မိုးမခကဗျာ - မောင်သစ်ကြည်၊ ညိမ်းအေးသာ
၁၇ ဩဂုတ် ၂၀၂၁
*စစ်မက်ထူပြောတဲ့အင်္ဂါနေ့တွေ *
မောင်သစ်ကြည်
အမှောင်ဆုံးညထဲကအတောက်ပဆုံးကြယ်တွေကို
ငါတို့လက်ဖဝါးထဲ ထည့်ထားမယ်
စစ်မက်ထူပြောတဲ့အင်္ဂါနေ့တွေက
စိတ်ပျက်အောင် ခမ်းနားလွန်းလို့
ကြက်မတစ်ဝပ်စာ ဘောင်းဘီဝတ်မိုးတိမ်တွေကို
သံတူးရွင်းနဲ့ကလော်ထုတ်နေရ
ဒေဝဒတ်မျက်လုံးနဲ့ကြည့်ရင်တော့
ရုရှားနဲ့တရုတ်ဟာ မာရ်နတ်နှစ်ကိုယ်ခွဲ ပဲ
ရန်ကုန်-အင်းစိန် မြို့ပတ်ရထားပေါ်မှာ
လုံခြုံရေးရဲတွေကိုပစ်သတ်တာဘယ်သူတွေလဲ
စီစီတီဗီကင်မရာကဘောလ်တဲယားရဲ့ခေါင်းကို
နံပါတ်တုတ်နဲ့ရိုက်ခွဲသလိုပဲ
အတက်အဆင်းလုပ်နေတဲ့ဓာတ်လှေကားတွေ
ပြန်ဆင်းဖို့ကျတော့အယ်ဇိုင်းမားရောဂါရနေသလား
အာဖဂန်နစ္စတန်ကသမ္မတအာရှပ်ဂနီကတော့လစ်ပြေးပြီ
တာလီဘန်တွေကိုသယ်ဆောင်လာတဲ့
မောင်းပြန်သေနတ်တွေဟာသမ္မတအိမ်တော်မှာကျောက်ချရပ်နား
ငါတို့စိတ်ဓာတ်ကိုမြှင့်တင်ပေးသောအဖြစ်အပျက်များ
ကျည်ကာအင်္ကျီဝတ်ထားတဲ့ဗီလိန်တွေမသေသေးဘူးလား....။ ။။ ။
၁၇ ဩဂုတ် ၂၀၂၁
...
*တော်လှန်သော စပယ် *
ညိမ်းအေးသာ
ထိုနေ့က စပယ်တွေ
လမ်းပေါ်မှာ ပွင့်ကြတယ်
ဂန္တဝင်မြောက် ရဲရဲတောက်
တော်လှန်ဟစ်ကြွေးသီကြတယ်
ယုံကြည်ရာအမှန်တရားအတွက်
ပွင့်ဝေတဲ့စပယ်တွေ
သွေးစွန်းသောအမှောင်ထုအောက်
ခဏတာ ကြွေပျောက်လည်း
ရောင်နီလာ တမိုးအသောက်မှာ
တောက်ပတဲ့ စပယ်တွေ
သင်းပျံ့ဝေ လှနေဆဲ
အမှန်တရားအတွက် တေးသံလည်း
ကမ္ဘာဆုံးတိုင် ချိုမြဆဲ..။ ။
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar