မြန်မာပြည်မှာ စစ်တပ်အာဏာသိမ်းပြီး ၆လ ၁၅ ရက် မြောက်နေ့ မြင်ကွင်း
မြန်မာပြည်မှာ စစ်တပ်အာဏာသိမ်းပြီး ၆လ ၁၅ ရက် မြောက်နေ့ မြင်ကွင်း
(မိုးမခ) ဩဂုတ် ၁၅၊ ၂၀၂၁အစိုးရတရပ်ရဲ့ ကျဆုံးခန်း သို့မဟုတ် ကဘူးလ်မြို့ကျဆုံးခန်း
သြဂုတ်လ ၁၅ ရက်နေ့သတင်းမှာ နိုင်ငံတကာ သတင်းတပုဒ်ဖြစ်တဲ့ အာဖဂန်နစ်စတန်မှာ အမေရိကန် ထောက်ခံအားပေးတဲ့ အစိုးရရဲ့ နောက်ဆုံးနေ့ ဖြစ်မယ့် ဒီနေ့ အဖြစ်အပျက်တွေကိုလည်း ပြည်တွင်းက လူအများစိတ်ဝင်စားကြတာတွေ့ရပါတယ်။
အာဖဂန်မြို့တော် ကဘူးမြို့တော်ရဲ့ ဆင်ခြေဖုံးတွေဆီ တာလီဘန်တပ်ဖွဲ့တွေ ဒီနေ့မှာရောက်ရှိနေပြီး အမေရိကန်သံရုံးက သူ့ရဲ့ ဝန်ထမ်းတွေကို ရဟတ်ယာဥ်တွေနဲ့ အခေါက်ခေါက်အခါ သယ်ယူနေတဲ့ သတင်းဗွီဒီယိုပုံရိပ်တွေ၊ မြို့ရဲ့ ကောင်းကင်ယံကို တက်လာတဲ့ အမေရိကန်သံရုံးက လုံခြုံရေးဆိုင်ရာ မှတ်တမ်းတွေကို ဖျက်ဆီးမီးရှို့နေတဲ့ မီးခိုးတွေ၊ မြို့ဆင်ခြေဖုံးမှာ နောက်ဖွင့်ပစ်ကပ်ကားတွေနဲ့ တာလီဘန်လက်နက်ကိုင် တပ်တွေ ကားလမ်းတွေမှာ ရပ်နားပြီး လူအများက ဝိုင်းနေတဲ့ပုံရိပ်တွေက လွန်ခဲ့တဲ့ နှစ်ပေါင်း ၅၅နှစ်ကျော်က တောင်ဗီယက်နမ်နိုင်ငံ ဆိုင်ဂုံမြို့တော်ကနေ အမေရိကန် သံရုံးက ဝန်ထမ်းတွေ၊ အမေရိကန်ထောက်ခံအားပေးတဲ့ တောင်ဗီယက်နမ် အစိုးရထဲပါဝင်၊ ဆက်စပ်လုပ်ကိုင်ခဲ့သူတွေ ၊ အမေရိကန်တပ်ဖွဲ့တွေအတွက် အလုပ်လုပ်ကိုင်ခဲ့သူတွေ ကို ရဟတ်ယာဥ်နဲ့ ကယ်ထုတ်ခဲ့စဥ်က မြင်ကွင်းနဲ့ အလားသဏ္ဍာန်တူတယ်လို့ ဆိုနိုင်ပါတယ်။
သို့သော် အခု အာဖဂန်မြို့တော် ကဘူးလ်မြို့ကျတဲ့ မြင်ကွင်းမှာတော့ ဗီယက်နမ်မြို့တော် ဆိုင်ဂုံလို လက်နက်ကြီးတွေ ပစ်ခတ်နေတာ လမ်းတွေမှာ တိုက်ပွဲတွေ ဖြစ်နေတာတွေ၊ သေနတ်သံ လက်နက်ကြီးသံတွေ ဆူညံနေတာမျိုးမဟုတ်ပဲ ၊ အာဖဂန်အစိုးရကလည်း ပြင်းပြင်းထန်ထန် ခုခံမှု မတွေ့ရ ကြားဖြတ်အစိုးရ အတွက် တနည်း အာဏာလွှဲပြောင်းရေးအတွက် ကဘူးလ်မြို့သမ္မတနန်းတော်မှာ ဆွေးနွေးနေကြတယ်ဆိုတဲ့ သတင်းတွေနောက်ဆုံးသတင်းအဖြစ် သတင်းဌာနအသီးသီးက ဖေါ်ပြနေကြတာပါ။ အမြှောက်သံ ဗုံးသံ သေနတ်သံမဟုတ်ပဲ တာလီဘန် တပ်ဖွဲ့တွေရဲ့ အောင်ပွဲခံတဲ့ အသံ၊ ကဘူးလ်မြို့နေ လူထုတွေရဲ့ စိုးရိမ်ပူပန်မှု စတာတွေက သတင်းဌာနတွေရဲ့ ထုတ်လွှင့်မှုမှာတွေ့နေရတာပါ။
တာလီဘန်တွေက ၁၉၉၆ ခုနှစ်မှာ နိုင်ငံအာဏာကို ချုပ်ကိုင်နိုင်ခဲ့ဖူးပြီး ၁၉၉၆ ခုနှစ်ကနေ ၂၀၀၁ ခုနှစ်အတွင်း ဘာသာရေးကို အခြေခံပြီး အစွန်းရောက်အုပ်ချုပ်ခဲ့တာ ၊ အရပ်သားတွေကို အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုတွေကျူးလွန်ခဲ့တာတွေ ရှိခဲ့ပြီး ၊ နိုင်ငံတကာမှာ အကြမ်းဖက်မှုတွေ စီစဥ်လုပ်ဆောင်တဲ့ အယ်လ်ကေးဒါးလိုအဖွဲ့အစည်းကို ထောက်ခံ၊ အကာအကွယ်ပေးခဲ့၊ ပူးပေါင်းဆောင်ရွက်ခဲ့တဲ့ သမိုင်းအမည်းစက်တွေရှိခဲ့ပါတယ်။
၂၀၀၁ ခုနှစ် အမေရိကန် နယူးယောက်မြို့က World Trade Center အဆောက်အဦးကို လေယာဥ်နဲ့ ဝင်တိုက်ပြီး လုပ်ကြံတဲ့ အဖြစ်အပျက်ပြီး အဲဒီလုပ်ကြံမှုရဲ့ လက်သည်ဖြစ်တဲ့ အိုစမာဘင်လာဒင်ကို အမေရိကန်က လွှဲပြောင်းပေးဖို့တောင်းဆိုတာကို လျစ်လျူရှုခဲ့တဲ့နောက် လအနည်းငယ်အတွင်း အမေရိကန်က ဦးဆောင်ပြီး ဗြိတိန်လည်းပါဝင်ကာ အာဖဂန်ကို ဝင်တိုက်ခဲ့ပါတယ်။ တာလီဘန်တွေ အစိုးရအဖြစ်က ပြုတ်ကျပြီး အမေရိကန်က အာဖဂန် အစိုးရသစ်အဖြစ် သမ္မတဟာမစ်ကာဇိုင်းကိုတင်မြှောက်ပြီး အစိုးရဖွဲ့စေခဲ့ပါတယ်။
အာဖဂန်နစ်စတန်နိုင်ငံ သမိုင်းကိုကြည့်လိုက်ရင် လွန်ခဲ့တဲ့ နှစ် ၅၀ ကျော်အတွင်းမှာ ဆိုဗီယက်ရုရှား ရဲ့ သူ့ရဲ့ ဆိုဗီယက်ပြည်ထောင်စုထဲက အစ္စလာမစ်ပြည်နယ်တွေမှာ ဘာသာရေးနောက်ခံနဲ့ အမျိုးသားရေးလှုပ်ရှားမှု ခေါင်းမထောင်လာအောင် ဆိုတဲ့ ရည်ရွယ်ချက် နဲ့ အာဖဂန်ကို ကွန်မြူနစ်နိုင်ငံလည်းဖြစ် သြဇာခံတဲ့ အစိုးရအုပ်ချုပ်အောင် ကေဂျီဘီတွေက အဓိကပါဝင်စီမံတဲ့ တော်လှန်ရေး တင်ပို့မှု လုပ်ခဲ့ရာကနေ အာဖဂန်နိုင်ငံက လှိုင်းလေထန်တဲ့ ပြည်တွင်းစစ် ၊ အကြမ်းဖက်မှု ဝဲဂယက် ထဲ ကျရောက်ခဲ့ရတာ နှစ်ပေါင်း ၅၀ နှစ်ကျော်လာခဲ့ပြီဖြစ်ပါတယ်။ အဲဒီကာလတွေအတွင်းမှာ ကမ္ဘာ့အင်အားကြီးနိုင်ငံတွေရဲ့ အားပြိုင်တဲ့ စစ်မြေပြင် ဖြစ်ခဲ့ရသလို၊ အိမ်နီးချင်းနိုင်ငံတချို့ရဲ့ အကျိုးစီးပွားတွက် အားပေးအားမြှောက်လုပ်တာ စွက်ဖက်တာ ၊ ဒေသတွင်း နိုင်ငံတချို့ရဲ့ ငွေကြေး လက်နက်အကူအညီစတာတွေက ပြည်တွင်းစစ်၊ လက်နက်ကိုင် ပဋိပက္ခ၊ နိင်ငံရေးအယူဝါဒ အားပြိုင်ရာ အကျိုးစီးပွားချင်း တိုက်ခိုက်ကြရာ နိုင်ငံတနိုင်ငံဖြစ်ခဲ့တာပါ။
ဒီနိုင်ငံရဲ့ ခေတ်သစ်သမိုင်းမှာ ပထမအကြိမ် ပြည်ပကျူးကျော်မှု ဝင်ရောက်ခဲ့တဲ့ ၁၉၇၉ ခုနှစ်ကနေ ၁၉၈၉ ခုနှစ် အထိ ဆယ်စုနှစ်မှာ ဆိုဗီယက်ရုရှားက စစ်ပွဲအတွက် ငွေကြေး အားဖြင့် ၁၈ ရူဘဲဘီလျံ သုံးစွဲခဲ့ပြီး ဆိုဗီယက်ရုရှ စစ်သား ၅သောင်းကျော် သေဆုံးခဲ့ရတယ်လို့ ဆိုပါတယ်။ စစ်သား ၅သောင်းကျော် သေဆုံးတယ်ဆိုရင်ပဲ စစ်ပွဲအတွင်း အရပ်သားသေဆုံးမှုက ဒီထက် အဆပေါင်းများစွာ ရှိပြီး ခန့်မှန်းခြေအားဖြင့် ၅ သိန်းကနေ ၂ သန်းအထိ ရှိမယ်လို့ ဆိုပါတယ်။
ဒုတိယအကြိမ် ပြည်ပကျူးကျော်ဝင်ရောက်မှုဖြစ်တဲ့ အမေရိကန် နဲ့ မဟာမိတ်တွေရဲ့ နှစ် ၂၀ ကြာတဲ့ တာလီဘန်တွေကို ချေမှုန်းမှုနဲ့ တိုင်းပြည်တည်ဆောက်မှုလို့ဆိုတဲ့ ကာလအတွင်း သုံးစွဲမှုက ကန်ဒေါ်လာ ဘီလျံ ၁ ထောင်နီးပါး ရှိပါတယ်။ စစ်ပွဲအတွက် ကန်ဒေါ်လာ ဘီလျံ ၇၇၀ ကျော်သုံးခဲ့ပြီး နိုင်ငံတည်ဆောက်ရေးအတွက် ဘီလျံ ၁၇၀ ကျော်သုံးခဲ့တယ်လို့ ဆိုပါတယ်။
ဒီစစ်ပွဲကာလအတွင်းမှာ လက်နက်ကိုင် အဖွဲ့ဝင်တွေ သောင်းနဲ့ချီ သေဆုံးကြရပြီး အရပ်သားတွေ သိန်းနဲ့ချီ သေဆုံးကြရကာ စစ်ပွဲကြောင့် တိုက်ရိုက် သေဆုံးမှုတွေက နှစ် ၂၀ အတွင်း ၁သိန်း ၇သောင်းကျော် ရှိတယ်လို့ဆိုပါတယ်။ စစ်ပွဲနဲ့ဆက်နွယ်တဲ့ သေဆုံးမှုတွေထည့်မတွက်ရသေးတဲ့ ကိန်းဂဏန်းဖြစ်ပါတယ်။
အာဖဂန်နစ်စတန် နိုင်ငံဟာ ပြည်တွင်းစစ်ရဲ့ ပြယုဂ် တခု၊ လူမျိုးစုတွေ ကွဲပြားနေတဲ့အကြား ဖိနှိပ်မှု၊ ဘာသာရေးနဲ့ နိုင်ငံရေး ယှက်နွယ်နေတဲ့ နိုင်ငံတခုရဲ့ ပြယုဂ်၊ အင်အားကြီးနိုင်ငံတွေရဲ့ စွက်ဖက်မှု အိမ်နီးချင်းနိုင်ငံရဲ့ နိုင်ငံရေး ၊ ပြည်တွင်းအစိုးရအဆက်ဆက် အကျင့်ပျက်ခြစားမှုတွေ၊ ငွေကြေးအကျိုးအမြတ်တွက် အမြတ်ထုတ်မှုတွေ ရဲ့ ပြယုဂ် စတဲ့ သင်ခန်းစာတွေ အများကြီးယူလို့ ရတဲ့ နိုင်ငံတခု ခေတ်ပြိုင် သမိုင်းတခု ဖြစ်နေပါတယ်။
တိုင်းရင်းသားလူမျိုးစုများနဲ့ ဖက်ဒရယ်အရေး၊ လက်နက်ကိုင် ပဋိပက္ခပြဿနာ၊ စစ်အာဏာရှင်တွေရဲ့ အာဏာချုပ်ကိုင်ထားမှု စတဲ့ ပြဿနာတွေရင်ဆိုင်နေရတဲ့ မြန်မာနိုင်ငံလို နိုင်ငံအဖို့ အာဖဂန်နစ်စတန်နိင်ငံရဲ့ နိုင်ငံရေး ပဋိပက္ခ ဖြစ်စဥ်တွေကနေ သင်ခန်းစာယူစရာတွေ အများကြီးရှိမယ်လို့ထင်ပါတယ်။
အနောက်နိုင်ငံတွေရဲ့ ငွေကြေးအကူအညီ၊ စစ်ရေးအရ ပါဝင်ထောက်ခံမှု၊ ဘာသာရေးအခြေခံပြီး လူ့အခွင့်အရေး အထူးသဖြင့် အမျိုးသမီးအခွင့်အရေးတွေ ချုပ်ချယ်တဲ့ တာလီဘန် လက်နက်ကိုင်၊ နိုင်ငံတကာ အကြမ်းဖက်မှုတွေနဲ့ ဆက်နွယ်တဲ့ အယ်လ်ကေးဒါးလို အဖွဲ့ကိုကာကွယ်ပေးတဲ့ တာလီဘန်တွေကို အစိုးရအဖြစ်ကနေ ဖြုတ်ချပြီး အနှစ် ၂၀ လောက် အကူအညီအမျိုးမျိုးပေးခဲ့ပေမယ့် အမေရိကန် စစ်တပ်တွေရုပ်သိမ်းချိန်မှာ မြန်မြန်ဆန်ဆန် ရှုံးနိမ့်သွားတဲ့ အာဖဂန်အစိုးရတပ်ဖွဲ့ အခြေအနေ၊ အိမ်နီးချင်းနိုင်ငံဖြစ်တဲ့ ပါကစ္စတန်ရဲ့ တာလီဘန်အပေါ် ထောက်ခံမှု စတဲ့ အချက်အလက်အများအပြားက မြန်မာနိုင်ငံရဲ့ လက်နက်ကိုင် တိုက်ပွဲ ပြည်တွင်းစစ်၊ လက်နက်နဲ့ နိုင်ငံရေးအာဏာ သိမ်းပိုက်နိုင်ဖို့ ရည်မှန်းချက် စတဲ့အရေးကိစ္စတွေမှာ နှိုင်းယှဥ်စဥ်းစားစရာတွေလို့ ထင်ပါတယ်။
နိုင်ငံတကာက အရေးကို မြန်မာ့အရေးနဲ့ နှိုင်းယှဥ်မျှော်ကြည့်ပြီးနောက် ဒီနေ့ ဖြစ်ပွားခဲ့တဲ့ သတင်းတွေကတော့ ကြည့်မြင်တိုင်၊ စမ်းချောင်းဘက်မှာ ပေါက်ကွဲမှု ၅ နေရာလောက် ဖြစ်ပွားတဲ့ သတင်း၊ ထိခိုက်သေဆုံးမှုတော့ မကြားသိရပါဘူး။ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတွေရှေ့မှာ ပေါက်ကွဲမှုတွေ ဖြစ်ပွားခဲ့တာပါ။
မနေ့က မြို့ပတ်ရထားပေါ်က လုံခြုံရေးရဲတွေ ပစ်သတ်ခံရတဲ့ ကိစ္စနဲ့ပတ်သက်လို့ နောက်ဆက်တွဲ သတင်းတွေ စစ်ကောင်စီဘက်က သတင်းထုတ်ပြန်ချက်တွေ ဒီနေ့ထိ မတွေ့ရသေးပါဘူး။
ဒေသအလိုက်ဖွဲ့ထားတဲ့ ပီဒီအက်ဖ်တွေထဲက ချင်းပြည်နယ်တောင်ပိုင်း မင်းတပ်ပီဒီအက်ဖ်၊ ကယားပြည်နယ် ပီဒီအက်ဖ်တွေနဲ့ စစ်ကောင်စီရဲ့ တပ်တွေ မနေ့က တိုက်ပွဲတွေ ဖြစ်ပွားခဲ့တဲ့ သတင်းလည်း သတင်းတွေထဲ ဖေါ်ပြထားပါတယ်။ မင်းတပ်မြို့မှာတော့ အိမ် ၂ လုံးကို စစ်ကောင်စီတပ်ဘက်က မီးရှို့လိုက်တယ်ဆိုတဲ့ သတင်းလည်းတွေ့ရပါတယ်။
ကယားပြည်နယ်မှာလည်း ကေပီဒီအက်ဖ်တွေနဲ့ စစ်ကောင်စီတပ်တွေ တိုက်ပွဲဖြစ်ပွားနေပြီး ရွာ ၄ ရွာကျော် လတ်တလော တိမ်းရှောင်နေကြရပြီး လူဦးရေအားဖြင့် ၁ သောင်းကျော်ရှိတယ်လို့လည်း ဖေါ်ပြထားပါတယ်။
ဒီနေ့အတွက် နောက်သတင်းတပုဒ်ကတော့ သြဂုတ်လ ၁၅ ရက်နေ့က စတဲ့ အန်ယူဂျီအစိုးရရဲ့ နွေဦးထီ အစီအစဥ်ဖြစ်ပါတယ်။ အွန်လိုင်းကနေရောင်းချပြီး တနေ့စာရောင်းမယ့်အရေအတွက်က စိတ်ဝင်စားသူ အားပေးသူများလို့ အစောကြီး ရောင်းကုန်သွားတယ်လို့ဆိုပါတယ်။ ဆုငွေက ရောင်းရငွေရဲ့ ၃၀ ရာနှုန်းပေးမှာဖြစ်ပြီး ကျန်တဲ့ ၇၀ ရာနှုန်းကို စီဒီအမ်တွေအတွက် အများစု သုံးမယ်လို့ဆိုပါတယ်။
နေ့စဥ် ထီဖွင့်တာဟာ ထိုင်းနိုင်ငံက စတော့စျေးကွက်ကို အမှီပြုပြီး ပြည်တွင်းမှာ ရောင်းချခဲ့ကြတဲ့ ၂ လုံး ၃ လုံးဂဏန်းထီနဲ့ နှိုင်းယှဥ် စရာဖြစ်စေပါတယ်။ နေ့စဥ်ရောင်းချတာဖြစ်လို့ အပျော်တမ်းသဘောထက် အလောင်းအစားပိုဆန်လာမယ့် အရေးလည်း စဥ်းစားသင့်တယ်လို့ ထင်မြင်မိပါတယ်။
ကိုဗစ်ကာကွယ်ဆေး စျေးကွက်ကတော့ အခုနောက်ပိုင်းမှာ လူပြောများလာပါတယ်။ စစ်ကောင်စီက ထိုးပေးနေတဲ့ ကိုဗစ်ကာကွယ်ဆေးက အသက် ၆၅နှစ်အထက် ဆိုတော့ သက်ကြီးရွယ်အိုများတဲ့ ရပ်ကွက်တွေမှာ ဆေးတွေ မလောက်မငှဖြစ်ကြပြီး လူငယ်လူရွယ်များတဲ့ ရပ်ကွက်တွေကတော့ ဆေးတွေ ပိုနေတယ်လို့ ပြောပါတယ်။ ဆရာဝန်အချို့ကတော့ ကိုဗစ်ကာကွယ်ဆေးထက် တကိုယ်ရေကျန်းမာရေးစောင့်ရှောက်မှုနဲ့ မိသားစုကနေ ပတ်ဝန်းကျင်အလိုက် ခံနိုင်ရည်အားမြှင့်တင်ဖို့ ကျန်းမာရေးဆိုင်ရာစည်းမျဉ်းများ လိုက်နာကြဖို့ မပေါ့ဆဖို့ကို အားပိုပေးကြောင်း မှတ်ချက်ပေးပါတယ်။ စစ်ကောင်စီ၏ ဆေးအတွက် လုံခြုံစိတ်ချရမှု ဆေးအာနိသင်အာမခံမှုကို အချို့ဆရာဝန်တွေက မယုံကြည်ကြဘူးလို့ ဆိုပါတယ်။ အခြားပြင်ပကာကွယ်ဆေးတွေကို မှာယူထိုးကြဖို့ မိမိအစီအစဉ်တွေ လုပ်နေကြသူများ ရှိပြီး ကာကွယ်ဆေးစျေးက ၁ သိန်းကနေ သိန်း ၁၀ ဂဏန်းအထိ ရှိတယ် ပြောပါတယ်။ စစ်ကောင်စီအပေါ် မယုံကြည်မှု မထောက်ခံမှုကြောင့် ကိုဗစ်ကာကွယ်ဆေးစီမံကိန်းဟာ တိုင်းရင်းသာနယ်မြေတွေ အစိုးရမဟုတ်တဲ့ အဖွ့အစည်းတွေ၏ လွတ်လပ်လုံခြုံစိတ်ချစွာ လူထုကျန်းမာရေးစောင့်ရှောက်မှု ဆောင်ရွက်ခွင့်ကနေ ထိုးပေးနိုင်ရင် ပိုပြီး အောင်မြင် ထိရောက်မှာ ဖြစ်ပါတယ်။
Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar