မိုးမခ- မိုးမင်းသိမ်းဘာသာပြန် - ယစုနရိ ကာဝဘတ၏ ဝတ္ထုတိုများ (၁)
ယစုနရိ ကာဝဘတရဲ့ လက်တစ်ဝါးစာ ဝတ္ထုတိုများ (၁)
နေသာတဲ့ တစ်နေရာ
မိုးမင်းသိမ်း
မိုးမခ၁၇၊ ဩဂုတ် ၂၀၂၁
ကျွန်တော် အသက်နှစ်ဆယ့်လေးနှစ်ပြည့်တဲ့ ဆောင်းဦးပေါက်တုန်းကပေါ့။ ပင်လယ်ကမ်းစပ်နားက ပျော်ပွဲစားရုံတစ်ခုမှာ ကောင်မလေးတစ်ယောက်နဲ့ ဆုံခဲ့ရတယ်။
ကောင်မလေးက ရုတ်တရက် ခေါင်းမော့လိုက်ပြီး ကီမိုနိုအင်္ကျီလက်နဲ့ မျက်နှာကို ကွယ်ထားလိုက်တယ်။ သူ့ကိုယ်နေဟန်ထားကို သတိထားလိုက်မိတာနဲ့ ကျွန်တော့်ရဲ့ ပင်ကိုစရိုက်ဆိုးကို ပြမိပြန်ပြီရယ်လို့ ယူဆမိတယ်။ ရှက်ကိုးရှက်ကန်းဖြစ်ပြီး ကျွဲမြီးတိုသွားမိတယ်။
" ခင်ဗျားကို စိုက်ကြည့်လိုက်မိတယ်မဟုတ်လား"
" ဟုတ်တယ် ..... ဒါပေတဲ့ စိုက်ကြည့်တာရယ်လို့လည်း မဟုတ်ပါဘူးလေ "။ သူ့အသံက နူးနူးညံ့ညံ့ သိမ်သိမ် မွေ့မွေ့၊ သူ့စကားလုံးတွေက မြူးမြူးရွှင်ရွှင်ပဲ။ ကျွန်တော်လည်း စိတ်သက်သာရာရသွားတော့တယ်။
" စိတ်အနှောင့်အယှက်တော့ ဖြစ်သွားမှာပေါ့။
ဟုတ်တယ်မဟုတ်လား "
" မဖြစ်ပါဘူးရှင်၊ ရပါတယ်၊ ဒါပေတဲ့ .....
အဟုတ်ပါရှင်၊ ဘာမှမဖြစ်ပါဘူး"
ကောင်မလေးက အင်္ကျီလက်ကို အောက်ဆွဲချလိုက်တယ်။ သူ့ကိုယ်သူ မြင်သာထင်သာဖြစ်အောင် အားထုတ်နေမှန်း ကောင်မလေးရဲ့ အပြုအမူက ပြနေတယ်။ တစ်ဖက်ကိုလှည့်ရင်း ကျွန်တော်လည်း ပင်လယ်ကြီးကိုပဲ ကြည့်နေမိတယ်။
ဘေးနားထိုင်နေတဲ့လူကို စိုက်ကြည့်မိတတ်တဲ့အကျင့်ကြီး ကျွန်တော့်မှာစွဲနေတာ ကြာပြီ။ ကိုယ့်ဘာသာကိုယ် ဒီအကျင့်ကြီး ဖျောက်ပစ်မှပဲလို့ တစ်ခါတလေတွေးမိတယ်။ ဒါပေတဲ့ ကျွန်တော့်အနီးဝန်းကျင်ကမျက်နှာတွေကို မကြည့်လိုက်မိရင် စိတ်မချမ်းမသာဖြစ်မိတယ်။ ဒါကိုသဘောပေါက်လို့ စိုက်ကြည့်မိပြန်တော့လည်း ကိုယ့်ကိုယ်ကိုယ် လွန်လွန်ကြူးကြူးမုန်းတီးမိတာပဲ။ ကျွန်တော့်ဘဝတစ်လျှောက်မှာ တခြားသူတွေရဲ့မျက်နှာကို တစ်ချိန်လုံး အရိပ်တကြည့်ကြည့်နေခဲ့ရလို့လည်း ဒီအကျင့်ကြီးစွဲလာတာ ဖြစ်ကောင်းဖြစ်မယ်။ မိဘနှစ်ပါးဆုံးပါးသွားလို့ ကလေးတစ်ယောက်တည်း အိမ်မှာကျန်ရစ်တော့ကာ တခြားသူတွေနဲ့ သွားနေခဲ့ရတာကိုး။ ဒါကြောင့်မို့လည်း ဒီအကျင့်ကြီးစွဲလာတာလို့ ယူဆမိတယ်။
ဒီအကျင့်ကြီး ကြီးထွားရင့်သန်လာတာဟာ တခြားသူတွေဆီကရလာလို့လား၊ အရင့်အရင်ကတည်းက ကျွန်တော့်ဆီမှာရှိနေတာလား ဆိုတာကို ကိုယ့်အိမ်ကိုယ့်ရာနဲ့ နေရတဲ့အချိန်ကျတော့ တိတိကျကျဖော်ထုတ်လိုက်မဟဲ့ဆိုပြီး အားထုတ်ခဲ့ဖူးသေးတယ်။ ဒါပေတဲ့ ရှင်းရှင်းလင်းလင်းရှိတဲ့ အချက်ရယ်လို့ ဘာမှ အမှတ်မရတော့ဘူး။
ဘာပဲဖြစ်ဖြစ် ကောင်မလေးဆီကနေ မျက်နှာလွှဲထားလိုက်ချိန်မှာ ဆောင်းဦးပေါက်နေရောင်တွေ ယှက်ဖြာနေတဲ့ ကမ်းခြေပေါ်က နေသာတဲ့တစ်နေရာကို သတိထားမိတယ်။ အဲဒီ နေသာတဲ့နေရာဟာ ကာလကြာရှည် မေ့ပျောက်နေတဲ့ အမှတ်ရစရာတစ်ခုကို သတိတရဖြစ်စေတယ်။
မိဘတွေဆုံးပါးသွားပြီးတဲ့နောက် တောပိုင်းကအိမ်တအိမ်မှာ ကျွန်တော့်အဘိုးနဲ့အတူ ဆယ်နှစ်လုံးလုံး တယောက်တည်းနေခဲ့ရတယ်။ ကျွန်တော့်အဘိုးက မျက်စိမမြင်ဘူး။ နှစ်ပေါင်းများစွာ ဒီအခန်းထဲမှာပဲ၊ ဒီတစ်နေရာတည်းမှာပဲ သံဒယ်ပိုင်း မီးသွေးမီးဖိုရှည်ကြီးရှေ့ထားပြီး အရှေ့ဘက်ကိုမျက်နှာလှည့် ထိုင်နေလေ့ရှိတယ်။ ရံဖန်ရံခါတော့ သူ့ခေါင်းကို တောင်ဘက်လှည့်ထားလေ့ရှိတယ်။ ဒါပေတဲ့ မြောက်ဘက်ကို ဘယ်တော့မှ လှည့်လေ့မရှိဘူး။ ဦးတည်ရာတစ်ခုတည်းကိုသာ မျက်နှာလှည့်ထားလေ့ရှိတဲ့ အဘိုးရဲ့ စရိုက်ကို ကျွန်တော် သတိထားမိလာတယ်။ ဆိုးဆိုးရွားရွား စိတ်ကသိကအောက်ဖြစ်လာတယ်။ တစ်ခါတလေကျတော့လည်း သူ့မျက်နှာကို ငေးကြည့်ရင်း အဘိုးရှေ့မှာ ကျွန်တော်အကြာကြီးထိုင်နေမိတယ်။ မြောက်ဘက်ကိုတော့ဖြင့် တစ်ကြိမ်တစ်ခါ လှည့်လေမလားရယ်လို့လည်း သိချင်စိတ်ပြင်းပြနေမိတယ်။ ဒါပေတဲ့ ကျွန်တော့်အဘိုးဟာ သံပတ်ပေးထားတဲ့အရုပ်လိုပဲ ငါးမိနစ်ပြည့်တိုင်း ဦးတည်ရာတစ်ခုတည်းကို ခေါင်းလှည့်သွားလေ့ရှိတယ်။ တောင်ဘက်အရပ်ကို ဦးတည်ပြီး ကြည့်နေတော့တာပဲ။ အဲသလိုလုပ်နေတာက ကျွန်တော့်ကို ဝမ်းနည်းကြေကွဲစေတယ်။ ဉာဏ်မမီလောက်အောင် ခက်ခဲနက်နဲပြီး စိတ်အိုက်စေတယ်။ ဒါပေတဲ့ အဘိုးလှည့်လိုက်တဲ့ တောင်ဘက်အရပ်ဟာ နေသာတဲ့ တစ်နေရာပဲ။ တောင်ဘက်အရပ်ဟာ မျက်မမြင်တစ်ယောက်အတွက်တောင်မှ လင်းလင်းကျင်းကျင်းရှိလွန်းတယ်လို့ ခံစားရပါကလားဆိုပြီး အံ့ဩမိတယ်။
ခုတော့ ကမ်းခြေကိုကြည့်နေရင်း မေ့လျော့နေခဲ့တဲ့ နေသာတဲ့တခြားနေရာတစ်ခုကို ပြန်ပြောင်းသတိရနေမိတယ်။
အဲဒီတုန်းက မြောက်ဘက်ကိုလှည့်စေချင်လို့မို့ အဘိုးရဲ့မျက်နှာကို ကျွန်တော် ငေးကြည့်နေခဲ့မိတယ်။ အဘိုးမျက်စိကွယ်သွားကတည်းက ရံဖန်ရံခါဆိုသလို အဘိုးရဲ့မျက်နှာကို မမှိတ်မသုန်ငေးကြည့်နေမိတာပဲ။ ဒီလိုနဲ့ တခြားလူတွေရဲ့မျက်နှာကို စောင့်ကြည့်နေမိတတ်တဲ့ အလေ့အထုံဟာ ရင့်သန်လာမှန်း အခုမှ ကျွန်တော်သဘောပေါက်တော့တယ်။ ဒါကြောင့်မို့ ကျွန်တော့်အကျင့်ဟာ ကိုယ့်အိမ်မှာကိုယ်နေရင်းနဲ့ စွဲနေတာပါကလား။ အခြေခံအကြောင်းတရားက ရုတ်တရက်ပေါ်လာတာ မဟုတ်ဘူးပေါ့။ ဒီအကျင့်ကြီးရှိနေတဲ့အတွက် ဝမ်းနည်းပူဆွေးနေရတာတွေလည်း ရတက်အေးသွားပြီလို့ ခံစားလိုက်ရတယ်။ ပျော်လွန်းလို့ ထခုန်လိုက်ချင်စမ်းရဲ့လို့တောင် တွေးနေမိတယ်။ ဒီထက်ပိုတာကတော့ ကောင်မလေးအတွက် ကိုယ့်ကိုယ်ကိုယ် သန့်စင်သွားစေချင်တဲ့စိတ်ဆန္ဒတွေက ကျွန်တော့်နှလုံးသားကို ပြည့်အောင်ဖြည့်ပေးလိုက်ကြလို့ပါပဲ။
ကောင်မလေးက စကားထပ်ပြောပြန်တယ်။
" ဒီလိုစိုက်ကြည့်တာမျိုးက ရိုးနေပါပြီရှင်။ ဒါပေတဲ့ နည်းနည်းတော့ ရှက်နေတုန်းပဲ "
သူ့စကားလုံးတွေက အရိပ်အမြွက်ပြနေတယ်။ သူ့မျက်နှာလေးကို ပြန်ငေးကြည့်လို့ရပြီပေါ့လေ။
အစောပိုင်းတုန်းက မတော်မတည့်အပြုအမူတွေ ပြခဲ့တဲ့လူလို့များ ကောင်မလေး တွေးနေသလားပဲ။
ကျွန်တော် ကောင်မလေးကို ကြည့်လိုက်တယ်။ ကျွန်တော့်မျက်နှာလည်း ပိုပြီးကြည်လင်ရွှင်ပျနေတယ်။ ကောင်မလေးက မျက်နှာနီမြန်း ရှက်သွေးဖြန်းသွားတယ်။ ခိုးကြောင်ခိုးဝှက်နဲ့ ဖျတ်ခနဲတစ်ချက်လှမ်းကြည့်တယ်။ " ကျွန်မမျက်နှာဟာ နေ့နေ့ညညကြည့်ရင်းနဲ့ ထူးခြားမှုတွေ လျော့လျော့လာမှာပါရှင်။ဒါကြောင့်မို့ တွေးပူမနေတော့ပါဘူးလေ"။ ကောင်မလေးက ကလေးတစ်ယောက်လို ပြောဆိုနေတယ်။
ကျွန်တော် ပြုံးမိတယ်။ ကျွန်တော်တို့ရဲ့ ပတ်သက်ဆက်နွှယ်မှုမှာ ရင်းနှီးမှုတမျိုး ရုတ်တရက်ပွားများလာတယ် လို့လည်း ခံစားမိတယ်။ ကောင်မလေးနဲ့ကျွန်တော့်အဘိုးရဲ့ အမှတ်တရတွေကို သယ်ဆောင်ရင်း ကမ်းခြေပေါ်က နေသာတဲ့နေရာကို ထွက်သွားချင်မိတယ်။
( ၁၉၂၃ )
ဂျပန်ဘာသာကနေ လိန်းဒန်းလော့ပ်နဲ့ ဂျေမာတင်ဟိုးလ်မန်းတို့ ဘာသာပြန်ဆိုပြီး North Point Press ကနေ ၁၉၉၇ ခုနှစ်က တတိယအကြိမ်ထုတ်ဝေထားတဲ့ " Palm-of-the-Hand Stories by Yasunari Kawabata " ထဲက " A Sunny Place " ကို ဘာသာပြန်ပါတယ်။
မိုးမင်းသိမ်း
၉ ဩဂုတ် ၂၀၂၁
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar