Breaking News

လင်းခါး - စက္ကူဖြူဟောစာတမ်း

Art- Than Htay Maung
မိုးမခကဗျာ
(မိုးမခ)သြဂုတ် ၁၈၊ ၂၀၂၁

စက္ကူဖြူဟောစာတမ်း
လင်းခါး

အိပ်မက်တခုတည်း ခြောက်လ မက်မယ်
ဝေါ်ကိတတိုင်တည်းနဲ့ နှစ်ရက်ကောင်းမယ်
အမွှေးတိုင်တွေကြောင့် အတွေးတွေ နံမယ် ညစ်နွမ်းမယ်
ဗေဒင်ဆရာဟာ စိတ်အားတက်ကြွဖွယ် ဟောစာတမ်းစာရွက်ကို သုံးခေါက်ချိုး
ထောင်တံတိုင်းပမာ စားပွဲပေါ်တင်လိုက်တယ်
တောင်ထိပ်ကို တိမ်မြူဖုံးမယ်
တော်လှန်ရေးမှာ အဖေများမယ်
သမီးရည်းစားတွေ ကြည်နူးစွာ
တဦးဆံပင်တဦး ကြည်ကြည်ဖြူဖြူဆွဲကုပ်မယ်
တိရစ္ဆာန်လိုအော်ဟစ်မယ်
ရှုခင်းက လှတယ်
ရှုခင်းထဲက အရာတွေကတော့မလှဘူး
ဒီနေ့ဟောရတာ ဓာတ်မပီဘူးငါ့ညီရာ
မနက်ကလဲတယောက်
သေကြောင်းမကြံခင် ဗေဒင်ဝင်မေးသွားတယ်
"နက်နက်ရှိုင်းရှိုင်းကွယ်လွန်ဖို့ အစီအမံတွေ ကိန်းတွေရှိလား" တဲ့
ဗေဒင်ဆရာက ပြောတယ်
ပြီးတော့ ကျည်ဆံက သူ့လည်ပင်းထဲဖောက်ဝင်သွားတယ်
သူ့လည်ချောင်းသွေးစီးကြောင်းထဲ
လွမ်းစရာစက္ကူလှေကလေးတွေ လှော်ခတ်သွား
တချိန်က ထောင်တံတိုင်းဖြစ်ခဲ့တဲ့စက္ကူလေးတွေပေါ့။

၁၆ ဩဂတ်၂၀၂၁
-

t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar