပိတ်ထားရတယ်။ ဖွင့်တဲ့ဆိုင်တွေမှာလည်း တန်းစီစောင့်ရတယ်။ တစ်ယောက်ကို ငါးကတ်၊ တစ်ဗူး၊ ဆယ်လုံး အဲလိုမျိုး ခွဲတမ်းနဲ့ဝယ်ရတယ်။ အိမ်တအိမ်မှာ လူနာရှိရင်၊ အိမ်သားတယောက်က မိုင် ၄-၅၀ ဝေးတဲ့မြို့ပေါ် တနေ့တခါ ဆေးတက်ဝယ်ရတယ်။ အောက်ဆီဂျင်လည်း ဒီအတိုင်းပဲ၊ ညီမခမျာ အောက်ဆီဂျင်မဝတဝနဲ့ ရက်အကြာကြီး တောင့်ခံခဲ့ရတယ်။ ရက်(၂၀)ပြည့်မှ သေရတာ။ သေခါနီး တော့၊ အောက်ဆီဂျင်မရှူနိုင်တော့မှ အကြွေးနဲ့ အောက်ဆီဂျင်ထုတ်စက်ဝယ်လိုက်တယ်။ အကြွေး ၁၈ သိန်းသာ တင်သွားတယ်၊ အသက်အဖက်မတင်ဘူး။ မသေခင် တစ်နေ့က မေးရှာတယ်၊ အစ်ကို ပိုက်ဆံရှိလားတဲ့၊ ကျနော်မျက်ရည်ဝိုင်းသွားတယ်၊ တကယ်ပါ၊ ကျနော့်မှာ ခြောက်သောင်းကျပ်ပဲ ရှိ တာပါ။ ကျနော်ကုနေတဲ့ဆေးတွေက ရန်ကုန်က ဆရာဝန်တယောက်က လှူပေးတာ။ ပို့ပေးလိုက် တာ။
အေးပါတယ်ဆိုတဲ့ မိဘဆွေမျိုးအရိပ်ကလည်း အကန့်အသတ်နဲ့ပါလား။
ဒီနှစ်ဖေဖော်ဝါရီမှာ စီဒီအမ်လုပ်လိုက်တော့၊ ကာကွယ်ဆေးက တစ်ကြိမ်တည်း ထိုးခဲ့ရ တယ်။ ခုလက်ရှိရောက်နေတဲ့မြို့နယ်မှာတော့ မြို့နယ်ဆရာဝန်က စီဒီအမ်မလုပ်ပေမယ့် ကာကွယ် ဆေးတွေကို စစ်ကောင်စီမအပ်ရခင် တမြို့နယ်လုံးက ကျန်းမာရေးဝန်ထမ်းတိုင်းကို ထိုးပေးခဲ့သတဲ့။ ကျနော်တို့ဆရာကြီးကတော့ ပြောင်ပြောင်ကြီး ဘောမလွန်းပါတယ်။ ကိုဗစ်ရှီးတွေကို ပြန်အပ်၊ တရုတ်ဆေးတွေပဲ ထိုးပေးပါတယ်။ ဒါကြောင့် မြတ်စွာဘုရားဆိုလိုတဲ့ ‘ဆရာသမား’ ဆိုတာက လောကီဆရာထက်စာရင် လောကုတ္တရာဆရာတွေပါ။ တဘဝစာမက တသံသရာလုံး အေးမြစေလို့ မိဘနှစ်ပါးထက် ဆရာတွေရဲ့ အေးရိပ်က သာတယ်လို့ ဆိုပါတယ်။
တဖက်မှာလည်း အစိုးရဆိုတာကို တွေးကြည့်မိပါတယ်။ တိုင်းသူပြည်သား လူရှင်အများတို့ ရဲ့စိတ်နှလုံးကို ရွှင်ပြုံးစေတတ်လို့ အစိုးရလို့ ခေါ်ပါတယ်။ နို့ပေမယ့် ‘မင်းကောင်းမင်းမြတ်’ ဆိုတာ ကြီးတော့ မွေးကတည်းကနေ၊ အခု အသက် ၄၀ ကျော်ထိ တို့ထိခံစားဖူးတယ်လို့ မရှိသေးဘူး။
ကျနော့်ထက် အသက်ကြီးတဲ့သူတွေကို မေးကြည့်ပါတယ်၊ သူတို့က ပိုဆိုးတယ်၊ အသက်က ဘားဆုံး နေပြီ၊ မင်းကောင်းမင်းမြတ် မပေါ်သေးဘူးတဲ့။ ရှေးတုန်းကတည်းက မြန်မာတွေ ငတ်ခဲ့ရတဲ့ အာဟာရဆိုတာ အစိုးရကောင်းတစ်ရပ်ပါပဲ။ ‘ကိုယ့်အရှင် ကိုယ့်သခင်ကို မျှော်မှန်းရည်၊ ယနေ့တိုင် မမေ့နိုင်ပါတော့အတည်’ သာ အကောင်းလုပ်ဆိုနေရတာ၊ အဲဒီသက်ဦးဆံပိုင်ဘုရင်တွေလက်ထက် ကလည်း မကောင်းခဲ့ပါဘူး။
အဲဒီသက်ဦးဆံပိုင်ကမှ အလျှောက်ကောင်းရင် အထောင်းသက်သာလိမ့်ဦးမယ်။ ဘုရင်ခပ် တုံးတုံးဆိုရင် သမီးလေး၊ နှမလေး ပေးပြီး ရွှေလမ်းငွေလမ်းဖောက်လို့ ရလိမ့်ဦးမယ်။ လက်နက်ကိုင် အာဏာရှင်စစ်အစိုးရတွေကတော့ စာလည်း ပိုတတ်၊ ပိုလည်း ညစ်ပတ်တယ်။ နိုင်ငံခြားပညာတွေ သင်ထားတာကိုး။ သိသိသာသာ ဗြောင်လုထားတာတွေက အများကြီး၊ မသိမသာ ခိုးထားတာတွေက လည်း မိုးအဆုံးမြေအဆုံး။ မြေအောက်မြေပေါ် သံယံဇာတတွေလည်း သူခိုးဈေးနဲ့ ရောင်းစား၊ ရသမျှ အခွန်အတုတ်မှန်သမျှ အိပ်ထဲထည့်၊ ရှေးဘုရင်ခေတ်တုန်းကမှ ဘယ်မြို့စား ဘယ်ရွာစား ဆိုပြီး ခွဲတမ်းမျှပေးသေးတယ်၊ ဒီလူတွေကတော့ ခါးပိုက်ထဲချည်း ထည့်တာပဲ။ ခရိုနီတွေနဲ့ တွဲပြီး ကုမ္ပဏီတွေ ထောင်၊ သားသမီးမြေးမြစ်နာမည်တွေနဲ့ လုပ်ငန်းတွေ လုပ်၊ စီးပွားရေး အုပ်စုကြီးတွေ ထူထောင်ပေါ့လေ။ ဗွက်ပေါက်နေတာပါပဲ။ ပြည်သူတွေခမျာတော့ လှေစီးရင်း ရေငတ်ပေါ့။ လှေ ကလည်း အငြိမ့်လေး လှေပေါ်တက်ထိုင်နေရတာ မဟုတ်ဘူး၊ လက်လေးတဖက်က လှေနံကို ကိုင်၊ ကျန် တကိုယ်လုံးက ရေထဲကနေ ကူးခက်နေရရဲ့။ နိုင်ငံသားအဖြစ် အသိအမှတ် ပြုရုံလေးပေါ့။
ဆိုတော့ အဲသလို၊ အာဏာရှင်အင်ပါယာကြီးအမြစ်စွဲခိုင်မြဲနေအောင် ပြည်သူ ပြည်သားတွေ ရဲ့အသက်သွေးချွေးတွေနဲ့ အုတ်မြစ်ခံထားပါတယ်။ ပညာရေးကို အဓိက ဖျက်ဆီးထားတယ်၊ ကျွန် ပညာရေးပဲ ပေးထားတယ်။ ဘာအတွေးအခေါ်၊ အမျှော်အမြင်မှ မရှိစေနဲ့။ အရင်က ဆယ်တန်း အောင်တာနဲ့ ကျောင်းပြီးတယ်။ ပြောပါများတော့၊ ဘွဲ့ရအလုပ်လက်မဲ့တွေဖြစ်အောင် လုပ် ပေး တယ်။ ပြောပါများတော့၊ ဘောမဝန်ထမ်းတွေ ခန့်ပေးတယ်နော်။ ခိုးလို့ကောင်းတဲ့ ရာထူး၊ ဌာနဆိုရင် နေရာကောင်းလို့ပြောကြတယ်။ ရှက်ရမှန်းလည်း မသိ၊ ကြောက်ရမှန်းလည်း မသိ။ ‘ဟ အစိုးရ ဝန်ထမ်းဆိုတာ တခုမဟုတ်တခု ခိုးနေတာပဲ’ တဲ့။ တခါက ကျောင်းအုပ်ဆရာကြီးက ကျောင်း နောက်ကျနေတာပေါ့။ နွားစာရိတ်နေရတာကြောင့်၊ ကျောင်းနောက်ကျလို့ ခပ်သုတ်သုတ် ရောက်ချ လာတယ်။ ပညာရေးမှူးကရှောင်တခင်ဝင်စစ်တော့ တည့်တည့်မိတာပါပဲ။ ‘ဆရာကြီးဒီလို အမြဲ နောက်ကျနေရင် မဖြစ်တော့ဘူး’လို့ ပညာရေးမှူးက ပြောတော့၊ ‘ဆရာကြီး ကျနော်မှာ ခိုးစားစရာ ဆိုလို့ အချိန်ပဲ ရှိပါတယ်’လို့ ပြန်ပြောလိုက်သတဲ့။ ရုံးဝန်ထမ်းတွေက အချိန် ခိုး၊ လက်ဖက်ရည်ဖိုး တောင်း၊ ဆောက်လုပ်ရေးတွေက သံ၊ သွပ်၊ ဘိလပ်မြေ ခိုး၊ ကျန်းမာရေးတွေက ဆေးခိုး၊ မြေ စာရင်းက ‘ပလပ်မြေ’ခိုး… သူခိုးလေးတွေ၊ သူခိုးကြီးတွေဖြစ်အောင် လုပ်ထားလိုက်တယ်။
ကြည့်လိုက်မယ်ဆိုရင်၊ အုပ်ချုပ်ရေးယန္တရားကြီးတခုလုံးက ဓားပြတွေ၊ အနုကြမ်းတွေ၊ သူ ခိုးတွေ၊ ခါးပိုက်နှိုက်တွေချည်းပါပဲ။ ကောင်းတဲ့သူ ရာခိုင်နှုန်းအတော်နည်းတယ်။ ဒါကြောင့် ကောင်း တဲ့သူတွေ၊ ကောင်းဖို့ ကြိုးစားတဲ့သူတွေက စီဒီအမ်လုပ်တဲ့အခါ၊ ‘ပိုနေမြဲ ကျားနေမြဲ’ နေရာ မြဲချင် တဲ့သူတွေကတော့ ကျန်ခဲ့တာပေါ့။ ကျန်ခဲ့သူတွေ ကြည့်လိုက်အုံး၊ ဘောစိကြီးတွေ များပါတယ်။ ငမွဲ လေးတွေခမျာ ဟိုကပ်ကပ် ဒီကပ်ကပ်နဲ့ စီဒီအမ်နေရပါတယ်။ ဒါတော့၊ မျိုးရိုးစဉ်ဆက် အနာဂတ် ကောင်းစားဖို့အတွက်ပဲပေါ့။ အရင်းအနှီးတွေ များတယ်၊ ဒါကြောင့် အမြတ်များများရဖို့ လို တယ်။
ကျနော်တို့ခေါင်းပေါ်မှာ အရိပ်တော့ ရှိတယ်၊ ခြကိုက်ပိုးထိုးနေတဲ့အရိပ်ဆိုးတော့ ခိုနားတဲ့သူ တွေခမျာ ပိုးမှုန်တွေနဲ့ဖွေးလို့၊ တကျိကျိနဲ့ နားတွေငြီးလို့၊ မလုံမခြုံဆိုတော့ နေထိုးမိုးစိုလို့။ ခဏ အပူခံပြီး အမိုးကိုဖျက်ချပစ်ရမှာပဲ။ ထန်းလက်မိုး၊ ဝါးကတ်မိုး တဖြည်းဖြည်းတိုးတက်လာမှာပေါ့လို့ မပြောနဲ့တော့၊ တခါတည်း နေပူခံစတီးပြားသာမိုးလိုက်တော့။ ဒီတခါပဲ အပူခံမယ်၊ ပူ ချင်သလောက် ပူပါစေ။
လင်းလက်နွေဦး
၁၄.၈.၂၀၂၁
နေ့လည် ၁၁ နာရီ ၄၁ မိနစ်။
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar