Breaking News

မိုးမခကဗျာ- နိုင်မြန်မာ- " မြန်မာ့သူပုန်မော်ကွန်းကြီး ''

မိုးမခကဗျာ
သြဂုတ် ၁၇၊ ၂၀၂၁
-

" မြန်မာ့သူပုန်မော်ကွန်းကြီး''
နိုင်မြန်မာ


( ၁ )

သခင်အမွှေး
သခင်သွေးနှင့်
သခင်အရိုး
သခင်မျိုးဟု
မြှောက်ထိုးပင့်ကော်
သူရို့ခေါ်တိုင်း
''ဘဝင်'' လှိုင်းထွေ
မရူးလေနှင့်……

( ၂ )

နင်ရို့တွေလောက်
လူ့အောက်ဘိတ်ဆုံး
ဘိတ်ဘိတ်တုံးက
စုံးစုံးမြုပ်မျှ
လူဖြစ်ရသည့်
နိမ့်ကျမွဲနုပ်
နင်ရို့ ''ရုပ်တွေ''
ပြန်ကြည့်ချေဦး
လူညွန့်တုံး…တို့
သူရို့မွေးသည့်
''ခွေး'' လောက်တောင်မှ
ပြောင်ယောင်မရှိ
''လူ'' ဖြစ်ဘိလည်း
မချိခန္ဓာ
''ကျွန်''သာသာ…တွေ

( ၃ )   
   
မချေမငံ
သူရို့ထံ၌
မျက်ရည်ခံထိုး
နေရရိုးလား
''မင်းဆိုးမင်းညစ်''
သူရို့ခေတ်၌
လူဖြစ်ရလေ
နင်ရို့တွေသည်
သေသော်မှတည့်
သြော် ကောင်း၏ဟု
သူရို့ ''ဥပဒေ''
တုံ့ပြန်ချေဖျက်
နင်ရို့ဘက်က
ညီညွတ်ကြလော့

( ၄ )

လက်နက်အားကိုး
ကိုယ့်လူမျိုးချင်း
နှိမ်ချိုးမင်းမူ
''ဘယ်လိုလူမျိုး''
ဘယ်တန်ခိုးမှ
မကျိုးမနွံ
ဘယ်သူ့ကျွန်မှ
မခံကြနှင့်

( ၅ )

''လူ'' ဆိုသည်မျိုး
သေကြရိုးမို့
''သက်ဆိုး'' ရှည်ရန်
ဘယ်သူ့ထံမှ
တောင်းပန်တိုးလျှိုး
မရိုကျိုးနှင့်

( ၆ )

ဆင်းရဲလည်း''လူ''
မွဲလည်း ''လူ''မို့
သူရို့စေတိုင်း
သူရို့ခိုင်းလည်း
ကျောမွဲနင်းပြား
ဆင်းရဲသားခြင်း
ညှင်းဆဲနှိပ်စက်
''ငွေ'' မမက်နှင့်
သူရို့ ''ပိုက်ဆံ''
လက်မခံနှင့်
သူရို့ ''ဘက်သား''
လုပ်မစားနှင့်

( ၇ )

''ငွေ'' နှင့် ''လက်နက်''
''အာဏာစက်'' ကို
ရိုက်ဖျက်ချိုးကာ
''လူ'' သာမူလ
''ပဓာန'' ဟု
ပုညဇာတိ
''ဂုဏ်'' ကိုသိလော့

( ၈ )

လူနှင့်လူချင်း
ဘယ်သူ ''မင်း'' လဲ
ဘယ်သူလဲ ''ကျွန်''
နင်ရို့လွန်ဆန်
''ပြည်'' ကိုလှန်မှောက်
မကြောက်မလန့်
မခန့်မငြား
သူရို့ ''ဓား'' ကို
ခြားနားပုန်ကန်
''ပြည်'' လုံးညံအောင်
အာခံသူများ
''လူ'' တရားဖြင့်
နင်ရို့ ''အခွင့်အရေး''
မရသေးသမျှ
တော်လှန်အုံကြွ
သူပုန်ထ…လော့

နိုင်မြန်မာ
-

t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar